စစ်ကောင်စီကို နိုင်ငံတကာဥပဒေများဖြင့် တရားစွဲရန် NUG ပြင်ဆင်နေ

စစ်ကောင်စီကို နိုင်ငံတကာဥပဒေများဖြင့် တရားစွဲရန် NUG ပြင်ဆင်နေ

လူသားဖြစ်တည်မှုကို ဆန့်ကျင်သည့် ရာဇဝတ်မှုများ၊ စစ်ရာဇဝတ်မှုများနှင့် လူမျိုးတုန်းသတ်ဖြတ်မှုများ စသည့် နိုင်ငံတကာဥပဒေများကို ချိုးဖောက်သည့်အမှုများဖြင့် အာဏာသိမ်းစစ်ကောင်စီအား တရားစွဲဆိုနိုင်ရေး အမျိုးသားညီညွတ်ရေးအစိုးရ NUG က အချက်အလက်များစု ဆောင်းပြင်ဆင်နေသည်ဟု ပြောသည်။

NUG အစိုးရကပြုလုပ်သည့် ဒုတိယအကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် NUG ၏ တရားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦး က ပြောသည်။

"အဓိက, က သူတို့ပြေးလို့မလွှတ်တာက Crimes Against Humanity ပါ လူသားဖြစ်မှုကို ဆန့်ကျင်တဲ့ပြစ်မှုကို ကျူးလွန်တာဖြစ်တယ်။ ဒါကို အဓိကထားပြီးတော့ တင်ပြသွားမှာဖြစ်တယ်။ တပြိုင်နက်တည်းမှာပဲ သူတို့သည် War Crime လို့ခေါ်တဲ့ စစ်ရာဇဝတ်မှုကို ကျူးလွန်နေတာလည်းဖြစ်တယ်။ ဒါကြောင့်မို့လို့ War Crimes က ကျနော်တို့ ဒုတိယဦးစားပေးနဲ့ ကျနော်တို့ စွဲတင်မယ့်ကိစ္စဖြစ်ပါတယ်” ဟု ပြောသည်။

စစ်ကောင်စီတပ်ဖွဲများသည် လူမျိုးတုန်းသတ်ဖြတ်မှုကိုလည်း ကျူးလွန်နေကြောင်း ဆက်ပြောသည်။

“နောက်တစ်ခုကတော့ Genocides ပါ၊ Genocides ဟာ ကျနော်တို့ Professional အရ သက်သေပြဖို့ကိုတော့ နည်းနည်းလေးခက်ပါတယ်။ တစ်ခုကတော့ Genocides ဖြစ်ဖို့အတွက်ဆိုရင် Systematically (စနစ်တကျ) လုပ်တာဖြစ်ရမယ်။ နောက်တစ်ခုက တစ်နိုင်ငံလုံး မှာ အဲ့ပုံစံနဲ့ လုပ်နေတာဖြစ်ရမယ်။ ဒီနှစ်ခုကို သက်သေပြဖို့ လိုပါတယ်”

လက်ရှိ ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် ဖြစ်ပွားနေသည့် စစ်ကောင်စီတပ်များ၏ လူ့အခွင့်အရေးချိုးဖောက်နေမှုများသည် လူမျိုးတုန်းသတ်ဖြတ်မှုများကို ကျူးလွန်နေခြင်းဖြစ်သည်ဟု ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦးက ဆက်ပြောသည်။

"ဒါကြောင့်မို့လို့ ဒီမှာ ကျနော်တို့ ချင်းပြည်နယ်မှာဖြစ်တဲ့ကိစ္စနဲ့ ကယားပြည်နယ်မှာဖြစ်တဲ့ကိစ္စက Genocides ကို ဦးတည်နေတဲ့ လူမျိုးတုန်း သတ်ဖြတ်မှုကို ဦးတည်နေတဲ့ ကိစ္စမျိုးဖြစ်ပါတယ်။ သက်သေပြရမယ်။ အခုနတုန်းက အပေါ်မှာပြောခဲ့သလို crime against humanities ကတော့ သေချာပေါက် ကျုးလွန်နေတယ်။ ဒီအတွက် ကျနော်တို့ ဒါကို ဦးစားပေးပြီးတော့ လုပ်နေတယ်။ ဘယ်လိုမှ ပြေးလို့မရဘူး။ တပြိုင်နက်တည်းမှာလည်း War Crime နဲ့ နောက်ဆုံးကတော့ Genocides လူမျိုးတုန်းသတ်ဖြတ်မှုကို ကျနော်တို့ တွဲပြီးတော့ တင်နိုင်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။ ဒါကတော့ ကျနော်တို့ တရားစွဲဆိုနိုင်တဲ့ လမ်းကြောင်းတွေကို ကျနော်တို့ ရွေးထားတာဖြစ်တယ်လို့ တင်ပြချင်ပါတယ်"

NUG အစိုးရ၏ လက်ခံရရှိထားသည့် စစ်ကောင်စီ၏ ပြည်သူလူထုအပေါ် ကျူးလွန်မှုများနှင့်ပတ်သက်၍ ပြစ်မှုပေါင်း လေးသိန်းကျော် ရရှိထားပြီဖြစ်ပြီး အဆိုပါအမှုများထဲမှ အမှုပေါင်း ၂၈၀၀၀ ကျော်ကိုလည်း စစ်ဆေးမှုတွေလုပ်ဆောင်ပြီးပြီဟု NUG အစိုးရ၏ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာက ဇွန်လ ၂၆ ရက်နေ့ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

“အတိုချုံ့နဲ့ပြောမယ်ဆိုရင် Case (အမှု) ပေါင်း လေးသိန်းကျော်ကို ကျနော်တို့က ၂၈၀၀၀ အထိကို အင်အားအကောင်းဆုံး verify (စီစစ်အတည်ပြု) အဖြစ်ဆုံးနဲ့ Case အကြီးမားဆုံးကို ပြန်လည်ကောက်ယူတယ်။ အဲ့ဒီ နှစ်သောင်းကျော်ထဲကနေပြီးတော့ အခုနက ကျနော်ပြောတဲ့ ကျွမ်းကျင်သူတွေနဲ့ ၄၀၀ ကို ပြန်ရွေးတယ်။ အဲ့ ၄၀၀ ထဲမှာတောင်မှ ကျနော်တို့က ၂၀၀ ကိုပြန်ရွေးမယ်။ ဒါကို ကျနော်တို့ ဥပဒေကျွမ်းကျင်သူတွေနဲ့ ကျနော်တို့ငှားထားတဲ့ law firm (ရှေ့နေရုံး) နဲ့ ပြန်ဆွေးနွေးပြီးတော့ ကျနော်တို့ ICC (နိုင်ငံတကာ ရာဇဝတ် ခုံရုံး) ကို တင်ပြသွားမှာဖြစ်ပါတယ်”

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယခုကျူးလွန်မှုများအတွက် အဓိကတာဝန်ရှိသည့် ပုဂ္ဂိုလ်ဖြစ်ပြီး အဆိုပါ ရာဇဝတ်မှုများအတွက် အချုပ်ခန်းထဲတွင် နေရမည့်အစား အပြင်မှာရှိနေခြင်းကြောင့် NUG အစိုးရအနေဖြင့် အမြန်ဆုံး အပြစ်ပေးအရေးယူနိုင်ရေး ICC နှင့် နိုင်ငံတကာမှ အရေးယူနိုင်မည့်နည်းလမ်းများကို လုပ်ဆောင်နေသည်ဟု ဆက်ပြောသည်။

“Case ပေါင်းက လေးသိန်းကျော်ရပြီ။ အဲ့ဒီ လေးသိန်းကျော်ထဲမှာ ကျနော်တို့က ကမ္ဘာ့စံချိန်စံနှုန်းနဲ့ ICC မှာ သွားနိုင်ဖို့ သွားနိုင်တဲ့ Case က verify ဖြစ်ဖို့လိုသလို အပြည်ပြည်ဆိုင်ရာရဲ့ တရားရုံးအသွားအလာနဲ့ ကိုက်ညီတဲ့ Format ရှိတယ်။ ပြီးတော့ တဖက်မှာဆိုရင် IIMM (မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာ လွတ်လပ်သောယန္တယား) လို့ခေါ်တဲ့ ကမ္ဘာ့ကုလသမဂ္ဂကဖွဲ့ထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေး ကော်မတီရှိတယ်။ ဒါနဲ့လည်း ကျနော်တို့ လက်တွဲနေတယ်။ ပြီးတော့ ဒီဘက်ဆိုရင် ကမ္ဘာ့ရှေ့နေအဖွဲ့အစည်းကြီးနဲ့ ချိတ်ဆက်ပြီးတော့ သူတို့ကို ငှားထားတာပေါ့။ သူတို့ကို Legal team (ဥပဒေဆိုင်ရာအဖွဲ့) ကို ငှားထားတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာက ဆက်ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ပြည်သူများကို အင်အားအလွန်အကျွံသုံးပြီး ရိုက်နှက်ဖမ်းဆီးမှုများအပြင် ဖမ်းဆီးပြီး စစ်မေးချိန် ညှဉ်းပန်းနှိပ်စက်မှုများကြောင့် သေဆုံးသွားသူ အနည်းဆုံး ၂၂ ဦးရှိပြီဖြစ်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာန ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

စစ်ကောင်စီ၏ တာဝန်ရှိသူများကို ပြည်တွင်းပြည်ပဥပဒေများနှင့် အရေးယူရန် NUG က ကြိုးပမ်းသွားမည်ဟု ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ နှိပ်စက်ညှဉ်းပန်းခံရသူများ အကူညီပေးရေးဆိုင်ရာနေ့တွင် NUG ၏ လူအခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ဝေါဟာရများ

Crimes Against Humanity - လူသားဖြစ်မှုကိုဆန့်ကျင်သော ရာဇဝတ်မှုများ

War Crime - စစ်ရာဇဝတ်မှု

Genocide - လူမျိုးတုံးသတ်ဖြတ်မှု

Professional - ပညာရပ်နှင့်ဆိုင်သော

systematically - စနစ်ကျစွာ

case - အမှု

verify - စီစစ်အတည်ပြုသည်

ICC - နိုင်ငံတကာရာဇဝတ်ခုံရုံး

law Farm - ရှေ့နေရုံး

IIMM - မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာ လွတ်လပ်သောယန္တယား

Format - စံပုံစံ

Legal Team - ဥပဒေဆိုင်ရာအဖွဲ့

Most read this week

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...