KIO နယ်မြေ COVID-19 စည်းကမ်းသတ်မှတ်ချက် တိုးမြှင့်

KIO နယ်မြေ COVID-19 စည်းကမ်းသတ်မှတ်ချက် တိုးမြှင့်

COVID-19 ထိန်းချုပ်ရေးနှင့်ပတ်သက်၍ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ထိန်းချုပ်နယ်မြေအတွင်း စည်းကမ်းသတ်မှတ်မှုများ ပိုမိုတိုးမြှင့်လိုက်သည်။

ထိန်းချုပ်နယ်မြေအတွင်း ရောက်ရှိလာသူများသည် Quarantine (သီးခြားခွဲ စောင့်ကြည့်မှု) ၁၄ ရက်နေရမည့်အပြင် ရောဂါပိုးစစ်ဆေးမှု နှစ်ကြိမ်ကို မိမိစားရိတ်ဖြင့် လုပ်ဆောင်ရမည်ဟု သိရသည်။

ကာကွယ်ဆေးထိုးပြီးကြောင်း လက်မှတ်ရှိသူများ နယ်မြေကူးသန်းပါက Quarantine ၅ ရက်နေရမည်ဖြစ်သည်။  

မြန်မာနိုင်ငံထဲတွင် COVID-19 တတိယလှိုင်းဖြစ်နေလာပြီး ကူးစက်မှုမြှင့်တက်လာနေခြင်း၊ သေဆုံးမှုများ ဆက်တိုက်ရှိလာနေခြင်းနှင့် မျိုးရိုးဗီဇပြောင်း ပိုးတွေ့ရှိလာသူများလည်း ရှိလာနေသည့်ဒေသအတွင်း ရောဂါကူးစက်မှုများ ထိန်းချုပ်နိုင်ရေး KIO ထိန်းချုပ်နယ်မြေအတွင်း ကန့်သတ်မှုများ ထပ်တိုးထားခြင်းဖြစ်သည်ဟု ကချင်လွတ်လပ်ရေးအဖွဲ့ KIO COVID-19 ရောဂါတားဆီးနှိမ်နှင်းရေးကော်မတီ၏ အတွင်းရေးမှူး ဗိုလ်မှူးကြီး လဖိုင်ဟိန်းဝေါမ်က ပြောသည်။

“ကြိုတင်ကာကွယ်ခြင်းအနေနဲ့ ကျနော်တို့ နောက်ထပ်ပိုပြီးတော့ စည်းကမ်းတွေကို သတ်မှတ်ထုတ်ပြန်ရခြင်းဖြစ်ပါတယ်။ ကျနော်တို့ အစပိုင်းမှာ ဆိုလို့ရှိရင် အရင် ၂၀၂၀ မှာ အစပိုင်းကာလမှာ ကျနော်တို့ ဒေသတွေကို ဝင်လာတဲ့အားလုံးကို ကွာရန်တင်း ၁၄ ရက် ကျနော်တို့ အဲလိုမျိုးဝင် ခိုင်းတယ်။ နောက်ကျရင် အဲဒါကို ကျနော်တို့က တဖြည်းဖြည်းပြန်ပြီးတော့ ဖြေလျော့လိုက်တယ်။ နောက် ကျတော့ ၇ ရက် ရောဂါဖြစ်တဲ့သူလည်း မရှိဘူးဆိုတော့။ အခုတော့ ကွာရန်တင်း ၁၄ ရက်လည်း ခံယူရမယ်။ ပြီးတော့ ဆေးစစ်တဲ့အခါ အဖိုးအခတွေ ပေးဆောင်ရမယ် ဒီအချက်တွေ ပါပါတယ်ခင်ဗျာ”

မြန်မာနိုင်ငံအတွင်း COVID-19 လူနာများ တစ်ရက်ပြီးတစ်ရက် တိုးလာနေခြင်း ကြားနေရသည့်အတွက် ပထမအဆင့်အနေဖြင့် ကြိုတင်ကာကွယ်ခြင်းနိုင်ရေး၊ ရောဂါပိုးစစ်ဆေးခြင်းလုပ်ငန်းစဉ်များ ပိုမိုထိရောက်မှုရှိစေရန်နှင့် သတ်မှတ်ထားသည့် စည်းကမ်းများ လိုက်နာဆောင်ရွက်နိုင်ရန် ထပ်မံထုတ်ပြန်ရခြင်းဖြစ်သည်ဟု ဗိုလ်မှူးကြီး လဖိုင်ဟိန်းဝေါမ်က ပြောသည်။

စည်းကမ်းချက်အသစ်များကို ဇွန်လ ၁၆ ရက်နေ့က စတင်သက်ဝင်စေမည်ဖြစ်သည်ဟု သူက ဆက်ပြောသည်။

ထို့အပြင် Quarantine ၁၄ ရက်နေထိုင်နေစဉ် ဆေးစစ်မှု နှစ်ကြိမ်ခံယူရမည်ဖြစ်သည်။

အဆိုပါ ဆေးစစ်မှုများအတွက် တစ်ဦးလျှင် တရုတ်ယွမ်ငွေ ၅၀ ယွမ် ပေးဆောင်ရမည်ဟု ကချင်လွတ်လပ်ရေးအဖွဲ့ KIO COVID-19 ရောဂါတားဆီးနှိမ်နှင်းရေးကော်မတီက ပြောသည်။

“ဒီစားစရိတ်တွေကိုဆို ကျနော်တို့ တာဝန်ယူပေးတာဖြစ်တယ်။ နောက်ပြီးတော့ သူတို့တည်းခိုတဲ့ နေရာကအစပေါ့ ၁၄ ရက်အတောအတွင်း သူတို့ စားနပ်ရိက္ခာရော သူတို့အဆောင်ခတွေဘာတွေတော့ မလိုတော့ဘူး။ အဓိကဆိုရင် နှစ်ခါဆေးစစ်ပေးရတယ်။ ကျနော်တို့ ဝင်လာတဲ့တစ်ခါ နောက်ပြီးတော့ ၁၄ ရက်ပြည့်ခါနီးမှာ သူတို့မထွက်ခင်တစ်ခါ ဘာမှမဖြစ်ဘူးဆိုလို့ရှိရင် ကျနော်တို့က သူတို့ကို ပြန်ခွင့်ပြုတယ်။ ကျနော်တို့ ယွမ် ၅၀ သတ်မှတ်ထားပါတယ်။ ၂ ခုစလုံးအတွက်ပေါ့” ဟု ဗိုလ်မှူးကြီး လဖိုင်ဟိန်းဝေါမ်က ပြောသည်။

ထို့အပြင် KIO/KIA ထိန်းချုပ်နယ်မြေအတွင်းက COVID-19 ရောဂါကာကွယ်ဆေးထိုးပြီးကြောင်း လက်မှတ် ကိုင်ဆောင်ထားသူများသည်လည်း တစ်မြို့မှတစ်မြို့သို့သွားလျှင် Quarantine ၅ ရက် ဝင်ရောက်နေထိုင်ရမည်ဖြစ်သည်ဟု ဆက်ပြောသည်။

ဗိုလ်မှူးကြီး လဖိုင်ဟိန်းဝေါမ်က “နောက်ပြီးတော့ ဒါပေမယ့် သူတို့အတွက် တကယ်လို့ ဆေးထိုးလက်မှတ်တွေ သူတို့ ပြနိုင်ခဲ့မယ်ဆိုရင် ၅ ရက်ပဲ ကျနော်တို့ သတ်မှတ်ထားပါတယ်။ သူတို့က အထောက်အထားနဲ့ဆိုလို့ရှိရင် တကယ်ထိုးပြီးပြီဆိုတဲ့ အထောက်အထား ပြနိုင်ခဲ့လို့ရှိရင် ၅ ရက်ဖြစ်ပါတယ်” ဟု ပြောသည်။

KIO/KIA ထိန်းချုပ်နယ်မြေအတွင်းက ပြည်သူများသည် COVID-19 ရောဂါနှင့်ပတ်သက်၍ စိုးရိမ်မှုမရှိပဲ သတ်မှတ်ထားသည့် စည်းကမ်းများကိုလည်း လိုက်နာမှု အနည်းငယ်အားနည်းသည့်အတွက် ကန့်သတ်မှုများ ထပ်တိုးရခြင်းဖြစ်ပြီး ယခုထပ်တိုးလိုက်သည့် စည်းကမ်းချက်များထဲတွင် ပွဲလမ်းသဘင်အခမ်းအနားများတွင်လည်း လူဦးရေ ၁၀၀ ထက်မပိုရဟူသည့် စည်းကမ်းချက်လည်း ထပ်တိုးကန့်သတ်လိုက်သည်။

“ခုနပြောတဲ့အတိုင်းပဲ အများပိုင်းတော့ ဒီမြန်မာပြည်မှာ Third Wave တွေ ဝင်လာတယ်ဆိုတာ တချို့တော့သိပြီ။ ဒါပေမယ့် ပြည်သူလူထုတွေက သိပ်ပြီးတော့ နားလည်တာ စိတ်ဝင်စားတာ သိပ်မရှိဘူး။ ကျနော်တို့က အစမှာလည်း ဒီရောဂါ ဆိုးဆိုးဝါးဝါး အဲလိုမျိုး ရောဂါတွေလည်း ဖြစ်တော့ဖြစ်တယ်။ ဒါပေမယ့် ကျန်းကျန်းမာမာနဲ့ အဲလိုကျန်းမာရေး အခြေအနေကောင်းတဲ့လူတွေ၊ ကျနော်တို့ ပြုစုစောင့်ရှောက်ပေးတာနဲ့ ပျောက်သွားရောဆိုတော့ သူတို့စိတ်ထဲမှာလည်း စိုးရိမ်တာ ပူပန်တာ အဲလိုမျိုးနည်းတယ်။ ဒါကြောင့် ကျနော်တို့ ဒီမှာလည်း စည်းကမ်းတွေက အထူးသဖြင့် နဂိုက သတ်မှတ်ထားတဲ့ စည်းကမ်းတွေလည်း လိုက်နာဆောင်ရွက်ရမယ်ဆိုတဲ့ အဲဒါ တစ်ခါပြန်ပြီးတော့ သူတို့ကို လှုံဆော်တာ” ဗိုလ်မှူးကြီး လဖိုင်ဟိန်းဝေါမ်က ဆက်ပြောသည်။

အလားတူ KIO ထိန်းချုပ်နယ်မြေအတွင်းသို့ ရောဂါပိုးစစ်ဆေးခြင်း မပြုလုပ်ဘဲ တရားမဝင် ခိုးဝင်ရောက်ခြင်းပြုလုပ်သောသူ မည်သူ့ကိုဖြစ်စေ တရားဥပဒေအရ ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဟု ကချင်လွတ်လပ်ရေးအဖွဲ့ KIO COVID-19 ရောဂါတားဆီးနှိမ်နှင်းရေးကော်မတီက ဇွန်လ ၁၄ ရက်နေ့ ထုတ်ပြန်လိုက်သည်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေအတွင်း COVID-19 ကာကွယ်ဆေးများ ထိုးပေးလျှက်ရှိရာ ဆေးအပြည့် (Full Dose) ထိုးပြီးသူ လူဦးရေစုစုပေါင်း ၆၀၀၀ ကျော်ရှိပြီဟု KIO COVID-19 ရောဂါတားဆီးနှိမ်နှင်းရေးကော်မတီ တာဝန်ရှိသူက ပြောသည်။

ထို့အပြင် KIO ထိန်းချုပ်နယ်မြေအတွင်းသို့ ဝင်ရောက်လာသူ မည်သူ့ကိုမဆို COVID-19 ကာကွယ်ဆေးများ ထိုးပေးလျှက်ရှိသည်ဟု သိရသည်။

၂၀၂၀ ခုနှစ် တစ်နှစ်ပတ်လုံးနှင့် ၂၀၂၁ ခုနှစ် စစ်အာဏာမသိမ်းခင်ကာလအထိ KIO ထိန်းချုပ်နယ်မြေအတွင်း COVID-19 ကူးစက်မှုများ မရှိခဲ့သော်လည်း ယခုနှစ် မတ်လခန့်မှစတင်၍ ဝင်ရောက်လာသူများထဲမှ ရောဂါကူးစက်ခံရသူ ၁၃ ဦးရှိခဲ့ပြီး အားလုံးမှာ ဆေးရုံမှဆင်းသွားပြီဖြစ်ကြောင်း၊ လက်ရှိတွင် ရောဂါကူးစက်မှုနှုန်းကို ထိန်းချုပ်ထားနိုင်သည်ဟု KIO က ပြောသည်။

 
 

 

 

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...