ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်နေ့ ညနေပိုင်းက အပြစ်မဲ့အရပ်သားတစ်ဦး လက်နက်များကိုင်ဆောင်ထားသူတစ်စု၏ သေနတ်ဖြင့်ပစ်ခတ်၍ သေဆုံးသွားမှုမှာ ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် (ALA) လက်ချက်မဟုတ်မှန်ကြောင်း ယနေ့ ဇွန်လ ၂၄ ရက်နေ့ တွင် ၎င်းပါတီက ကြေညာချက်ထုတ်ပြန်၍ ငြင်းဆိုလိုက်သည်။
ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်နေ့က စစ်တွေမြို့ပေါ်ရှိ ရွာကြီးမြောက်ရပ်ကွက်တွင် အရပ်သားမှာ လက်သမားဆရာတစ်ဦးဖြစ်ပြီး အသက် (၅၂) နှစ်အရွယ်ရှိ ဦးညွှန့်စိုးအောင် (ခ) ဦးမဲကလောင် ပစ်သတ်ခံရ၍ သေဆုံးမှုတွင် ALA အား စွပ်စွဲမှုများထွက်ပေါ်နေကြောင်း၊ ယင်းလုပ်ကြံမှုမှာ မိမိတို့နှင့် လုံး၀ သက်ဆိုင်မှုမရှိကြောင်း ၎င်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယနေ့ ဇွန်လ ၂၄ ရက်နေ့၌ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP/ALA) ၏ ထုတ်ပြန်ချက်တွင် အမည်မသိလူတစ်စုမှ ဦးညွှန့်စိုးအောင် (ခ) ဦးမဲကလောင်အား သေနတ်ဖြင့် ရင်ဝကို အနီးကပ်ပစ်ခတ်မှုကြောင့် သေဆုံးရခြင်းအပေါ် မိသားစုနှင့် ထပ်တူဝမ်းနည်းမိသည်ဟု ဖော်ပြသည်။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ပြန်ကြားရေးအဖွဲ့မှ ဒုတိယဗိုလ်မှူးကြီး ခိုင်ကျော်လှိုင်က “ကျနော်တို့ ALP မှာ စစ်တွေမြို့မှာ ရုံးတွေရှိတယ်ဆိုရင်လည်း သေနတ်မရှိပါဘူး။ မြို့ပေါ်လောကဖြစ်တဲ့အတွက် ကျနော်တို့ ALP မှာ သေနတ်ဆိုပြီး အတိုတစ်လက်တောင် မရှိပါဘူး။ လူမှုကွန်ရက် စာမျက်နှာပေါ်မှာလည်း ကျနော်တို့ကို ဝေဖန်နေတာတွေပါတယ်။ ဒီအပေါ်မှာ ကျနော်တို့အနေနဲ့ စိတ်မကောင်းဖြစ်မိပါတယ်။ ကျနော်တို့ပါတီရဲ့ မူဝါဒမှာ ရခိုင်သားကို ရခိုင်သားအချင်းချင်း သတ်တယ်ဆိုတာ မရှိပါဘူး။ သို့သော် ရိုးရိုးအရပ်သားတစ်ယောက်ကို ALP က ပစ်တယ်ဆိုပြီး ထင်ကြေးပေးနေကြတာကတော့ ဘယ်လိုအထောက်အထားတွေနဲ့ ပြောတာပါလဲ။ ကျနော်တို့ ALP က ရခိုင်လူထုအပေါ် ဘာများမကောင်းတာ လုပ်ဖူးပါလဲ။ ဒါတွေက ရည်ရွယ်ချက်ရှိရှိ အကွက်ဆင်ပြီး လုပ်နေကြတာလားဆိုပြီး ကျနော်တို့ သံသယဖြစ်မိပါတယ်” ဟု ပြောသည်။
ဦးညွှန့်စိုးအောင် (ခ) ဦးမဲကလောင်အား ယခုကဲ့သို့ လက်နက်ကိုင်လူတစ်စုက ရင်ဝအား အနီးကပ် ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်မှုသည် ရခိုင်ပြည်လွှတ်မြောက်ရေးပါတီ ALP လက်ချက်ဖြစ်နိုင်ကြောင်း ညီဖြစ်သူ ဦးဟန်သိန်းမောင်က ပြောသည်။
“ကျနော်ကတော့ အစက ဘာမှမသိဘူး။ အိမ်ဆောက်နေရာကနေပြီး ပစ်သံကြားတယ်။ ပစ်သံကြားတယ်ဆိုပြီး သွားကြည့်တော့ ကျနော့်အစ်ကိုကို သေနတ်နဲ့ပစ်ပြီး ထွက်ပြေးသွားတယ်လို့ပြောတယ်။ ဘယ်အဖွဲ့ကလဲဆိုတော့ ကျနော်တို့သိရတာက ALP အဖွဲ့ကလို့ပဲ ထင်ပါတယ်။ အစဆုံး လာတုန်းက (၂) ယောက်လို့ပြောတယ်။ နောက်တစ်ခေါက်လာတဲ့အခါ (၈) ယောက်လောက်ပါတယ်လို့ပြောတယ်။ ဒီကိစ္စအပေါ်မှာ ကျနော်တို့ကတော့ လုံးဝမကျေနပ်ပါဘူး။ ဘာကြောင့်လည်းဆိုတော့ သူက လူကောင်းတစ်ယောက်ဖြစ်နေတယ်။ လူဆိုးမဟုတ်ဘူး။ သူ့မှာ အပြစ်တစ်ခုခုရှိတယ်ဆိုရင် ကျနော်တို့တာဝန်ယူပါတယ်။ လက်သမားအလုပ်နဲ့ အမေကို လုပ်ကျွေးနေတဲ့လူပါ” ဟု ၎င်းက အခင်းဖြစ်သည့်နေ့၌ ပြောကြားခဲ့သည်။
အခင်းဖြစ်သည့်နေ့တွင် သေဆုံးသွားသူ ဦးညွှန့်စိုးအောင်၏ အသက် (၂၂) နှစ်ခန့်ရှိ တူဖြစ်သူကို ALP/ ALA ဖမ်းဆီးရန်လာရောက်ရာမှ ပြဿနာဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သေဆုံးသွားသူ၏ ခယ်မဖြစ်သူက ပြောသည်။
“ဦးညွှန့်စိုးအောင်မှာ တူဖြစ်သူက ALP ဆီမှာ အဖမ်းခံထားရတယ်။ ဖမ်းဆီးထားလို့ (၃) ရက်လောက်အကြာမှာ တူဖြစ်သူက ထွက်ပြေးလာတယ်။ ထွက်ပြေးလာလို့ (၄) ရက်လောက်အကြာမှာ ALP က လာဖမ်းတယ်။ ထမင်းစားနေတဲ့အချိန်မှာ အိမ်ပေါ်ကိုတက်ပြီး လည်ပင်းကိုဖျစ်တယ်လို့ပြောတယ်။ မရမက လုံးထွေးပြီးတော့ ဖမ်းတယ်လို့သိရတယ်။ အဲဒီအချိန်မှာ ဦးညွှန့်စိုးအောင်က ရောက်လာတယ်။ ရောက်လာတော့ အဲဒီလိုမလုပ်သင့်ဘူး။ ဖမ်းချင်ရင် ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့လာဖမ်းဆိုပြီး စကားအချေအတင်ဖြစ်ကြတယ်” ဟု အခင်းဖြစ်သည့်နေ့က သေဆုံးသူ၏ ခယ်မဖြစ်သူက ပြောခြင်းဖြစ်သည်။
၎င်းနောက်ပိုင်းတွင် ဦးညွှန့်စိုးအောင် (ခ) ဦးမဲကလောင်ကို ဆိုင်ကယ်စီးလာသူ လူတစ်စုက သေနတ်ဖြင့် ပစ်သတ်ခဲ့သည်ဟု သူမက ပြောကြားသည်။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ၁၉၆၇ ခုနှစ်က ကရင်ပြည်နယ်အတွင်း စတင်တည်ထောင်ခဲ့ပြီး အစိုးရနှင့် ပြည်နယ်အဆင့် ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားကာ ၂၀၂၀ ခုနှစ် အထိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပါဝင်ဆွေးနွေးနေသည့် ရခိုင်လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်သည်။








