သျှမ်းပြည်မြောက်ပိုင်း ထုန့်မောဝ်း (ရွှေလီမြစ်ဝှမ်း) ဒေသအတွင်း အသက် (၉) နှစ်အရွယ်ပါမကျန် စစ်သားစုဆောင်းမှုများ ပြုလုပ်နေကြောင်း လူမှုကွန်ယက်ပေါ်မှာ ပြန့်နှံ့နေသည်။
ဇွန် (၂၈) ရက်နေ့သည် နမ့်ခမ်းမြို့ရှိ လူထုများ SSPP ကို အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်အပြီး၊ အသက် (၉) နှစ်အရွယ်ကလေးပါမကျန် စစ်သားစုဆောင်းမှုများ ပြုလုပ်နေကြောင်း၊ အမျိုးသမီးများပါမကျန် ခေါ်ဆောင်နေကြောင်း သျှမ်းလူထု ဖေ့ဘွတ်လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေးသားဖော်ပြထားသည်။
အဆိုပါရေးသားမှုတွင် မည်သည့်တပ်ဖွဲ့က လာရောက်ခေါ်ဆောင်နေသည်ကို တိတိကျကျရေးသားခြင်းမရှိသလို၊ ဒေသခံပြည်သူများ စိုးရိမ်မှုရှိအောင် တမင်ဖန်တီးရေးသားထားသည့် ပုံစံဖြစ်ကြောင်းလည်း ထုန့်မောဝ်း (ရွှေလီမြစ်ဝှမ်း) ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။
“အမှန်တော့ (၉) နှစ်အရွယ်ကလေးပါသွားတယ်ဆိုတာ အဲ့ဒါက ဆိုက်ဝါးသတင်းပဲ။ ဘယ်အဖွဲ့မှ လာကောက်တာမရှိဘူး။ အချင်းချင်း အထင်မှားအောင် လုပ်နေတဲ့သူတွေလည်းရှိတယ်။ ဒီချိန်မှာ သတိထားဖို့လိုတာပေါ့” ဟု မူဆယ်မြို့နေ အမျိုးသားတစ်ဦးက ပြောသည်။
လူမှုကွန်ယက်ပေါ်တွင် ပျံနှံ့လာသည့်သတင်းမှာ မူဆယ်၊ နမ့်ခမ်း ပေါ်တာဆွဲနေပြီ၊ (၉) နှစ်အရွယ်ကလေးကစ ခေါ်ဆောင်ကာ ကျေးရွာတရွာလျှင် (၁၅) ယောက် လက်နက်ကိုင်ကိုပေးရမည်ဖြစ်ကာ မလိုက်ရင် (၅) သိန်းပေးရမည်ဟု လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။
“အခုကြားနေရတာက မူဆယ် စွမ်းစော်မှာလည်း ဖမ်းနေတယ်။ ရွှေနန်းတော်ရှေ့မှာလည်း အမျိုးသမီးတွေကို ဆွဲနေတယ်။ ဖမ်းနေတယ်ဆိုပြီး ရပ်ကွက်တွေမှာ သတင်းပျံ့န့ှံနေတယ်။ ဘယ်ကဖမ်းလည်းမေးတော့ သေချာမသိ။ ဘယ်အိမ်ကလည်းဆိုတော့လည်း သေချာမပြောနိုင်ကြဘူး” ဟု မူဆယ်မြို့ စွမ်းစော်ရပ်ကွက်နေထိုင်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။
လက်ရှိမှာ မူဆယ်မြို့ ဒေသခံပြည်သူများသည် အဆိုပါသတင်းကြောင့် ကြောက်လန့်နေကြပြီး၊ အပြင်မထွက်ရဲကြောင်း၊ ဖမ်းဆီးခံရသည့်
မူဆယ်မြို့မှ ဒေသခံများကို SSPP/SSA က စစ်သားသစ်တောင်းခဲ့ကြောင်း၊ တမြို့လျှင် (၅) ဦး (သို့မဟုတ်) ၂ ဦးပေးပို့ရန် ပြောဆိုခဲ့ကြောင်း၊ SSPP အနေဖြင့် အတင်းအဓမ္မဖမ်းဆီးခြင်း၊ ဆွဲခေါ်ခြင်း ပြုလုပ်မည်မဟုတ်ကြောင်း မူဆယ်မြို့ရပ်မိ/ရပ်ဖများနှင့် SSPP/SSA တွေ့ဆုံစဉ်တွင် SSPP မှ ပြောဆိုခဲ့သည်။
“သူတို့စစ်သားကောက်မယ်။ ဖမ်းဆီးမယ်။ အတင်းအဓမ္မခေါ်မယ်ဆိုတာ မဟုတ်ဘူး။ မြို့ပေါ်မှာ (၅) ယောက်မရရင် အနည်းဆုံး (၂) ယောက်၊ (၃) ယောက်ဆိုရင်ရတယ်။ ဒါပေမယ့် သွားနားထောင်တဲ့သူက တမျိုးလွှင့်တယ်။ အဓမ္မဖမ်းဆီးတာ သူတို့မလုပ်ချင်ဘူး။ ဒါကြောင့် ရပ်မိ/ရပ်ဖနဲ့လာပြီး ပြောရတာ” ဟု SSPP/SSA အစည်းအဝေးတွင် သွားရောက်နားထောင်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
ထိုရေးသားမှုသည် သျှမ်းတပ် (၂) တပ်အချင်းချင်းကြား သွေးထိုးလှုံ့ဆော်သည့် စာသားများသာဖြစ်ကြောင်း၊ ထိုတပ် (၂) တပ်ကြား အမြတ်ထုတ်နေသည့်အဖွဲ့ ရှိနိုင်ကြောင်း၊ ထုန့်မောဝ်းလူထုအနေဖြင့် သတင်းများကိုစိစစ်ကာ ယုံကြည့်သင့်ကြောင်းလည်း မူဆယ်မြို့ဒေသခံတစ်ဦး က ဆိုသည်။
“ဒီလိုချိန်မှာ သူများတွေက ကျနော်တို့အချင်းချင်းကို အမြတ်ထုတ်လုပ်သွားတဲ့သဘောပါပဲ။ ဒီလိုမျိုး မဖြစ်သင့်ဘူး။ ပြည်သူတွေက အယုံလွယ်တယ်။ သတင်းစိစစ်မှု အားနည်းတယ်တာပေါ့နော်။ အယုံလွယ်တာပေါေ့နာ်။ ပေါ်တာဆွဲတာလည်း မရှိပါဘူး” ဟု မူဆယ်ဒေသခံတစ်ဦး က သျှမ်းသံတော်ဆင့်ကိုပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်ပြီး သျှမ်းသံတော်ဆင့် မှSSPP/SSA ကို အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဖုန်းကိုင်ဖြေကြားခြင်းမရှိပေ။
စစ်အာဏာသိမ်းပြီးနောက် ထုန့်မောဝ်ဒေသသည် တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်းကြား ထင်ယောင်ထင်မှားဖြစ်မယ့် သွေးထိုးစကားများမပြုလုပ်ရန်၊ ထိုဒေသတွင် သျှမ်းလက်နက်ကိုင် (၂) ဖွဲ့သာမက ကချင်တပ်မတော် (KIA)၊ တအာင်း (ပလောင်) တပ်မတော် (TNLA) အပြင် ပြည်သူ့စစ်များကြီးစိုးနေသည့် နေရာဒေသဖြစ်ကာ စီးပွားရေးအချက်အချာကြပြီး ဆက်ကြေးကောက်ရန်အတွက် ကောင်းသည့်ဒေသတခုလည်းဖြစ်သည်။
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ရှိ ဒေသခံတထောင်ကျော်သည် ဇွန် (၂၈) ရက်နေ့တွင် (SSPP/SSA) ကို အလိုမရှိကြော်ငး ဆန္ဒပြနေစဉ်အတွင်း ဗုံးပေါက်ကွဲမှုဖြစ်ပွားကာ အမျိုးသား (၂) ဦး သေဆုံးပြီး၊ ဒဏ်ရာပြင်းထန်ရသူများလည်းရှိကြောင်း သိရသည်။







