ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့ ၃ မြို့တွင် နေ့စဉ် COVID-19 ရောဂါပိုးတွေ့လူနာများ တိုးလာနေသည့်အတွက် ကျောင်းများအားလုံးပိတ်ရန်နှင့် Stay at Home (အိမ်ပြင်မထွက်ရ) မြို့အဖြစ် သတ်မှတ်ထားသည်ဟု ဒေသခံများက ပြောသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့များဖြစ်ကြသည့် လားရှိုးမြို့တွင် ၃၀၀ ကျော်၊ နောင်ချိုမြို့တွင် ၁၇၄ ဦးနှင့် လောက်ကိုင်မြို့တွင် ၁၄၇ ဦး ဇွန်လ ၂၇ ရက်နေ့အထိ COVID-19 ကူးစက်ခံထားရသည်ဟု သိရသည်။
လားရှိုးမြို့က စေတနာ့ဝန်ထမ်းတစ်ဦးက “လားရှိုးလည်း မင်္ဂလာဆောင်ပဲ၊ တော်တော်များများ ဒီရှမ်းမြောက်မှာဖြစ်တာက ဒီမင်္ဂလာဆောင်နဲ့ နာရေးက စဖြစ်တဲ့ဟာတွေပဲ။ လူနာက နေ့တိုင်းတိုးတယ်။ အဲ့ဒီက ဆက်စပ်တဲ့လူတွေကြီးပဲဗျ။ လူနာတွေက အနံ့မရရင် ဖုန်းဆက်လာတယ်။ အဲ့ဒါကို သွားသယ်ရတယ်။ ကျနော်တို့ဆို ဒီအိမ်ကဆို အဲ့မှာ သွားသယ်လိုက်တယ်။ အချက်အလက် အတိအကျက ဘာမှမသိရဘူးဗျ။ ဟိုရက်တွေကဆို သေတဲ့လူထဲ ကိုယ်ဝန်ဆောင်လည်းပါတယ်။ အချက်အလက်တွေက သိရဖို့က ခက်သွားပြီ။ လူနာတွေကိုတော့ ဆေးရုံရဲ့ သီးသန့်ဆောင်မှာပဲ ပို့ထားရတာ” ဟု ပြောသည်။
လားရှိုးတွင် COVID-19 ပိုးတွေ့လူနာများထဲမှ သေဆုံးသူ ၄ ဦး၊ သံသယလူနာ ၃ ဦး စုစုပေါင်း ၇ ဦး ရှိပြီဖြစ်သည်။
လားရှိုးမြို့တွင် ပိုးတွေ့လူနာ များလာနေသည့်အတွက် လူသွားလူလာများသည့် စျေးများနှင့် တည်းခိုခန်းများအားလုံးကို နှစ်ပတ်ကြာ ယာယီ ပိတ်ထားပြီး ရပ်ကွက် (၄) ရှိ လမ်း၊ နေအိမ်၊ အဆောက်အဦးတွေကို Lock down လုပ်ထားရပြီး မြို့အား ဇွန်လ ၂၇ ရက်နေ့ (ယမန်နေ့) က စတင်၍ Stay at Home သတ်မှတ်လိုက်ပြီး စာသင်ကျောင်းများလည်း ပိတ်ထားရသည်ဟု သိရသည်။
နောင်ချိုမြို့က အခြေအနေနှင့်ပတ်သက်၍ “မနေ့ကအထိဆိုရင် ၁၇၄ ယောက်ရှိပြီ၊ မနေ့က ၅၀ ကျော်စစ်တဲ့အထဲမှာ ၂၅ ယောက်က positive နော်၊ ဟိုရက်က စာရင်းဆို ပိုးတွေ့တဲ့အထဲ ကျောင်းသားလေးတွေလည်းပါတယ်။ သေတာကတော့ အမျိုးသမီးတစ်ယောက် သေတာရှိပြီ။ အသက် ၄၃ နှစ်အရွယ် အမျိုးသမီးပဲ။ နာရေးကူညီမှု ပရဟိတအသင်းကပဲ ညတွင်းချင်းသင်္ဂြိုလ်ပေးတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။
ထို့အပြင် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သည့် လောက်ကိုင်မြို့ကိုလည်း ဇွန်လ ၂၈ ရက်နေ့ (ယနေ့) က စတင်၍ အိမ်ပြင်မထွက်ရ မြို့အဖြစ် စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ထို့ကြောင့် လောက်ကိုင်မြို့နေ ပြည်သူများအနေဖြင့် ယနေ့မှစတင်၍ Stay at Home သတ်မှတ်ထားသည့်အတွက် နေအိမ်များတွင်သာ နေကြရန် ထုတ်ပြန်ထားသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းက လားရှိုး၊ သီပေါ၊ လောက်ကိုင်၊ နောင်ချို၊ ကျောက်မဲ၊ ကွတ်ခိုင်၊ သိန္နီ၊ မူဆယ်၊ နမ့်ခမ်း၊ မိုင်းရယ်၊ တန့်ယန်း၊ မိုးမိတ်၊ ဟိုပန်နှင့် နမ္မတူမြို့နယ်များတွင် COVID-19 ရောဂါပိုးရှိသူများ ဆက်တိုက်တွေ့လာနေရပြီး လက်ရှိတွင် ၅၇၀ ကျော်ရှိသွားပြီဟု သိရသည်။
ယခုစာရင်းမှာ ဇွန်လ ၁၆ ရက်နေ့မှ ဇွန်လ ၂၇ ရက်နေ့အချိန်ထိ စာရင်းသာဖြစ်ပြီး အဆိုပါအရေအတွက်ထက်လည်းများနိုင်သည်ဟု ဒေသအခြေစိုက် လူမှုကူညီရေးအသင်းများက ပြောသည်။
စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ဇွန်လ ၂၇ ရက်နေ့ ည ၈ နာရီအထိ COVID-19 ရောဂါ ဓါတ်ခွဲခန်းအတည်ပြုလူနာ ၈၀၄ ဦး တွေ့ရှိရသည့်အတွက် မြန်မာတစ်နိုင်ငံလုံးတွင် ပိုးတွေ့ အတည်ပြုလူနာ စုစုပေါင်း ၁၅၃၁၆၀ ဦးရှိပြီဟု ထုတ်ပြန်ထားသည်။







