ရှမ်းပြည်နယ်မြောက်ပိုင်းတွင် COVID-19 ရောဂါကူးစက်မှုများ မြင့်တက်နေပြီး ယမန်နေ့က တစ်ဦးသေဆုံးခဲ့သည်ဟု ဒေသအတွင်းက ပရဟိတအဖွဲ့များက ပြောသည်။
ရှမ်းမြောက် လားရှိုးမြို့တွင် ပိုးတွေ့လူနာ ၆၀ ကျော်၊ သီပေါမြို့တွင် ၄ ဦးနှင့် တန့်ယန်းမြို့တွင် ၂ ဦးရှိသည့်အနက် သီပေါတွင် တစ်ဦး သေဆုံးခဲ့သည်။
သီပေါမြို့က ပိုးတွေ့လူနာများအနက် တစ်ဦးမှာ ယမန်နေ့က သေဆုံးသွားခြင်းဖြစ်သည်ဟု သေဆုံးလူနာအား သဂြိုလ်ပေးခဲ့သည့် နယ်စည်းမခြား ပရဟိတအသင်းက တာဝန်ရှိသူတစ်ဦးက “သီပေါမှာတော့ ပထမရက်တော့ သုံးယောက်ပေါ့နော်၊ သုံးယောက်မှာ တနေ့က တစ်ယောက်ထပ်တိုးတော့ လေးယောက်ပေါ့။ ၁၃ ရက်နေ့ညက လာပို့တာက သုံးယောက်၊ ၁၄ ရက်နေ့ကျတော့ သူတို့နဲ့ထိတွေ့ခဲ့တဲ့လူတွေကို ထပ်စစ်လိုက်တော့ တစ် ယောက်ထပ်တိုးတယ်။ ဆိုတော့ လေးယောက်ပေါ့နော်။ အဲ့ဒီလေးယောက်မှာ မနေ့က တစ်ယောက်ဆုံးသွားတာပေါ့နော်” ဟု ပြောသည်။
လူနာများနှင့် သံသယစောင့်ကြည့်လူများကို သီးခြားခွဲထားသည်ဟုလည်း ၎င်းက ဆက်ပြောသည်။
“သီပေါဆေးရုံက Isolation ward (သီးသန့်ဆောင်) မှာ အဲ့ဒီ positive (ပိုးတွေ့လူနာ) လေးယောက်ထားတယ်။ နောက်ထပ် Quarantine Center (သီးခြားစောင့်ကြည့်စင်တာ) မှာတော့ ခြောက်ယောက်ထားထားတယ်။ သူတို့နဲ့ ထိတွေ့တဲ့လူတွေပေါ့။ သေသွားတဲ့လူနာကိုတော့ ကျနော်တို့ပဲ သဂြိုလ်ပေးခဲ့ရတာပါ။ အမျိုးသမီးပါ။ ၄၁ နှစ်ပါ” ဟု ပြောသည်။
ထို့အပြင် လားရှိုးမြို့က ကူးစက်မှုမှာလည်း အယောက် ၆၀ ကျော်သွားပြီဖြစ်ပြီး၊ ၎င်းတို့နှင့် ထိတွေ့ခဲ့သူများကိုလည်း ထပ်မံစစ်ဆေးမှုများ ပြုလုပ်ထားသည်ဟု Covid-19 Operation Team (Lashio-လားရှိုး) က တာဝန်ရှိသူတစ်ဦးက ပြောသည်။
“လောလောဆယ် လားရှိုးမြို့ထဲ ကျနော်တို့ဆေးရုံမှာ positive (ပိုးတွေ့လူနာ) အနေနဲ့ထားတာက ၆၂ ဦးရှိတယ်ဗျ။ ဒီကနေ မန္တလေးကိုပို့တာက အဲ့ဒါက လေးဦး၊ စာရင်းကတော့ လားရှိုးစာရင်းမှာ မရှိဘူးပေါ့နော်။ အခုလူနာ မန္တလေးမှာ။ အဲ့လေးဦးရဲ့ Contact (အဆက်အသွယ်) နဲ့ လိုက်တာနော် ကျန်တဲ့ ၆၂ ဦးက။ အားလုံးက ၆၆ ဦးပေါ့။ ကျနော်တို့ သယ်သမျှထဲမှာတော့ အားလုံးက ကျန်းကျန်းမာမာပဲ။ ဒီထဲမှာမှ အိမ်မှာကတည်းက ဖျားနေတာ တစ်ယောက်ရှိတယ်။ အဲ့ ဒါ အမျိုးသမီး ပေါ့။ အဓိက လားရှိုးမှာဖြစ်နေတာက လူမျိုးတစ်မျိုးတည်းပဲပေါ့။ အဲ့လူက ဒေသတစ်ခုကနေ ပြန်လာတယ်၊ အဲ့ဒီမှာ မင်္ဂလာဆောင်တစ်ခုရှိတယ်၊ နာရေးတစ်ခုရှိတယ်။ အဲ့ဒီကနေ စပြန့်တယ်လို့ပဲ ယူဆထားတယ်။ အခြေ အနေအတိအကျကိုတော့ မပြောရဲဘူး”
ယခုလက်ရှိတွင် ကူးစက်မှုများစတင်ခဲ့သည်ဟု ယူဆရသည့် လားရှိုးမြို့က မယ်ဟန်ကျေးရွာကို Lockdown (ပိတ်ဆို့) ချထားသည်ဟု Covid-19 Operation Team (Lashio-လားရှိုး) က တာဝန်ရှိသူက ဆက်ပြောသည်။
“လားရှိုးမြို့အထက်က မယ်ဟန်ရွာပေါ့နော်၊ အဲ့ဒီရွာကို လောလောဆယ်တော့ Lockdown (ပိတ်ဆို့) လုပ်ထားတယ်။ အဲ့ဒီရွာက မင်္ဂလာဆောင်တစ်ခုလုပ်ထားလို့ဗျ။ အဲ့မင်္ဂလာဆောင်သွားတဲ့လူက positive (ပိုးတွေ့လူနာ) ဖြစ်သွားလို့။ အဲ့ကိုလာတဲ့ လူတွေကိုလည်း ပြန်စစ်နေရတာပေါ့။ ဒီညမဟုတ်ရင် မနက်ဖြန်ထပ်ပြီး အဖြေထွက်မယ်။ အဲ့အတွက်တော့ စိတ်ပူတယ်ဗျ။ လူစုလူဝေး ရှောင်သင့်ရင်ရှောင်ရမယ်။ ဒါပေမယ့် အခုက လူတွေမလိုက်နာတာက Mask (မျက်နှာဖုံး) တောင် မတပ်ချင်ကြဘူး။ ဒေသရဲ့ အနေအထားပေါ့ဗျာ။ ဒုတိယအကြိမ်မှာလည်း လားရှိုးက မထိထားဘူး။ အခု တတိယလှိုင်းမှထိတာ၊ ဒါပေမယ့် လူထုက သိပ်ဂရုမစိုက်ကြဘူးဗျ”
တန့်ယန်းမြို့နယ် နမ့်ဖတ်လင်းကျေးရွာက အသက် (၅၀) ကျော်အရွယ် အမျိုးသားတစ်ဦးမှာ ဇွန်လ ၇ ရက်နေ့က လားရှိုးမြို့က နာရေးကိစ္စတစ်ခုသွားရောက်ခဲ့ပြီး ဇွန်လ ၁၃ ရက်နေ့တွင် နာမကျန်းဖြစ်လာ၍ ဆေးစစ်မှုများ ပြုလုပ်ခဲ့ပြီးနောက် COVID-19 ရောဂါကူးစက်ခံထားခြင်း ဖြစ်ကြောင်း သိရခြင်းဖြစ်သည်ဟု ရှမ်းမြောက်အခြေစိုက် ရွှေဖီမြေသတင်းဌာနတွင် ဖြေပြထားသည်။
ရှမ်းမြောက်က ပြည်သူများသည်လည်း အခြားသော ပြည်နယ်နှင့်တိုင်းဒေသများရှိ ပြည်သူများကဲ့သို့ COVID-19 ရောဂါနှင့်ပတ်သက်၍ စိတ်ဝင်စားမှု နည်းပါးနေပြီး၊ ရောဂါကာကွယ်ရေးအပိုင်းတွင်လည်း ပေါ့ဆနေကြသည့်အတွက် ကူးစက်မှုများ ပိုမိုများပြားလာမည်ကို စိုးရိမ်သည်ဟု ရှမ်းမြောက်ဒေသက ပရဟိတအသင်းများက ပြောသည်။
ဇွန်လ ၁၅ ရက်နေ့ ည ၈ နာရီအချိန်ထိ ဓါတ်ခွဲနမူနာ စုစုပေါင်း ၃၁၉၉ ခုအား စစ်ဆေးခဲ့ရာ COVID-19 ရောဂါအတည်ပြုလူနာသစ် ၂၂၅ ဦး တွေ့ရှိခဲ့ရသည့်အတွက် ယနေ့အချိန်ထိ မြန်မာနိုင်ငံတွင် အတည်ပြုလူနာစုစုပေါင်း ၁၄၆၀၅၁ ဦးရှိပြီဟု စစ်ကောင်စီ၏ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။







