စစ်တွေမြို့တွင် ရခိုင်မျိုးချစ်ပါတီ ဥက္ကဋ္ဌဟောင်း ဦးဇော်ဝင်းထွန်းအား လက်နက်များကိုင်ဆောင်ထားသူတစ်စုက ဖမ်းဆီးခေါ်ဆောင်သွားဟုဆို

စစ်တွေမြို့တွင် ရခိုင်မျိုးချစ်ပါတီ ဥက္ကဋ္ဌဟောင်း ဦးဇော်ဝင်းထွန်းအား လက်နက်များကိုင်ဆောင်ထားသူတစ်စုက ဖမ်းဆီးခေါ်ဆောင်သွားဟုဆို

စစ်တွေမြို့၊ အိုးတန်းရပ်ကွက်တွင် ရခိုင်မျိုးချစ်ပါတီ (APP) ဥက္ကဋ္ဌဟောင်း ဦးဇော်ဝင်းထွန်းအား လက်နက်များကိုင်ဆောင်ထားသူတစ်စုက ယနေ့ ဇွန်လ ၂၈ ရက်နေ့ နေ့လယ်ပိုင်းက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။

သမီးဖြစ်သူအား ကျောင်းသို့လာပို့စဉ် စစ်တွေမြို့၊ အိုးတန်းရပ်ကွက်ရှိ အိုးတန်း မူလတန်းကျောင်းရှေ့တွင် ဦးဇော်ဝင်းထွန်းအား လက်နက်များ ကိုင်ဆောင်ထားသူတစ်စုက ကားပေါ်သို့ ဖမ်းဆီးတင်ဆောင်သွားခြင်းဖြစ်ကြောင်း မျက်မြင်တစ်ဦးက ပြောသည်။

“ဘာကြောင့် ခေါ်သွားတယ်ဆိုတာကို မသိပါဘူး။ ကားပေါ်ကို တင်သွားတယ်။ လူတွေကတော့ ဘောင်းဘီတွေဝတ်ထားတယ်ပေါ့နော်။ အဝတ်အစားသန့်သန့်တွေ ဝတ်ထားကြပါတယ်။ အဲဒီမှာ သူ့ကို လက်ထိပ်ခတ်ပြီး ခေါ်သွားတာပါ။ သူတို့က ပစ်စတိုသေနတ်တွေ ကိုင်ထားပါတယ်။ သေနတ်နဲ့ချိန်ပြီး ခေါ်သွားတာပါ” ဟု ပြောသည်။

အဆိုပါ လက်နက်များကိုင်ဆောင်ထားသူများမှာ စုစုပေါင်း ၆ ဦးခန့်ရှိမည်ဖြစ်ကြောင်း သူက ဆက်ပြောသည်။

“သူ့ကို ဖမ်းခေါ်တာကို သူ့သမီးလည်း မြင်လိုက်တယ်။ အဖေကို ဒီလိုလုပ်တော့ သမီးက ငိုပြီး ကျောင်းထဲကိုဝင်သွားပါတယ်။ အဲဒီလူတွေက မဆိုင်သူဝင်မပါနဲ့ဆိုပြီး ပြောပါတယ်။ သူတို့မှာ မျက်နှာဖုံးစွပ်ထားတာလည်းမရှိပါဘူး။ သူတို့ဘယ်သူလဲဆိုတာကိုတော့ ကျွန်တော်တို့ မသိပါဘူး” ယင်းမျက်မြင်က ဆက်ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး စစ်တွေမြို့ အမှတ် (၁) ရဲစခန်းသို့ နိရဥ္စရာမှ ဆက်သွယ်ခဲ့ရာ “ကျွန်တော့်ဆီမှာတော့ ဒီလိုထူးခြားဖြစ်စဉ်တော့ မရှိသေးပါဘူးခင်ဗျား။ ဒီသတင်းကို မကြားသေးပါဘူး” ဟု ပြောသည်။

ရခိုင်မျိုးချစ်ပါတီ (APP) မှာ ၂၀၁၅ ဇူလိုင်လအတွင်း တည်ထောင်ခဲ့ပြီးနောက် ၂၀၁၉ ခုနှစ်တွင် APP သည် ALD နှစ်ပါတီပူးပေါင်းခဲ့ကြကြောင်း သိရသည်။

 
 

 

 

August 6, 2026
ရခိုင်ပြည်၊ ဂွနှင့် သံတွဲမြို့နယ်တို့၏ ကောင်းကင်ယံတွင် စစ်တပ်၏ လေယာဉ်များ...
August 4, 2026
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်တွင် စစ်ဘေးရှောင်နေကြသည့် ရေလုပ်သားများသည် ပင်လယ်ပြင်တွင် ငါးရှာ...
August 3, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့ရှိ ဂျိတ္တောရပ်ကွက်အပြင် ကျောက်ဖြူမြို့နယ်၊ စနဲမြို့ကိုလည်း...
August 1, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ရွှေလှေကျေးရွာကို စစ်တပ်က လေကြောင်းမှ...