ချင်းပြည်နယ် မြောက်ပိုင်းတွင် ကိုဗစ်-၁၉ ကူးစက်မှုနှင့်သေဆုံးမှု မြင့်တက်

ချင်းပြည်နယ် မြောက်ပိုင်းတွင် ကိုဗစ်-၁၉ ကူးစက်မှုနှင့်သေဆုံးမှု မြင့်တက်

ချင်းပြည်နယ် မြောက်ပိုင်းဒေသများဖြစ်ကြသည့် ဖလမ်း၊ တီးတိန်နှင့် တွန်းဇံမြို့နယ်များတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှင့် သေဆုံးမှုနှုန်းမြင့်တက်နေသည်ဟု သိရသည်။

ဖလမ်းမြို့တွင် ယမန်နေ့ ဇွန်လ ၂၈ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ (၁၁) ဦးထိရှိခဲ့ပြီး သေဆုံးသူအများစုမှာ သက်ကြီးပိုင်းနှင့် ရောဂါအခံရှိသူများဖြစ်သည်ဟု ဖလမ်းမြို့မှ ကိုဗစ်ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

"ကျနော် ဒီနေ့နောက်ဆုံးတော့မသိသေးဘူး မနေ့ကထိ ဖလမ်းမြို့ပေါ်ရပ်ကွက် (၄) ရပ်ကွက်မှာ (၁၁) ဦးသေဆုံးပါပြီ သေဆုံးတဲ့သူထဲမှာ ရာခိုင်နှုန်းအနေနဲ့ အသက် ၆၀ ကျော်ကအများဆုံးဖြစ်မှာ ရောဂါအခံရှိလို့ သေသွားတဲ့သူများပါတယ် ရောဂါအခံမရှိဘဲသေသွားတဲ့လူ နှစ်ယောက်သုံးယောက်လောက်ရှိပါတယ်" ဟု ကိုဗစ်ကာကွယ်ရေးအဖွဲ့ဝင်ကပြောသည်။

ဖလမ်းမြို့နယ်အတွင်း ကိုဗစ် ၁၉ ရောဂါပိုးတွေ့လူနာ (၂၃၄) ရှိပြီဖြစ်ပြီး ဆေးရုံမှ အောက်ဆီဂျင် ဖြည့်သည့်စက်မှာ တစ်ရက်လျှင် အလုံး (၃၀) သာဖြည့်နိုင်သည့်အတွက် အောက်ဆီဂျင်မလုံလောက်မှုနှင့် ကုသရေးပိုင်းမှာအခက်ကြုံနေရ သည်ဟု ၎င်းကဆက်ပြောသည်။

တီးတိန်မြို့တွင်လည်း ကိုဗစ် ၁၉ ရောဂါကြောင့် သေဆုံး (၁၀) ဦးထိရှိပြီဖြစ်ပြီး ရောဂါပိုးတွေ့ (၂၂၁) ဦးရှိပြီဟု တီးတိန်မြို့ ကိုဗစ် ၁၉ Volunteer တစ်ဦးမှ သိရသည်။

"အခုထိတော့ ၁၀ ဦးလို့ သတ်မှတ်ရမှာပေါ့ တချို့က မစစ်ခင်သေတာတွေလည်းရှိတယ် သေတဲ့သူထဲမှ ၂၃ ရက်သား အရွယ်ကလေးတစ်ယောက်ပါတယ် ကျန်တာတော့ အသက်ကြီးပိုင်းတွေ ဆေးချိုသွေးချို နှလုံးရောဂါ သမားတို့ရောဂါ အခံရှိတဲ့သူတွေများတယ်" ဟု တီးတိန်မြို့ ကိုဗစ် ၁၉ Volunteer တစ်ဦးကပြောသည်။

ကုသရေးပိုင်းတွင် ယခင်ကကဲ့သို့ သမားတော်ဆရာမရှိခြင်း၊ သူနာပြုဆရာမဝန်ထမ်းမလုံလောက်မှုများရှိနေပြီး Positive လူနာများအတွက် အောက်ဆီဂျင်လိုအပ်ချက်လည်း မြင့်မားနေသည်ဟု ၎င်းကဆက်ပြောသည်။

အလားတူ တွန်းဇံမြို့နယ်တွင်လည်း ကိုဗစ် ၁၉ ရောဂါကြောင့် သေဆုံးသူ ၁၇ ဦးရှိသွားပြီဟုသိရပြီး ကိုဗစ် ၁၉ Positive မှာ ၅၇၅ ရှိပြီ ဟု  တွန်းဇံမြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထန်ရှန်ကပြောသည်။

"သေဆုံးသူက (၁၇) ဦး အဲဒါတစ်မြို့နယ်လုံးပေါင်းတာ ကျနော်တို့မနေ့ကထိပေါ့နော် ဒီနေ့တော့မပါသေးဘူး ကူးစက်တဲ့သူက ၅၇၅ မနေ့ကထိ ကျနော်တို့ဖက်မှာက အခက်အခဲကတော့ ကုသပေးမယ့်သူလူအင်အားမလောက်ဘူး ဒီလိုဌာနအနေနဲ့ပေးတဲ့ ပစ္စည်းတွေနဲ့ဆိုရင်တော့အဆင်တော့ပြေပါတယ် အဓိကဝန်ထမ်းအင်အားမလုံလောက်မှု နောက်တစ်ခုပြည်သူတွေရဲ့စည်းကမ်းလိုက်နာမှု ပြောချင်တာ စည်းကမ်းလိုက်နာမှုသိပ်မရှိကြဘူးအဲဒါလေးပါ" ဟု တွန်းဇံမြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထန်ရှန်ကပြောသည်။

ချင်းပြည်နယ် ဟားခါးမြို့တွင်လည်း ကိုဗစ် ၁၉ ပိုးတွေ့လူနာ ၇၁ ဦးရှိပြီး ထန်တလန်မြို့တွင်လည်း ကိုဗစ်ပိုးတွေ့လူနာ ၄၁ ဦးရှိပြီဟု သိရသည်။

 
 

 

 

February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...
February 17, 2026
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ ကျေးရွာတချို့မှာ အတင်းအဓမ္မ တပ်သားစုဆောင်းခံနေရသည့်အတွက်...
February 16, 2026
မြန်မာနိုင်ငံဘက်သို့ ကုန်စ္စည်းများပို့ဆောင်သည့် မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့က...