စစ်ကောင်စီကခန့်အပ်ထားသည့် မန္တလေးတိုင်းဝန်ကြီးချုပ် ဦးမောင်ကို ပိုင်ဆိုင်သည်ဟုဆိုသော ရွှေသန့်စင်သည့်ကုမ္ပဏီမှ ရွှေသယ်ယာဉ်များကို ကောလင်း (ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့) PDF အဖွဲ့များက ယနေ့တွင် ခြုံခိုတိုက်ခိုက်ခဲ့သည် အဆိုပါ PDF အဖွဲ့ဝင်တစ်ဦးက ပြောသည်။
ကောလင်းမြို့အထွက် မြစ်ကြီးနား၊ မန္တလေးကားလမ်း၊ မဲကြီးမဲလေးအတက်၊ မိုင်တိုင်အမှတ် AH47 အနီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လုံခြုံရေးယူပေးထားသည့် ယာဉ် ၁၁ စီးကို RPG ဒုံးပစ်လောင်ချာများဖြင့် လေးချက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု PDF တပ်ဖွဲ့ဝင်တစ်ဦးက အတည်ပြုပြောကြားသည်။
“သူတို့က မန္တလေးဘက်အဆင်း အဲ့ဒီကွေ့ တစ်တောင်ဆစ်ကွေ့ထိရင် ချောက်ထဲအကျပဲ အခုမထိဘူးလို့ သက်သာသွားတာ“ ဟု PDF အဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။
ဇွန်လ ၂၉ ရက်နေ့ (ယနေ့) မွန်းလွဲ ၂ နာရီ အချိန်ခန့်က ခြုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများကလည်း ပြောသည်။
စစ်ကောင်စီခန့် ဝန်ကြီးချုပ် ဦးမောင်ဦးပိုင်ဆိုင်သည့် ထာဝရရွှေသန့်စင်လုပ်ငန်းသည် ဘန့်ဘွေးကုန်းဘက်မှ သန့်စင်ထားသည့် ရွှေ ၃၇ ပိသာခန့်ကို သယ်ဆောင်လာသည့်သတင်းကြောင့် ကြားဖြတ်တိုက်ခိုက်ခြင်းဖြစ်ကြောင်း PDF တပ်ဖွဲ့ဝင်တစ်ဦးက အတည်ပြုပြောကြားသည်။
”စစ်ကောင်စီရဲ့ ယန္တယားတွေကို အထောက်အပံ့ပေးမယ့်ဟာတွေမို့ တိုက်တာ။ သူက အခွင့်ထူးခံလဲဖြစ်တယ်“ ဟု ၎င်းကပြောသည်။
သယ်ဆောင်လာသည့် ရွှေများ ထိခိုက်ခြင်း ရှိ/မရှိ သတင်းမရသေးပါ။
ဦးမောင်ကိုသည် ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ လွှတ်တော်အမတ်တစ်ဦးဖြစ်ပြီး ရွှေဥသြရွှေဆိုင်ကို ပိုင်ဆိုင်သကဲ့လို့ သပိတ်ကျင်းဘက်တွင်လဲ ရွှေတွင်းများပိုင်ဆိုင်သူဖြစ်ကြောင်း ရွှေလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
မွန်းလွဲပိုင်းတိုက်ပွဲ၏ နောက်ဆက်တွဲအဖြစ် ကောလင်းမြို့ ကားကြီးဝင်းအတွင်း လုံခြုံရေးများ တင်းကြပ်စွာချထားပြီး ခရီးသွားပြည်သူများကို စစ်ဆေးမှုပြုလုပ်နေသကဲ့သို့ ကိုးတောင်ဘို့အထွက်နှစ်ခုတွင် လုံခြုံရေးအင်အား ထပ်မံဖြည့်ထားသည်ဟု ဒေသခံများက ပြောသည်။
မြန်မာနိုင်ငံ၏ အကြီးဆုံး ရွှေချက်စက်ရုံဖြစ်သော ကျောက်ပုထိုးရွှေစက်ရုံသည် ကောလင်းမြို့၏အရှေ့ဘက် ကျောက်တန်း/ခံသာကျေးရွာအလွန် ဘန့်ဘွေးကုန်းအရပ်တွင် တည်ရှိသည်။
၂၀၁၉ ခုနှစ်က ကောလင်းမြို့နယ်၊ ပင်လယ်ဘူးမြို့နယ်နှင့် ဝန်းသိုမြို့နယ် သုံးခုကိုစုစည်းကာ ကောလင်းခရိုင်အဖြစ် ပြန်လည်ဖွဲ့စည်းခဲ့သည်။
ကောလင်းမြို့သည့် ရွှေဘို-မြစ်ကြီးနား ကားလမ်းမကြီး၏ ၁၄ မိုင်အကွာ၊ ထီးချိုင့်မြို့အနောက်ဘက် မိုင် ၄၀ အကွာ၊ မန္တလေး-မြစ်ကြီးနား ရထားလမ်းပေါ်တွင် တည်ရှိသည်။
Published
Wednesday, June 30, 2021
စစ်ကောင်စီဝန်ကြီးချုပ်ပိုင် ရွှေသယ်ကားများကို PDF အဖွဲ့ တိုက်ခိုက်







