စစ်အုပ်ချုပ်ရေးကြေညာခံထားရတဲ့ ချင်းပြည်နယ် မင်းတပ်မြို့နယ်မှာ အာဏာသိမ်းစစ်ကောင်စီနဲ့ မင်းတပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(CDF-Mindat)တို့အကြား မြို့မိမြို့ဖရဲ့ကြားဝင်ညှိနှိုင်းပေးမှုနဲ့ ဇွန်လ ၂၀ ရက်နေ့ကစပြီး အပစ်ရပ်စဲကာ စောင့်ကြည့်ကာလ ၁၄ ရက် သတ်မှတ်ထားတယ်လို့ CDF -Mindat ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
ကလေးမြို့ ညောင်ပင်သာရပ်ကွက် အင်းယာကုန်းဘက်မှာ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေက နေအိမ်တစ်အိမ်ကိုဝင်စီးပြီး အိမ်ရှင်မိသားစုဝင် ၄ ဦးကို ပစ်သတ်ခဲ့တယ်လို့ ကလေးမြို့ခံတွေက ပြောပါတယ်။
အိန္ဒိယ-မြန်မာနယ်စပ် အမှတ် ၂ နယ်စပ်ကုန်သွယ်ရေးစခန်းအခြေစိုက်ရာမြို့ဖြစ်တဲ့ ချင်းပြည်နယ် ရိဒ်ခေါ်ဒါရ်မြို့မှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်း မြင့်တက်လာနေပြီး ဇွန်လ ၂၂ ရက်နေ့အထိ ကိုဗစ်ရောဂါကူးစက်ခံရသူ ၁၆၂ ဦးရှိပြီလို့ ရိဒ်ပြန်ဆက်ဦးစီးမှူးက ပြောပါတယ်။






