ရန်ကုန် လှည်းကူးမြို့နယ်ရှိ ရခိုင်အိမ်ထောင်စု ၁၁၈ စု စားဝတ်နေရေးခက်ခဲနေ

ရန်ကုန် လှည်းကူးမြို့နယ်ရှိ ရခိုင်အိမ်ထောင်စု ၁၁၈ စု စားဝတ်နေရေးခက်ခဲနေ

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်တွင် ဝင်ရောက်နေထိုင်လျက်ရှိသည့် ရခိုင်အိမ်ထောင်စု ၁၁၈ စုတွင် စားဝတ်နေရေးခက်ခဲနေသည်ဟု သတင်းရရှိသည်။

သူတို့သည် စက်ရုံ၊ အလုပ်ရုံများတွင် ဝင်ရောက်လုပ်ကိုင်နေကြသည့် အခြေခံလက်လုပ်လက်စားများဖြစ်ပြီး ကိုဗစ်ကာလနှင့် ယခုအရေးပေါ်အခြေအနေများကြောင့် စက်ရုံ၊ အလုပ်ရုံများ ပိတ်ထားသည့်အတွက် စားဝတ်နေရေး အခက်ကြုံနေရခြင်းဖြစ်သည်ဟု သိရသည်။

ယခုကဲ့သို့ အခက်အခဲဖြစ်နေ၍ သူတို့အတွက် တစ်အိမ်ထောင်လျှင် ဆန် (၈) ပြည်ကိုလည်း ဇွန်လ ၂၀ ရက်နေ့တွင် ရခိုင်အမျိုးသားကွန်ရက်က သွားရောက်ကူညီပေးခဲ့ကြောင်း သိရသည်။

ရခိုင်အမျိုးသားကွန်ရက်ဥက္ကဋ္ဌ ကိုတင်ထူးအောင်က "သူတို့တွေဟာ ရခိုင်ပြည်နယ်ထဲက ၆ မြို့နယ်ကလူတွေ ဒီကိုရောက်နေကြတာကြာပြီ။ ရွေ့ပြောင်းလုပ်သားတွေဖြစ်တယ်။ ကိုဗစ်ကြောင့် ပထမတစ်ခေါက်ကလည်း ပိတ်ထားတယ်။ အရေးပေါ်အခြေအနေကြောင့်လည်း တစ်ချို့ စက်ရုံ၊ အလုပ်ရုံတွေပိတ်၊ အပြင်ထွက် အလုပ်အကိုင်လုပ်ဖို့ ခက်ခဲခဲ့တယ်။ အဲဒါကြောင့် စားဝတ်နေရေးအခက်အခဲ အလွန်တရာဖြစ်လာတာကြောင့် ကျနော်တို့ ကူညီထောက်ပံ့ပေးခဲ့တာဖြစ်တယ်" ဟု ပြောသည်။

ယခု အခက်အခဲဖြစ်နေကြသူများသည် ရခိုင်ပြည်နယ် ဘူးသီးတောင်၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ သံတွဲ၊ မင်းပြားနှင့် ရသေ့တောင် စသည့် မြို့နယ် (၆) ခုမှဖြစ်ပြီး လှည်းကူးမြို့နယ်ရှိ တိုးချဲ့ရပ်ကွက်များအတွင်း ရွေ့ပြောင်းနေထိုင်နေကြသည်မှာ ကြာမြင့်နေပြီဟု သိရသည်။

ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...