ဆိုင်ကယ်ရပ်မပေးဟုဆိုကာ လူငယ်နှစ်ဦးအား ပစ်သတ်

ဆိုင်ကယ်ရပ်မပေးဟုဆိုကာ လူငယ်နှစ်ဦးအား ပစ်သတ်

မွန်ပြည်နယ် မော်လမြိုင်မြို့ပေါ်တွင် ဆိုင်ကယ်စီးလာသည့် လူငယ်နှစ်ဦးကို အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များက ရပ်မပေးသည့်အတွက် ပစ်သတ်လိုက်သည်ဟု မြို့ခံများကပြောသည်။

ဇွန်လ ၂၀ ရက်နေ့ ည ၈ နာရီခွဲအချိန်ခန့်က မော်လမြိုင် ကျောက်မီးသွေးရုံး မီးပွိုင့်နေရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဆိုင်ကယ်စီးလာသည့် လူငယ်နှစ်ဦးကို ပစ်သတ်လိုက်ခြင်းဖြစ်သည်။

“ဆိုင်ကယ်မရပ်ပေးလို့ဆိုပြီး ပစ်လိုက်တာပေါ့။ အမှန်က စစ်တယ်ဆိုတဲ့နေရာက မီးပွိုင့်နေရာမှာဆိုတော့ နောက် စစ်နေတဲ့ကောင်တွေကလည်း အမှောင်ထဲမှာ ဟိုကလည်း အရှိန်နဲ့မောင်းလာတဲ့သဘော အဲဒါကို ဆိုင်ကယ်မရပ်ပေးလို့ဆိုပြီး ပစ်လိုက်တာ။ တစ်ယောက်ကတော့ သေတယ်” ဟု အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အနီးရှိမြို့ခံတစ်ဦးက ပြောသည်။

တစ်ဦးမှာ ချက်ချင်းသေပြီး၊ နောက်တစ်ဦးမှာ ချက်ချင်းမသေသေးပဲရှိနေသည်ကို စစ်တပ်က ထပ်မံပစ်ခတ်လိုက်သည့်အတွက် ၎င်းနေရာတွင်ပင် သေသွားခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

“နောက်တစ်ယောက်က မသေသေးဘူး ထပ်ပစ်သတ်လိုက်တာ နှစ်ယောက်စလုံး သေသွားတယ်” ဟု အဆိုပါမြို့ခံက ဆက်ပြောသည်။

ပစ်သတ်ခံရသည့် လူငယ်နှစ်ဦးသည် ဘီလူးကျွန်းမြို့နယ်၊ အဘစ်ကျေးရွာမှ မောင်မိုးဇော်ဦးနှင့် မောင်ဇော်မင်းဦးတို့ဖြစ်ကြသည်။

ဇွန်လ ၂၀ ရက်နေ့ညက မော်လမြိုင် ကျောက်မီးသွေးရုံးမီးပွိုင့်နေရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၂၀ ခန့်က ဖြတ်သန်းသွားလာနေသူများကို တားဆီးစစ်ဆေးမှု ပြုလုပ်နေခဲ့သည်။

ထိုသို့တားဆီးစစ်ဆေးနေစဥ် အဆိုပါ ဆိုင်ကယ်စီးလာသည့် လူငယ်နှစ်ဦးက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက တားဆီးစစ်ဆေးနေသည့်နေရာအရောက်တွင် ဆိုင်ကယ်ရပ်မပေးသည့်အတွက်ဟုဆိုကာ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များက ပစ်သတ်ခဲ့ခြင်းဖြစ်သည်ဟု မြို့ခံများက ပြောသည်။

ပစ်သတ်ခံရသည့် လူငယ်နှစ်ဦးအလောင်းကို လမ်းမပေါ်တွင် အချိန်အတော်ကြာပစ်ထားခဲ့ပြီးမှ ပရဟိတ မော်တော်ယာဉ်ကားဖြင့် လာရောက် သယ်ဆောင်သွားခဲ့သည်ဟု အနီးရှိ ပြည်သူများ၏ ပြောပြချက်အရ သိရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် မော်လမြိုင်မြို့ပေါ်တွင် တားဆီးစစ်ဆေးမှုများကို နေ့ရောညပါ တင်းကြပ်စွာပြုလုပ်လာခဲ့သည်မှာ ယနေ့အချိန်ထိဖြစ်သည်။

တားဆီးစစ်ဆေးစဉ်တွင် ဖမ်းဆီးမှုများပြုလုပ်နေသည့်အပြင် အစစ်ဆေးမခံပဲ ထွက်ပြေးသူများကိုလည်း ပစ်သတ်ရန် အမိန့်ထုတ်ထားသည်ဟု မြို့ခံအချို့၏ပြောပြချက်အရ သိရသည်။

မော်လမြိုင်သည်လည်း အခြားသောမြို့နယ်များနည်းတူ စစ်တပ်အာဏာသိမ်းပြီးနောက် ညမထွက်ရအမိန့်ကို ည ၁၀ နာရီမှ နံနက် ၄ နာရီ အထိ ထုတ်ပြန်သတ်မှတ်ထားသည်။

 
 

 

 

August 8, 2026
စစ်အုပ်စုကို ပြန်လည် ထိတွေ့ဆက်ဆံရန် ထိုင်းနိုင်ငံက အာဆီယံကို တိုက်တွန်းပြောဆိုထားသော်လည်း လက်ရှိ...
August 8, 2026
ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် မုဒိမ်းကျင့်လူသတ်မှုနှင့်ပတ်သက်၍...
August 7, 2026
မိုးအဆက်မပြတ် ရွာသွန်းမှုနှင့် တောင်ကျရေများ စီးဆင်းမှုတို့ကြောင့် ရခိုင်ပြည်၊ မြေပုံမြို့နယ်...
ဓာတ်ပုံ - NMG (ပုံဟောင်း)
August 7, 2026
ကချင်ပြည်မြောက်ဖျားပိုင်း ခေါင်လန်ဖူးမြို့နယ်အတွင်း၌ စစ်အုပ်စုတပ်က အင်အားဖြည့်တင်းမှုများ...