လက်ရှိ မတည်ငြိမ်မှုများ၏လက်သည်မှာ အာဏာသိမ်းစစ်ကောင်စီ (စစ်တပ်) ကြောင့်ဖြစ်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေး ဒု-ဝန်ကြီးက ပြောသည်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန ဒု-ဝန်ကြီး ဒေါ်ခင်မမမျိုးကလည်း “မြန်မာနိုင်ငံ ပြည်တွင်းစစ်ဖြစ်ခဲ့တဲ့ နှစ် ၇၀ ကျော် သမိုင်းတစ်လျှောက်လုံးဟာဆိုရင် မြန်မာနိုင်ငံထဲမှာရှိခဲ့တဲ့ စစ်တပ်အမည်ခံ လူအုပ်စုတစ်စုသာ မြန်မာနိုင်ငံမှာ နိုင်ငံရေးဆူပူမှုတွေ များနေခဲ့ပါတယ်။ ဒီလိုများခြင်းရဲ့ အကြောင်းအရင်းဟာဆိုလို့ရှိရင် ကျမတို့ မြန်မာနိုင်ငံမှာပေါ်ပေါက်ခဲ့တဲ့ စစ်တပ်ကသာလျှင် ပြည်တွင်းစစ်ရဲ့ တရားခံ ဖြစ်ပါတယ်။ အဲ့တော့ မြန်မာနိုင်ငံထဲမှာ စစ်ကောင်စီရဲ့ စစ်တပ်မရှိတော့ဘူးဆိုရင် မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်လည်း ရှိတော့မှာမဟုတ်ဘူးဆိုတာကို အလေးအနက်ဖြေကြားပြီးတော့ တုန့်ပြန်လိုပါတယ်” ဟု ပြောသည်။
ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ကာ စစ်တပ်က အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံအနှံ့ ကာကွယ်ရေးတပ်များဖွဲ့ကာ စစ်ကောင်စီကို မြို့ရွာများအထိ တော်လှန်တိုက်ခိုက်နေကြခြင်းသည် အာဏာသိမ်းစစ်တပ်၏လုပ်ရပ်ကြောင့် ဖြစ်ပေါ်လာခဲ့သည့် အကျိုးဆက်များကြောင့်ဖြစ်သည်ဟု တက်ကြွလှုပ်ရှားသူများနှင့် NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ဒု-ဝန်ကြီးက ထောက်ပြပြောဆိုလိုက်ခြင်းဖြစ်သည်။
တအာင်းကျောင်းသားလူငယ်အဖွဲ့က တာဝန်ရှိသူတစ်ဦးက “အရင်က တိုင်းရင်းသားပြည်နယ်တွေမှာပဲ တိုက်ပွဲတွေဖြစ်ခဲ့တာ။ အခုက ဒီမန္တလေးတို့ မုံရွာတို့၊ ကလေးတို့ ရန်ကုန်တို့ အားလုံးမှာဖြစ်လာပြီ။ မနေ့က မန္တလေးဖြစ်စဉ်လိုမျိုးဆိုရင် တောင်ပေါ်ဒေသမှာ ဖြစ်နေကြလိုမျိုးပါ။ အခြေအနေက တော်တော်ဆိုးလာပြီ။ ဒီဖြစ်စဉ်တွေရဲ့တရားခံက တခြားလူတွေမဟုတ်ဘူး။ စစ်တပ်ပဲ။ မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်ကြောင့်ပါ” ဟု ပြောသည်။
ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက် KPSN က ပြောရေးဆိုခွင့်ရှိသူ စောအဲလက်စ်က နေ့တိုင်းလူတွေဖမ်းတယ်၊ နေ့တိုင်း လူတွေကို ပစ်သတ်တယ်။ ရွာတွေမီးရှို့တယ်၊ နိုင်ငံတခုလုံးကို စုတ်ပြတ်သတ်သွားအောင် နိုင်ငံတစ်ခုလုံးကို ကမောက်ကမဖြစ်အောင်လုပ်တဲ့လူတွေ” ဟု စစ်ကောင်စီ၏ လုပ်ရပ်များနှင့်ပတ်သက်၍ သတင်းနှင့်မီဒီယာကွန်ရက် သတင်းဌာနကို ပြောသည်။
ပင်လုံစာချုပ်ချုပ်ဆိုပြီးနောက်ပိုင်းကစတင်၍ ယနေ့အချိန်ထိ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင်လည်း စစ်ရာဇဝတ်မှုများကို အာဏာသိမ်းစစ်ကောင်စီက ဆက်လက်ကျူးလွန်နေသည်ဟု ကချင်အမျိုးသမီးများအစည်းအရုံး-ထိုင်းနိုင်ငံ KWAT က ပြောသည်။
အာဏာသိမ်းပြီးနောက်တွင် စစ်ကောင်စီတပ်များက အရပ်သားများအပေါ် တိုက်ခိုက်မှုများက ကြီးမားတဲ့ အိုးအိမ်စွန့်ခွာ ရွှေ့ပြောင်းမှုများကို ဖြစ်ပေါ်စေသည့်အတွက် မိုးမောက်နှင့် ဗန်းမော်မြို့တို့တွင် စစ်ဘေးဒုက္ခသည်အသစ် ၆၀၀၀ ကျော်တိုးလာသည်ဟု KWAT ၏ ပြောရေးဆိုခွင့်ရှိသူ မွန်းနေလီက ပြောသည်။
“ဒီတိုက်ပွဲဖြစ်တာမဟုတ်ပဲနဲ့ ဗမာစစ်တပ်ကနေ ပြည်သူလူထုတွေနေထိုင်တဲ့ ရပ်ရွာတွေမှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ။ ဒါကြောင့်မို့လို့ ပြည်သူလူထုတွေ ထွက်ပြေးတိမ်းရှောင်ရတယ်။ ပြီးလို့ရှိရင် သူတို့ရဲ့ အိုးအိမ်စည်းစိမ်တွေ ဖျက်ဆီးခံရတာပေါ့။ ဆိုတော့ အခု ဒီပြည်သူလူထုတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ ပြည်သူလူထုပေါင်း ခြောက်ထောင်ကျော်လောက်ရှိမယ်ပေါ့နော။ ဆိုတော့ ဒီထွက်ပြေးတိမ်းရှောင်တဲ့နေရာတွေမှာ ပြည်သူလူထုတွေရဲ့ နေရာတွေမှာ စစ်တပ်က ပြန်ပြီးတော့ အခြေချထားတာပေါ့နော။ ဆိုတော့ အခြေချထားတာတွေမကဘူး။ ပြည်သူလူထုတွေရဲ့ စည်းစိမ်ဥစ္စာတွေပြီးလို့ရှိရင် ကျွဲနွားတိရစ္ဆာန်တွေပေါ့နော်။ ဒါကို လုယူတယ်။ ပြီးလိုရှိရင် ဖျက်ဆီးတယ်”
ယနေ့ဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေများအရ ပြည်မဟုခေါ်သည့် ဗမာအများစုနေထိုင်သည့် မြို့ပြကြီးများတွင်လည်း တိုင်းရင်းသားပြည်နယ်များနည်းတူ စစ်ကောင်စီတပ်များ၏ လူ့အခွင့်အရေးချိုးဖောက်မှုများ ပေါ်ပေါ်ထင်ထင်ရှိလာနေသည့် ယခုအချိန်သည် အားလုံးပူးပေါင်း၍ စစ်ကောင်စီတပ်များကို တိုက်ထုတ်ရန်အချိန်ဖြစ်သည်ဟု စောအဲလက်စ်က ဆက်ပြောသည်။
“လွန်ခဲ့တဲ့နှစ် နှစ်ဆယ် သုံးဆယ်အတွင်းမှာ ကျနော်တို့မမြင်ခဲ့တဲ့ ပြည်မက ဗမာလူမျိုးတွေ ဗမာတိုင်းရင်းသားလူမျိုးတွေက အာဏာရှင်ကို ဆန့်ကျင်ပြီးတော့ ရရာလက်နက်စွဲကိုင် ရရာတဲ့နည်းနဲ့ အမျိုးမျိုးဆန့်ကျင်နေတဲ့အချိန်မှာ ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင်တွေက ဒီပြည်မက ဒီအများစုရှိတဲ့ တိုင်းရင်းသားလူမျိုးတွေကို ကျနော်တို့ အတူတူလက်တွဲပြီးတော့ ကျနော်တို့အနာဂတ်ကို ဦးဆောင်ပြီးတော့မှ ကျနော်တို့ လက်တွဲပြီး ဦးဆောင်ပြီးတော့မှ ကျနော်တို့ ပြုပြင်ပြောင်းလဲလို့ရတဲ့အချိန်ဖြစ်တယ်”
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စာရင်းများအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ဇွန်လ ၂၃ ရက်နေ့အထိ စစ်အာဏာရှင်တော်လှန်ရေးတွင် ကျဆုံးခဲ့ရသူ ၈၇၇ ဦး၊ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရ ၅၀၈၈ ဦးနှင့် ဖမ်းဆီးခံထားရသူများအနက် ၂၁၀ ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်ဟု သိရသည်။







