ပြည်သူများ စစ်ရေးသတိရှိကြရန် KIO ပြောရေးဆိုခွင့်ရှိသူပြော

ပြည်သူများ စစ်ရေးသတိရှိကြရန် KIO ပြောရေးဆိုခွင့်ရှိသူပြော

မြို့ပြဒေသများအထိ အချိန်မရွေး တိုက်ပွဲဖြစ်ပွားလာနိုင်သည့်အတွက် စစ်ရေးသတိရှိရန်နှင့် လုံခြုံရေးအတွက် ကြိုတင်ပြင်ဆင်ထားရန် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ကချင်ပြည်သူများအား သတိပေးပြောဆိုလိုက်သည်။

KIO သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက “ပြည်သူလူထုတွေလည်း အရင်နှစ်ထက်ပိုပြီးမှ စစ်ရေးအခြေအနေကို စောင့်ကြည့်ဖို့ စစ်ရေးနဲ့ပတ်သက်တဲ့ သတင်းတွေကို နားစွင့်ဖို့ကတော့လိုမယ်လို့ ကျနော်ထင်ပါတယ်။ အဲဒါကြောင့် အချိန်မရွေး တိုက်ပွဲတွေဖြစ်လို့ရှိရင် ကိုယ့်မိသားစုအတွက် ကိုယ့်ကိုအတွက် လုံခြုံရေးတွေလည်း အတတ်နိုင်ဆုံး ကျနော်တို့ အဆင်ပြေသလို လုပ်ထားဖို့တော့လိုမယ်လို့ ကျနော်ပြော လိုပါတယ်” ဟု ပြောသည်။

ဇွန်လ ၂၃ ရက်နေ့ညက ဗလမင်းထင်တံတားရှိ စစ်ကောင်စီ၏ လုံခြုံရေးတပ်များအား ကချင်လွတ်လပ်ရေးတပ်မတော် KIA က ဝင်ရောက်တိုက်ခိုက်ပြီးနောက် နေရာအနှံတွင် တိုက်ပွဲများ ဖြစ်ပွားလာနိုင်သည့် အခြေအနေများကြောင့် ပြည်သူများ စစ်ရေးသတိနှင့် လုံခြုံရေးအတွက် ကြိုတင်ပြင်ဆင်ထားရန် ပြောဆိုလိုက်ခြင်းဖြစ်သည်။

“ခုအချိန်မှာကတော့ မြန်မာနိုင်ငံတစ်နိုင်ငံလုံးမှာ စစ်အာဏာရှင်ဖြုတ်ချရေးနဲ့ပတ်သက်လို့ တော်လှန်ရေးလုပ်နေတဲ့ အချိန်ကာလဖြစ်ပါတယ်။ ကျနော်တို့ ကချင်ပြည်နယ်မှာသာမကပါဘူး။ မြို့ကြီးတွေ ပြကြီးတွေ ရန်ကုန် မန္တလေးမြို့ကအစ ပြည်သူလူထုတွေလည်း ဒီ စစ်အာဏာရှင် ဖြုတ်ချရေးမှာ တော်လှန်ရေးလုပ်နေတဲ့ အချိန်ကာလဖြစ်နေတယ်။ ဆိုတော့ တိုက်ပွဲတွေကတော့ ကျနော်တို့ KIA မဖြစ်ရင်လည်း အခြားအဖွဲ့အစည်းတွေ PDF တို့ တစ်ခြားအဖွဲ့အစည်းတွေ အများကြီးရှိပါတယ်။ အဲဒါနဲ့ဖြစ်ပြီးမှ တိုက်ပွဲတွေလည်း ဖြစ်တတ်တာပေါ့” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ယမန်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီဖက်မှ တိုက်ပွဲဖြစ်ပွားခဲ့သည့် ဗလမင်းထင်တံတားဖက်သို့ တင့်ကားများ၊ စစ်ကားများဖြင့် စစ်ကူသွားရောက်ခဲ့သကဲ့သို့ မြစ်ကြီးနားမြို့အနှံ လေယာဉ်ပျံဝဲမှုများလည်းရှိသည်ဟု ဒေသခံများက ဆိုသည်။

ကချင်ပြည်နယ်အခြေစိုက် ကချင်ဒီမိုကရက်တစ်ပါတီ KDP ဥက္ကဋ္ဌဟောင်း ဦးကွမ်ဂေါင်အောင်ခမ်းက “မနေ့ညက အသံတွေကြားပြီးတာနဲ့ လေယာဉ်တွေပျံဝဲ မီးတော့ပိတ်ပြီးမှ ပျံဝဲနေတဲ့သဘောမျိုးဖြစ်ပါတယ်။ သူတို့အနေနဲ့တော့ ဘာတွေကို ကြည့်နေသလဲတော့ မသိဘူး။ ဒါပေမယ့်လို့ နေမျိုးညမျိုးဖြစ်နေတဲ့ဟာမျိုးကျတော့ ကျနော်တို့လည်း တကယ်ပဲစိုးရိမ်တာပေါ့။ ကျနော်တစ်ယောက်တည်းတောင်မကပါဘူး ဒီမှာရှိနေတဲ့ ပြည်သူလူထုတွေအကုန်လုံးတော့ စိုးရိမ်ကြမှာတော့ အမှန်ဖြစ်ပါတယ်” ဟု ပြောသည်။

လက်ရှိတွင် တိုင်းနှင့်ပြည်နယ် ဒေသအသီးသီးရှိ မြို့တော်တော်များများနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ထိန်းချုပ်ထားသည့် ဒေသများတွင် စစ်ကောင်စီတပ်များနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား တိုက်ပွဲများဖြစ်ပွားနေသကဲ့သို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဖွဲ့စည်းထားသည့် ပြည်သူ့ကာကွယ်ရေးတပ် PDF တပ်များနှင့်လည်း စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများဖြစ်ပွားနေသည်။

ထိုအနေအထားများကြောင့် ကချင်ပြည်နယ်ရှိ မြို့ကြီးပြကြီးများသို့ တိုက်ပွဲများ ကူးစက်ဖြစ်ပွားလာမည်ကိုစိုးရိမ်ကြောင်း ဦးကွမ်ဂေါင်အောင်ခမ်းက ဆက်ပြောသည်။

၎င်းက “အကုန်လုံး တစ်နိုင်ငံလုံးနဲ့ သုံးသပ်ရင်တော့ စစ်တွေကတော့ သူ့ဟာနဲ့သူတော့ဖြစ်နေတယ် PDF တွေနဲ့ ဖြစ်နေတဲ့သဘောမျိုးဖြစ်ပါတယ်။ ဒါပေမယ့် အခုအခြေအနေဟာမျိုးက တအားကြီးဖြစ်မလားဆိုတာမျိုးကျတော့ ကျနော်တို့မသိဘူး။ ဒါပေမယ့် အကုန်လုံးက ပြင်ဆင်ပြီး မှ လုပ်နေကြတယ်ဆိုတော့ စစ်ကတော့ ဖြစ်လာလိမ့်မယ်လို့ပဲ ကျနော်က ဒီလိုပဲမြင်ပါတယ်။ ဒါကြောင့်လည်း ကျနော်အနေနဲ့တော့ စိုးရိမ်တယ်ဗျာ။ စိုးရိမ်တာတော့ အမှန်ပေါ့။ အခုအခြေအနေမျိုး ဆက်လက်ပြီးမှ ဖြစ်မယ်ဆိုရင်တော့ စိုးရိမ်မှုတော့ရှိတယ်။ အဲဒီအတိုင်းပဲ အခုဒီမှာ ကချင်ပြည်နယ်ထဲမှာလည်း ကြိုကြိုကြားကြား စစ်တွေဖြစ်နေတော့ ဒီဟာတွေတော့ အများကြီး ကျနော်တို့ နိုင်ငံရေးသမားတွေအနေနဲ့တော့ စိုးရိမ်မှုတော့ အများကြီးရှိနေတယ်လို့တော့ ပြောလိုပါတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ကာ စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့ တိုက်ပွဲများ ဆက်တိုက်ဆိုသလိုဖြစ်ပွားလာခဲ့ပြီး တိုက်ပွဲများကြောင့် ပြည်သူများမှာ စစ်ဘေးလွတ်ရာနေရာများသို့ ထွက်ပြေးတိမ်းရှောင်နေကြသည်။

တိုက်ပွဲများမှာလည်း တိုင်းရင်းသားပြည်နယ်များရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများထိန်းချုပ်သည့် ဒေသများတွင်သာမက တိုင်းဒေသအသီးသီးရှိ မြို့ကြီးပြကြီးများတွင်ပါ ဆက်တိုက်ဆိုသလို ဖြစ်ပွားလာသည့်အတွက် ပြည်သူများအနေဖြင့် စစ်ရေးသတိရှိရန်နှင့် လုံခြုံရေးအတွက် ကြိုတင်ပြင်ဆင်မှုများကို ပြုလုပ်ထားရန်လိုသည်ဟု KIO/KIA က ဆိုသည်။

 
 

 

 

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...