မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရခိုင်ရှိမြို့နယ် ၆ ခုမှ စစ်ဘေးရှောင်စခန်းအများအပြား ရေနစ်မြုပ်

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရခိုင်ရှိမြို့နယ် ၆ ခုမှ စစ်ဘေးရှောင်စခန်းအများအပြား ရေနစ်မြုပ်

ရခိုင်တွင် မိုးအဆက်မပြတ်ရွာသွန်းနေမှုကြောင့် မြို့နယ် ၆ ခုမှ စစ်ဘေးရှောင်စခန်းအများအပြားတွင် ရေနစ်မြုပ်မှုဖြစ်ပေါ်နေ၍ စစ်ဘေးရှောင်များမှာ နေထိုင်ရခက်ခဲနေကြကြောင်း သတင်းရရှိသည်။

ကျောက်တော်၊ ဘူးသီးတောင်၊ ရသေ့တောင်၊ မြေပုံ၊ စစ်တွေနှင့် မြောက်ဦးမြို့မှ စစ်ဘေးရှောင်စခန်းအများအပြားတွင် ရေနစ်မြုပ်မှုကြောင့် စစ်ဘေးရှောင်များ အခက်ခဲဖြင့် ရင်ဆိုင်နေရခြင်းဖြစ်ကြောင်း သိရသည်။

မြောက်ဦးမြို့နယ်၊ ပီပင်ရင်းစစ်ဘေးရှောင်စခန်းမှ ဦးအောင်စိန်ဦးက “ထမင်းချက်စားရတာက အခန်းကျဉ်းကျဉ်းလေးပေါ်တင်ပြီး ချက်စားရတယ်ပေါ့။ ရေပြည့်လာတော့ အကုန်လုံး အခက်ခဲရှိတော့တာပေါ့။ အမိုးအကာကလည်း မလုံဘူး။ ခေါင်မိုးက မိုးယိုစိမ့်တာက တစ်မျိုးပေါ့။ စခန်းတွေကိုက ဝါးတွေနဲ့ ဆောက်ထားတာဆိုတော့ စခန်းဆောက်တာကလည်း တစ်နှစ်ကျော်လာပြီဆိုတော့ အခု အဲဒါတွေကလည်း ဆွေးမြေ့နေပြီလေ။ အခု ရေလည်းပြည့်လာပြီဆိုတော့ မခိုင်ခံ့တော့ဘူး။ ရေကတော့ အခန်းကိုတော့ မနစ်သေးပါဘူး။ ဒီက တချို့အဆောင်တွေမှာတော့ အခန်းကို ရေပြည့်လုနီးပါးရှိနေပါပြီ” ဟု ပြောသည်။

ယင်း မြို့နယ် ၆ ခုမှ အချို့စစ်ဘေးရှောင်စခန်းများ ရေနစ်မြုပ်မှုဖြစ်ပေါ်နေ၍ ကလေးများလည်း အအေးပက်ကာ နှာစေး၊ ချောင်းဆိုးမှုများရှိနေပြီး ဝမ်းရောဂါများဖြစ်မည့် အခြေအနေတောင်ရှိနေသည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) မှ အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက ပြောသည်။

“စစ်ဘေးရှောင်စခန်းတွေဟာ စံချိန်စံညွန်းမီအောင် ဆောက်လုပ်ပြီးမနေရဘူး။ အဲလိုဆောက်လုပ်နေဖို့ကလည်း အစိုးရဆီက ခွင့်ပြုချက်ရဖို့လည်း လိုကြတယ်လေ။ နိုင်ငံတကာအဖွဲ့အစည်းတွေကလည်း ပံ့ပိုးမှုတွေ လိုတယ်ပေါ့။ အခုက စခန်းတွေက ဝါးတွေ တာပေါ်လင်တွေကို အခြေခံပြီး ဆောက်လုပ်ထားတာဆိုတော့ အဆောင်တွေကို အမြင့်ထားပြီးလည်း ဆောက်လို့မရတဲ့ အနေအထားတွေရှိတယ်ပေါ့။ သစ်တွေဘာတွေနဲ့သာ ဆောက်နိုင်မယ်ဆိုရင်တော့ အခုလို ရေပြည့်တဲ့ပြဿနာတွေက ကင်းလွတ်မယ်ပေါ့” ဟု ပြောသည်။

မိုးရွာသွန်းမှုကြောင့် ရေပြည့်လျှံမှုဖြစ်နေသည့် ထိုမြို့နယ် ၆ ခုမှ စစ်ဘေးရှောင်စခန်း အရေအတွက်အား REC က စာရင်းကောက်ယူလျက်ရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော် (AA) နှင့် မြန်မာ့တပ်မတော်တို့ နှစ်ဘက်တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာသည့် စစ်ဘေးရှောင်ဦးရေ တစ်သိန်းတစ်သောင်းကျော်ရှိနေသေးကြောင်း REC ၏ စာရင်းများအရ သိရသည်။

 
 

 

 

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...