ရသေ့တောင်မြို့နယ် င/စံဘော်ရွာအနီး မပေါက်ကွဲသေးသည့် စစ်ကျန်လက်နက်ကြီးကျည် အလုံးပေါင်း ၈၀ ခန့်တွေ့ရှိ

ရသေ့တောင်မြို့နယ် င/စံဘော်ရွာအနီး မပေါက်ကွဲသေးသည့် စစ်ကျန်လက်နက်ကြီးကျည် အလုံးပေါင်း ၈၀ ခန့်တွေ့ရှိ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ င/စံဘော်ကျေးရွာအနီး မပေါက်ကွဲသေးသည့် စစ်ကျန်လက်နက်ကြီးကျည် အလုံး ၈၀ ခန့်ကို ကျေးရွာသားများက တွေ့ရှိခဲ့သည်ဟု သတင်းရရှိသည်။

င/စံဘော်ရွာ၏ မြောက်ဘက် ၁ မိုင်ခန့်အကွာရှိ လယ်ကွင်းရှိ တွင်းတစ်ခုအထဲမှ မပေါက်ကွဲဘဲရှိနေသည့် လက်နက်ကြီးကျည် ဗုံးသီး ၄၀ ကိုတွေ့ရှိရပြီး ကျန်လက်နက်ကြီးကျည်များကို နေရာအနှံ့အပြားတွင် တွေ့ရှိခဲ့သည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ထွန်းဝင်းက ပြောသည်။

“ရွာသားတွေက နွားကျောင်းသွားရင်းတွေ့ခဲ့တာ။ တွေ့တာကတော့ တစ်လလောက်ရှိပါပြီ။ လယ်ကွင်းထဲမှာ မြုပ်ထားတာတွေ၊ နောက်ပြီး ဟိုဘက်လယ်ကွင်းက နှစ်ခု/သုံးခု၊ ဒီဘက်လယ်ကွင်းက နှစ်ခု အဲလိုမျိုးတွေ တွေ့ပါတယ်။ ဒါကိုတော့ အိမ်ကို ယူမလာခဲ့ကြဘူး။ အဲဒါတွေက မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်တွေဆိုတော့ တစ်ခုခုဖြစ်မှာ စိုးရိမ်ရပါတယ်။ ဒီဗုံးသီးတွေက နှစ်ပေလောက်ရှိတာတွေ၊ နောက်ပြီး ဓါတ်ဗူး အလုံးလောက်ရှိတာတွေ ရှိပါတယ်” ဟု ပြောသည်။

ထိုစစ်ကျန်လက်နက်များအား တွေ့ရှိခဲ့သည့် င/စံဘော်ကျေးရွာမှ ဦးကျော်ဇံလှက ထိုလက်နက်များမှာ ၄င်းတို့ လယ်ကွင်းအနီး၌ရှိကြောင်း နိရဥ္စရာသို့ ပြောသည်။

“တွင်းဟောင်းတစ်ခုမှာ မြုပ်ထားတာ အလုံးလေးဆယ်ပါ။ နောက် ဟိုဘက်လယ်ကွင်း၊ ဒီဘက်လယ်ကွင်းက အဲလိုမျိုးရတာ အလုံးလေးဆယ်လောက်ရှိပါတယ်။ လက်နက်ကြီးကျည်တွေက အတိုတွေရော အရှည်တွေရော ပါပါတယ်။ RPG လက်နက်ကျည်သီးတွေလည်း ပါပါတယ်။ ဒီလမ်းက စစ်သားတွေက အမြဲတမ်း ဖြတ်သွားပါတယ်။ သူတို့က ဒါတွေကို ပေါက်ကွဲမှာစိုးလို့ မထိနဲ့လို့ ကျွန်တော်တို့ကို ပြောပါတယ်” ဟု ပြောသည်။

ယင်းလက်နက်များကို င/စံဘော်ကျေးရွာ၏ မြောက်ဘက် ၁ မိုင်ခန့်အကွာတွင် တွေ့ရှိခြင်းဖြစ်ပြီး ကျေးရွာ၏မြောက်ဘက် ၁ မိုင်ခွဲခန့်အကွာအဝေး၌ တပ်မတော်စခန်းတစ်ခု တပ်စွဲနေထိုင်လျှက်ရှိသည်မှာ တစ်နှစ်ကျော်ကြာပြီဖြစ်ကြောင်း အုပ်ချုပ်ရေးမှူး ဦးအောင်ထွန်းဝင်း ပြောပြချက်အရ သိရသည်။

လက်နက်များအား တွေ့ရှိခဲ့သည့် င/စံဘော်ကျေးရွာမှ ဦးလှသန်းမောင်ကလည်း “ကျွန်တော်တို့က အဲဒါတွေကို တခြားရွာသားတွေ ကလေးတွေလာလို့ နင်းမိရင် ပေါက်ကွဲမှာစိုးလို့ အဲဒီအနားမှာ ကောက်ပြီး စုထားပါတယ်။ ကလေးတွေနဲ့ ရွာသားတွေကိုတော့ အဲဒီနားကို မသွားခိုင်းပါဘူး။ ဟိုလယ်ကွင်း၊ ဒီလယ်ကွင်းတွေကကောက်ပြီး စုထားပါတယ်” ဟု ပြောသည်။

ယင်းလက်နက်များ ပေါက်ကွဲမှုတစ်စုံတစ်ရာဖြစ်မည်စိုး၍ သက်ဆိုင်ရာတာဝန်ရှိသူများက လာရောက်ရှင်းလင်းပေးစေလိုကြောင်း ဒေသခံများက ပြောသည်။

 
 

 

 

August 6, 2026
ရခိုင်ပြည်၊ ဂွနှင့် သံတွဲမြို့နယ်တို့၏ ကောင်းကင်ယံတွင် စစ်တပ်၏ လေယာဉ်များ...
August 4, 2026
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်တွင် စစ်ဘေးရှောင်နေကြသည့် ရေလုပ်သားများသည် ပင်လယ်ပြင်တွင် ငါးရှာ...
August 3, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့ရှိ ဂျိတ္တောရပ်ကွက်အပြင် ကျောက်ဖြူမြို့နယ်၊ စနဲမြို့ကိုလည်း...
August 1, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ရွှေလှေကျေးရွာကို စစ်တပ်က လေကြောင်းမှ...