မြောက်ပိုင်းတွင် မြန်မာစစ်တပ်က အရှုံးအတွက် အရပ်သားများအပေါ် လက်စားချေနေကြောင်း KWAT ပြော

မြောက်ပိုင်းတွင် မြန်မာစစ်တပ်က အရှုံးအတွက် အရပ်သားများအပေါ် လက်စားချေနေကြောင်း KWAT ပြော

စစ်ကောင်စီတပ်က မြန်မာနိုင်ငံမြောက်ပိုင်းက ဆုံးရှုံးမှုများအတွက် လက်တုန့်ပြန်သည့်အနေဖြင့် အရပ်သားများအပေါ် သေစေလောက်သည့် လက်တုန့်ပြန်မှု၊ တိုက်ခိုက်မှုများ တိုးမြှင့်လုပ်ဆောင်နေသည်ဟု ကချင်အမျိုးသမီးများအစည်းအရုံး-ထိုင်းနိုင်ငံ (KWAT) အဖွဲ့က ပြောဆိုလိုက်သည်။

၂၀၂၁ ခုနှစ် ဧပြီလကနေ မေလအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်နှင့် ကချင်ပြည်နယ်အတွင်းက မြို့ပြနှင့် ကျေးလက်ဒေသများတွင် စစ်ကောင်စီကကျုးလွန်နေသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ဇွန်လ ၁၆ ရက်နေ့က အစီရင်ခံစာထုတ်ပြန်ကာ ထောက်ပြလိုက်ခြင်း ဖြစ်သည်။

ကချင်အမျိုးသမီးများအစည်းအရုံး-ထိုင်းနိုင်ငံ KWAT ပြောရေးဆိုခွင့်ရှိသူ မွန်းနေလီက “အခုထုတ်တဲ့ Report (အစီရင်ခံစာ) ကတော့ ဒီနှစ်လအတွင်းမှာဖြစ်တဲ့ အခြေအနေပြကိစ္စဖြစ်တယ်။ ဆိုတော့ ဒီဧပြီနဲ့ မေလမှာဖြစ်သွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေက တော်တော်လေးကို ဆိုးဆိုးဝါးဝါး ပြင်းပြင်းထန်ထန် ဖြစ်လာတာရှိတယ်။ အဓိကတစ်ချက်ကတော့ လူသားမဆန်တဲ့ တရားဝင်မဟုတ်တဲ့ ဖမ်းဆီးချုပ်နှောင်မှု အဲဒီဖမ်းဆီးမှုအတွင်းမှာဆိုလို့ရှိရင် ပိုပြီးတော့ လူတွေကို ပြည်သူတွေကို ညင်းပန်းနှိပ်စက်တဲ့ကိစ္စတွေ ပိုပြီးတော့ ပြင်းပြင်းထန်ထန် ဆိုးဆိုးဝါးဝါး ဖြစ်လာတဲ့ဟာတွေ့ရတယ်။ အထူးသဖြင့် လူငယ်ပိုင်းပေါ့နော လူငယ်ပိုင်း ဖမ်းဆီးခံရတာများတယ်။ ကျမတို့ အစီရင်ခံစာ သတင်းအချက်အလက်အရ ပြောရမယ်ဆိုလို့ရှိရင် သေနတ်တွေနဲ့ ခေါင်းမှာထုတာတို့ ပြီးလို့ရှိရင် ဆေးလိပ်မီးတွေနဲ့တို့တာတို့ပေါ့နော တခြား ညှင်းပန်းနှိပ်စက်မှုတွေ အမျိုးစုံပြောမပြတတ်တဲ့ အခြေအနေတစ်ခုမှာ နှိပ်စက်ခံရတဲ့ဟာတွေ အများကြီးရှိတာပေါ့နော်” ဟု ပြောသည်။

လုံခြုံရေးတပ်ဖွဲ့များက လက်နက်မဲ့ ဆန္ဒပြသူများကို ကျည်အစစ်များ ဆက်လက်အသုံးပြုပစ်ခတ်နေပြီး ထိုသို့ ကျည်အစစ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ဗန်းမော်နှင့် ဖားကန့်မြို့တွင် အမျိုးသားနှစ်ဦး သေဆုံးခဲ့ရသည်ဟု ဆိုသည်။

ထို့အပြင် မြို့ပြဒေသများတွင်လည်း NLD အဖွဲ့ဝင်များ၊ ဆရာဝန်များ၊ သတင်းသမားများနှင့် လူငယ်ခေါင်းဆောင်များအပါအဝင် တက်ကြွလှုပ်ရှားသူများကို ရှာဖွေဖမ်းဆီးမှုများလုပ်ဆောင်နေပြီး နှစ်လအတွင်း လူပေါင်း ၆၁ ဦး ဖမ်းဆီးခံခဲ့ရသည်ဟု KWAT က ပြောသည်။

KIA ကြောင့် ၎င်းတို့၏ ဆုံးရှုံးမှုအပေါ် လက်တုန့်ပြန်သည့်အနေဖြင့် စစ်ကောင်စီတပ်များက ကျေးလက်ဒေသများရှိ ပြည်သူလူထုကို နှိပ်စက်ညှင်းပမ်းခြင်း၊ ဥပဒေမဲ့ပစ်ခတ်ခြင်းနှင့် ကျေးရွာများထဲသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းများအပါအဝင် ပြည်သူများအပေါ် ရက်စက်စွာ လက်တုန့်ပြန်မှုကို တိုးမြှင့်လုပ်ဆောင်နေသည်ဟု KWAT က ထောက်ပြထားသည်။

စစ်ကောင်စီတပ်ဖွဲ့များက စစ်ရာဇဝတ်မှုများကို ဆက်လက်ကျူးလွန်နေသည်ဟု မွန်းနေလီက “ကျမတို့အစီရင်ခံစာမှာ မီးမောင်းထိုးပြတာကတော့ စစ်ရာဇဝတ်မှု ချိုးဖောက်မှုဆိုတဲ့အထဲမှာ ပြီးခဲ့တဲ့လတွေမှာပေါ့နော ဒီ မိုးမောက်မြို့နယ်မှာပေါ့နော် စစ်ရာဇဝတ်မှု ချိုးဖောက်မှုတွေကို မီးမောင်းထိုးပြတာရှိတယ်။ ဆိုတော့ အထူးသဖြင့်တော့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တဲ့ဟာပေါ့နော် ဒီတိုက်ပွဲဖြစ်တာမဟုတ်ပဲနဲ့ ဗမာစစ်တပ်ကနေ ပြည်သူလူထုတွေနေထိုင်တဲ့ ရပ်ရွာတွေမှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ ဒါကြောင့်မို့လို့ ပြည်သူလူထုတွေ ထွက်ပြေးတိမ်းရှောင်ရတယ်။ ပြီးလို့ရှိရင် သူတို့ရဲ့ အိုးအိမ်စည်းစိမ်တွေ ဖျက်ဆီးခံရတာပေါ့။ ဆိုတော့ အခု ဒီပြည်သူလူထုတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ ပြည်သူလူထုပေါင်း ခြောက်ထောင်ကျော်လောက် ရှိမယ်ပေါ့နော” ဟု ဆက်ပြောသည်။

မြစ်ကြီးနား၊ မိုးညှင်းနှင့် ကားမိုင်းမြို့များက လူငယ်များကိုလည်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ဆက်သွယ်သည်ဆိုသည့် စွပ်စွဲချက်ဖြင့် ဥပဒေမဲ့ဖမ်းဆီးခြင်း၊ နှိပ်စက်ညှင်းဆဲခြင်းများပြုလုပ်ခဲ့ပြီး ဘောလုံးကန်ရာမှပြန်လာသည့် လူငယ်သုံးဦးကိုလည်း ဖမ်းဆီးကာ စစ်စခန်းထဲတွင် ၁၂ ရက် ထိန်းသိမ်းထားခဲ့သည်ဟု ဆိုသည်။

ထိုလူငယ် ၃ ဦး၏ ဦးခေါင်းများကို သေနတ်ဖြင့် ရိုက်နှက်ထုထောင်းခဲ့ပြီး စီးကရက်မီးစများနှင့်လည်းတို့ပြီး နှိပ်စက်ခဲ့သည်ဟု KWAT ၏ ထုတ်ပြန်ချက်ထဲတွင် ရေးသားထားသည်။

ကချင်ပြည်နယ်ရှိ ဒေါ့ဖုန်းယန်-မိုးမောက် လမ်းမတလျောက် လက်နက်ကြီးပစ်ခတ်မှုကို အရှိန်တိုးမြှင့်ခဲ့ခြင်းကြောင့် ရွာသား ၉ ယောက် သေဆုံးခဲ့ပြီး ကလေးသုံးဦးအပါအဝင် လူဆယ့်ငါးဦး ဒဏ်ရာရခဲ့ကြောင်း၊ KIA က မတ်လ ၂၅ ရက်နေ့က အလော့ဒ်ဘွမ်စခန်းကို ပြန်လည်သိမ်းပိုက်ခဲ့ခြင်းနှင့် မေလ ၃ ရက်နေ့က စစ်တပ်၏ ရဟတ်ယာဉ်တစ်စီးကို ပစ်ချခဲ့ခြင်းတို့အပါအဝင် နယ်မြေအတွင်း KIA ၏ အောင်မြင်မှုများအပေါ် တိုက်ရိုက် လက်တုန့်ပြန်ခြင်းဖြစ်သည်ဟု KWAT က ထောက်ပြထားသည်။

 

အရပ်သားများအပေါ် တိုက်ခိုက်မှုများက ကြီးမားသည့် အိုးအိမ်စွန့်ခွာရွှေ့ပြောင်းမှုကို ဖြစ်ပေါ်စေပြီး မိုးမောက်နှင့် ဗန်းမော်မြို့တို့တွင် ပြည်တွင်း ရွှေ့ပြောင်းဒုက္ခသည် (IDPs) အသစ် ၆၀၀၀ ကျော်ရောက်ရှိနေသည်ဟု မွန်းနေလီက ဆက်ပြောသည်။

“ဆိုတော့ ဒီထွက်ပြေးတိမ်းရှောင်တဲ့နေရာတွေမှာ ပြည်သူလူထုတွေရဲ့နေရာတွေမှာ စစ်တပ်က ပြန်ပြီးတော့ အခြေချထားတာပေါ့နော။ အခြေချထားတဲ့ သူ့ရဲ့တပ်စခန်းတွေ အခြေချထားတယ်။ ဆိုတော့ အခြေချထားတာတွေမကဘူး ပြည်သူလူထုတွေရဲ့ စည်းစိမ်ဥစ္စာတွေ ပြီးလို့ရှိရင် ကျွဲနွားတိရစ္ဆာန်တွေပေါ့နော ဒါကို လုယူတယ် ပြီးလိုရှိရင် ဖျက်ဆီးတယ်။ ဆိုတော့ ဒီမျိုးတွေကိစ္စတွေကလည်းပဲ ပိုပြီးတော့ ချိုးဖောက်နေတယ်။ ကျမတို့ မြင်တွေ့ရတာပေါ့နော။ ဒါကြောင့် ဒီကိစ္စတွေကို အထူးသဖြင့် မီးမောင်းထိုးပြတဲ့ အစီရင်ခံစာတစ်ခု ဖြစ်တာပေါ့နော”

ထို့ကြောင့် တရားမဝင်သည့် အာဏာသိမ်းစစ်အုပ်စုကို စီးပွားရေး၊ သံတမန်ရေး ပိတ်ဆို့အရေးယူမှုများ လုပ်ဆောင်ရန်၊ ကမ္ဘာတစ်ဝှမ်းက လက်နက်ပိတ်ဆို့မှုကို ချမှတ်ရန်နှင့် မြန်မာနိုင်ငံလေပိုင်နက်တွင် လေယာဉ်မပျံသန်းရေးဇုံ သတ်မှတ်ပေးရန် KWAT က တောင်းဆိုထားသည်။

တရုတ်အပါအဝင် အိမ်နီးချင်းနိုင်ငံများအနေဖြင့်လည်း အာဏာသိမ်းစစ်အုပ်စုကို ၎င်းတို့၏ လေပိုင်နက်ကိုအသုံးပြုကာ တိုက်ခိုက်မှုများ ပြုလုပ်ခွင့်ပေးခြင်းကို ရပ်ဆိုင်းဖို့ တိုက်တွန်းထားပြီး နိုင်ငံတကာ အစိုးရများကလည်း အမျိုးသားညီညွတ်ရေးအစိုးရကို မြန်မာနိုင်ငံ၏ တရားဝင် အစိုးရအဖြစ် အသိအမှတ်ပြုရန်နှင့် နိုင်ငံတကာအလှူရှင်များက တိုင်းရင်းသားနယ်မြေများတွင် ရှိနေသည့်မှာ ပြည်တွင်းရွေ့ပြောင်းဒုက္ခသည်များကို နယ်စပ်ဖြတ်ကျော် အကူအညီများပေးရန် KWAT က တိုက်တွန်း တောင်းဆိုထားသည်။

 
 

 

 

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...