စစ်ယာဉ်တန်းအား မိုးမောက်မြို့နယ် နေရာနှစ်ခုတွင် KIA တပ်က တိုက်ခိုက်

စစ်ယာဉ်တန်းအား မိုးမောက်မြို့နယ် နေရာနှစ်ခုတွင် KIA တပ်က တိုက်ခိုက်

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ ဒေါ့ဖုန်းယန်အနီးတွင် စစ်ကောင်စီ၏ တပ်ယာဉ်တန်းကို ကချင်လက်နက်ကိုင်အဖွဲ့ KIA က နေရာနှစ်နေရာတွင် ဇွန်လ ၁၈ ရက်နေ့က ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

ဇွန်လ ၁၈ ရက်နေ့ နံနက် ၁၀ နာရီကျော်အချိန်ခန့်နှင့် မွန်းလွှဲ ၁၂ နာရီနောက်ပိုင်းတို့တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နှစ်ဖက်ကြား ပစ်ခတ်မှုများ နာရီဝက်ကျော်ကြာ ဖြစ်ပွားခဲ့သည်ဟု ဒေါ့ဖုန်းယန်က ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“မနေ့ကဖြစ်တာပါ။ ဒေါ့ဖုန်းယန်အောက်ဘက်နားက ရင်ကွဲတောင်နားလေး၊ ဒီနွမ်လန်းမှာ တစ်ကြိမ်ဖြစ်တယ်။ မနက် ဒီ ၁၀ နာရီကျော်ကျော် ၁၁ နာရီလောက်မှာနော် အဲ့ဒါက။ နောက်တစ်ခေါက်က နေ့လည် ၁၂ နာရီကျော်ပေါ့၊ အဲ့နောက်မှာပေါ့ နောက်တစ်ခါ ပြန်ပစ်ခံရတယ်။ လဂျားယန်နားလေးမှာ ဟုတ်တယ်နော် အဲ့ဒါက။ ပြီးတာနဲ့ တိုက်ပွဲပြန်ဖြစ်ကြတယ်။ မိနစ် ၄၀ လောက်ကြာမယ်ထင်တယ် တိုက်ပွဲက” ဟု ပြောသည်။

ဇွန်လ ၁၈ ရက်နေ့က ကြားဖြတ်တိုက်ခံရသည့် စစ်ယာဉ်တန်းသည် စစ်သားများနှင့် စားနပ်ရိက္ခာများတင်လာသည့် ယာဉ်တန်းဖြစ်သည်ဟု ဒေါ့ဖုန်းယန်ဒေသခံများက ပြောသည်။

“မြင်လိုက်တာက စစ်ကားက ၇ စီးလောက်ရှိမယ်နော်။ ရိက္ခာတွေပါတယ်၊ နောက်ပြီးတော့ ဒီစစ်သားဆိုလည်း ကားထဲမှာ အပြည့်ပါတယ်။ ဗန်းမော်ဘက်ကနေလာတဲ့ကားတွေ ဟုတ်တယ်။ အဲ့ဒီဘက်ကကားတွေ ဒီလဆို ခနခန ဖြတ်သွားနေတာတွေ့တယ်လေ။ ဒေါ့ဖုန်းယန်နားမှာ တစ်ခါ၊ နောက်တစ်ခါက ကျနော်တို့ ဒီ လဂျားယန်နားလေးမှာ တစ်ခါပေါ့။ တိုက်ခိုက်ခံရတယ်” ဟု ဒေါ့ဖုန်းယန်က လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ထပ်မံအတည်ပြုပြောသည်။

ဗန်းမော်ဘက်ကလာခဲ့သည့် အဆိုပါ စစ်ကောင်စီတပ်၏ ယာဉ်တန်းကို ဗန်းမော်-မြစ်ကြီးနားလမ်းမကြီးပေါ်က ဒေါ့ဖုန်းယန်နှင့် လဂျားယန်အနီးတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိုသို့တိုက်ခိုက်ပြီးနောက် ခရီးသွားလာမှုများ ခေတ္တရပ်နားခဲ့ရသော်လည်း ဇွန်လ ၁၉ ရက်နေ့တွင် ပုံမှန်ပြန်လည်သွားလာနေပြီဟု ဒေသခံများက ဆိုသည်။

အဆိုပါနေရာများသည် ဧပြီလနှင့် မေလတုန်းက တိုက်ပွဲများပြင်းထန်ခဲ့ပြီး စစ်ရေးအရ စစ်ကောင်စီဘက်က အကျအရှုံးများခဲ့သည့် နေရာများအနီးတွင်ဖြစ်သည်။

ဧပြီလနှင့် မေလများတွင် တိုက်ပွဲများပြင်းထန်ခဲ့သည့် မိုးမောက်မြို့နယ်အတွင်းက တာပိန်ဖြစ်တစ်လျှောက်ရှိ စီးဟတ်၊ မြို့သစ်၊ ကုန်းလောဘက်တွင် ယခုလအတွင်း တိုက်ပွဲများ ငြိမ်သက်နေသော်လည်း နေရပ်စွန့်ခွာ ထွက်ပြေးနေကြရသည့် အဆိုပါဒေသက ဒေသခံ ၆၀၀၀ ကျော်မှာ ယနေ့အချိန်ထိ နေရပ်ကို မပြန်နိုင်ကြသေးပေ။

အဆိုကျေးရွာများထဲ ယနေ့အချိန်ထိ စစ်ကောင်စီတပ်များက ဝင်ထွက်သွားလာနေပြီး၊ ဗန်းမော်၊ မိုးမောက်၊ ဒေါ့ဖုန်းယန်တစ်လျှောက် စစ်အင်အားတိုးမှုများ ဆက်တိုက်ရှိနေသည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်က ကချင်ပြည်နယ်ရှိ ဒေါ့ဖုန်းယန်-မိုးမောက် လမ်းမတစ်လျှောက် လက်နက်ကြီးပစ်ခတ်မှုကို အရှိန်တိုးမြှင့်ခဲ့ခြင်းတို့ကြောင့် ရွာသား ၉ ယောက် သေဆုံးခဲ့ပြီး ကလေး ၃ ဦးအပါအဝင် လူ ၁၅ ဦး ဒဏ်ရာရခဲ့သည်ဟု ကချင်အမျိုးသမီးအစည်းအရုံး-ထိုင်းနိုင်ငံ (KWAT) အဖွဲ့က ဇွန်လ ၁၆ ရက်နေ့ ထုတ်ပြန်ထားသည်။

KWAT အဖွဲ့၏ ထုတ်ပြန်ချက်ထဲတွင် KIA က မတ်လ ၂၅ ရက်နေ့တွင် အာလော့ဒ်ဘွမ်စခန်းကို ပြန်လည်သိမ်းပိုက်ခဲ့ခြင်းနှင့် မေလ ၃ ရက်နေ့က စစ်တပ်၏ ရဟတ်ယာဉ်တစ်စီးကို ပစ်ချခဲ့ခြင်းတို့အပါအဝင် နယ်မြေအတွင်း KIA ၏ အောင်မြင်မှုများအပေါ် စစ်ကောင်စီတပ်ဖွဲ့များက တိုက်ရိုက် လက်တုန့်ပြန်သည့်အနေဖြင့် ဒေသခံများအပေါ် အမျိုးမျိုးသော လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်နေသည်ဟု ထောက်ပြထားသည်။

အရပ်သားများအပေါ် တိုက်ခိုက်မှုများက ကြီးမားသည့် အိုးအိမ်စွန့်ခွာ ရွှေ့ပြောင်းမှုကိုဖြစ်စေပြီး မိုးမောက်နှင့် ဗန်းမော်မြို့တို့အတွင် ပြည်တွင်းရွှေ့ပြောင်းဒုက္ခသည် (IDPs) အသစ် ၆,၀၀၀ ကျော်ရောက်ရှိလာခဲ့ပြီဟု KWAT ၏ ပြောရေးဆိုခွင့်ရှိသူက သတင်းနှင့်မီဒီယာကွန်ရက် သတင်းဌာကို ပြောဆိုထားသည်။

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...