ကုန်ဈေးနှုန်းမြင့်တက်လာနေ၍ ရခိုင်ပြည်နယ်တွင်းမှ အခြေခံလူတန်းစားများ အခက်ကြုံရနိုင်ဖွယ်ရှိနေဟုဆို

ကုန်ဈေးနှုန်းမြင့်တက်လာနေ၍ ရခိုင်ပြည်နယ်တွင်းမှ အခြေခံလူတန်းစားများ အခက်ကြုံရနိုင်ဖွယ်ရှိနေဟုဆို

ရခိုင်ပြည်နယ်အတွင်း ကုန်ဈေးနှုန်းများ မြင့်တက်လာခြင်းကြောင့် ပြည်နယ်တွင်းရှိ လက်လုပ်လက်စား အခြေခံလူတန်းစားများအနေဖြင့် စားဝတ်နေရေးအခက်အခဲနှင့် ကြုံတွေ့ရလာရနိုင်ဖွယ်ရှိနေကြောင်း ရခိုင်ပြည်နယ် ဆန်စပါးအသင်းဥက္ကဋ္ဌ ဦးခင်မောင်ကြီးက ပြောဆိုလိုက်သည်။

“ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်တက်လာတဲ့အခါမှာ အဓိကတော့ ဆင်းရေးနွမ်းပါးမှုတွေ၊ အစားအစာပြတ်လပ်မှုတွေ ဖြစ်လာနိုင်ပါတယ်။ ဆင်းရဲတဲ့လူတွေက ဝင်ငွေကလည်းမကောင်းတဲ့အခါမှာ ဆန်၊ စပါး တွေကလည်း ဈေးကြီးလာတယ်။ ကုန်ဈေးနှုန်းတွေကလည်း မြင့်တက်လာတယ်ဆိုတော့ ဝယ်ယူစားသုံးဖို့အတွက် ခက်ခဲလာနိုင်တဲ့ အနေအထားဖြစ်ပါတယ်။ ပြီးတော့ လက်လုပ်လက်စား အခြေခံလူတန်းစားအများစုမှာက ပျမ်းမျှတစ်ရက်ဝင်ငွေ အနည်းဆုံး (၅၀၀၀) လောက်မှာပဲရှိတယ်” ဟု ရခိုင်ပြည်နယ် လုပ်ငန်းရှင်များအသင်းဥက္ကဌ ဦးခင်မောင်ကြီးက ဆိုသည်။

သို့အတွက် ဝင်ငွေနည်းသော လက်လုပ်လက်စားများ၊ ဆင်းရဲ နွမ်းပါးသူများအနေဖြင့် စားဝတ်နေရေးအခက်အခဲ ကြုံတွေ့ရနိုင်ဖွယ်ရှိသည်ဟု ၎င်းကပြောကြားသည်။

လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်း ကုန်ဈေးနှုန်းများ အရင်ကထက် မြင့်တက်လာနေပြီး သီရိဒုံတစ်အိတ်မှာ ကျပ် ၂၉၀၀၀မှ ကျပ် ၃၁၀၀၀ ထိလည်းကောင်း၊ ဧည့်မထ (ဆန်ချေ) တစ်အိတ်မှာ ၂၉၀၀၀ မှ ၃၁၀၀၀ ထိလည်းကောင်း၊ ပေါ်ဆန်းမွှေးဆန်တစ်အိတ်လျှင် ကျပ် ၄၃၀၀၀ မှ ၄၇၀၀၀ အထိ စျေးတက်သွားခဲ့သည်ဟု သိရသည်။

ပဲဆီမှာ ၁ ပိဿာ ကျပ် (၉,၀၀၀)၊ ခရုတ်သီး ၁ ပိဿာ (၅,၀၀၀) ကျပ်၊ ကြက်သွန်ဖြူ ၁ ပိဿာ (၃,၀၀၀) ကျပ်၊ ကြက်သွန်နီ ၁ ပိဿာ (၇၀၀) ကျပ်နှင့် ဆား ၁ ပိဿာ ၃၅၀ ကျပ်ထိရှိကြောင်း သိရသည်။

စက်သုံးဆီဈေးနှုန်းမှာလည်း ဓာတ်ဆီ ၁ လီတာကို ပျမ်းမျှ ကျပ် (၁,၀၀၀) အထက်ရှိကြောင်း သိရသည်။

စစ်တွေမြို့ မင်းဂံရပ်ကွက်မှ ကုန်စုံဆိုင်သည်တစ်ဦးက “ကုန်ဈေးနှုန်းတွေမှာကတော့ အရင်လတုန်းကထက် မြင့်တက်သွားပါတယ်။ ပေါ်ဆန်းမွှေး ဆန်တစ်အိတ်ကို အရင်လတုန်းက ၄၃၀၀၀ ကျပ်ကျပါတယ်။ အခုတော့ ကျမတို့မှာ ဆန်တစ်အိတ်ကို ကျပ် ၄၇,၀၀၀ နဲ့ ရောင်းနေရပါတယ်။ ဆန်အိတ် သယ်ယူပို့ဆောင်ခတွေကလည်း ပိုပြီးဈေးကြီးလာတာရှိတယ်” ဟု ပြောပြသည်။

ယခုကဲ့သို့ ပြည်နယ်တွင်း ကုန်ဈေးနှုန်းများ မြင့်တက်နေခြင်းနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်အတွင်း အုပ်ချုပ်ရေးတာဝန်ယူထားသည့် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် မည်ကဲ့သို့လုပ်ဆောင်နေသည်ကို သိရှိလိုကြောင်းနှင့် လက်ရှိ ပြည်သူများကြုံတွေ့နေရသည့် ကုန်ဈေးနှုန်း အဆမတန်မြင့်တက်လာမှုများကို စီးပွားရေးလုပ်ငန်းရှင်များနှင့် အစိုးရကြား တွေ့ဆုံဆွေးနွေးဖို့လိုအပ်ကြောင်း ဦးခင်မောင်ကြီးက ပြောဆိုသည်။

ရခိုင်ပြည်နယ်အတွင်း ကုန်ဈေးနှုန်း အဆမတန်မြင့်တက်နေခြင်းနှင့်ဆက်စပ်ပြီး ပြည်နယ်ကောင်စီအစိုးရအနေဖြင့် မည်သို့ဖြေရှင်းသွားမည်ကို ပြည်နယ်ကောင်စီအဖွဲ့ဝင် ဦးသန်းထွန်းနှင့် သတင်းထုတ်ပြန်ရေးတာဝန်ခံ ဦးလှသိန်းတို့ကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပါ။

ပြီးခဲ့သည့် ဖေဖော်ဝါရီလက မြန်မာနိုင်ငံအတွင်း စစ်တပ်ကနေ နိုင်ငံတော်အာဏာကို သိမ်းယူပြီးနောက်ပိုင်းမှာ ရခိုင်ပြည်နယ်အတွင်း ကုန်စည်စီးဆင်းမှုတွေ နှောင့်နှေးခြင်းများရှိခဲ့ပြီး ကုန်ဈေးနှုန်းများမှာလည်း တစ်စတစ်စ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...