ယုဇနမြေနေရာတွင် မဆိုင်သူများ ဝင်ရောက်နေရာယူခြင်းများရှိနေ

ယုဇနမြေနေရာတွင် မဆိုင်သူများ ဝင်ရောက်နေရာယူခြင်းများရှိနေ

ကချင်ပြည်နယ်၊ တနိုင်း-လီဒိုလမ်းမပေါ်ရှိ ယုဇနကုမ္ပဏီအတွင်းက စက်ပစ္စည်းများကို အခြားဒေသမှလူများက ဝင်ယူနေသည့်အပြင် ကုမ္ပဏီက သိမ်းယူခဲ့သည့် မြေယာများကိုလည်း ဝင်ရောက်နေရာဦးယူထားသည်ဟု ဒေသခံများက ပြောသည်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA က ယုဇနကုမ္ပဏီဝန်းအတွင်းရှိ စက်ပစ္စည်းများနှင့် အဆောက်အဦများကို နှစ်ကြိမ် ဝင်ရောက်ဖျက်ဆီးပြီးနောက်၊ ကုမ္ပဏီဝန်ထမ်းများကိုလည်း အဆိုပါနေရာအတွင်းက ထွက်သွားရန် ညွန်ကြားထားရာ ယခုတွင် ကုမ္ပဏီဝန်ထမ်းများနှင့် ငွေကြေးတတ်နိုင်သူများပေါင်းပြီး စက်ပစ္စည်းများကို ဝင်ရောက်ယူခြင်း၊ မြေနေရာများဦးယူခြင်းများ ပြုလုပ်နေသည်ဟု ဒေသခံများက ပြောသည်။

ဟူးကောင်းဒေသခံအမျိုးသားတစ်ဦးက “အခုက စက်ရုံထဲက စက်ပစ္စည်းတွေလည်း ကုန်သွားပြီ။ ခိုးသလောက် ခိုးကုန်ပြီ။ ပိုက်ဆံရှိတဲ့လူတွေက ရှိသလို ကားနဲ့တိုက်သွားတာ။ တချို့ဆို အဖမ်းခံရတဲ့လူတွေလည်းရှိတယ်။ အဲ့မှာ လာခိုးလို့။ စစ်တပ်ကနေ ဖမ်းတာပေါ့နော်။ နောက်ပြီးတော့မှ ဒီမြေယာနဲ့ပတ်သက်ပြီးတော့မှလည်း ယုဇနကို KIA မောင်းထုတ်လိုက်ပြီဆိုတာနဲ့ ပိုက်ဆံချမ်းသာတဲ့လူတွေ အာဏာရှိတဲ့လူတွေက ဒေသခံတွေကတော့ ဘာမှတောင် မရသေးဘူး ဘာမှမလုပ်နိုင်သေးဘူး။ အဲ့ဒီအချိန်မှာ အဲ့လိုမျိုးလုပ်နေကြတာပဲ အခု။ ပိုက်ဆံရှိတဲ့လူတွေနဲ့ အာဏာရှိတဲ့လူတွေနဲ့ ပေါင်းပြီးတော့မှ ထွန်စက်တွေနဲ့ တက်လာတယ်။ အောက်ပိုင်းကနေ၊ အောက်ပိုင်းကရော၊ မြစ်ကြီးနားတို့ ဖားကန့်တို့ အဲ့လိုမျိုးတွေကနေ တက်လာပြီးတော့မှ ဧက တစ်ရာ၊ နှစ်ရာ အဲ့လိုမျိုးယူကြတယ်” ဟု ပြောသည်။

အချို့လူများက ကုမ္ပဏီကဝန်ထမ်းများ၊ မန်နေဂျာ၊ ဒေသအတွင်းက အာဏာပိုင်းများနှင့်ညှိပြီး မြေယာဦးယူရာတွင် ရာနှင်ချီပြီး နေရာဦးယူမှုများ ရှိနေသည်ဟု ဒေသခံများက ပြောသည်။

မြစ်ကြီးနား၊ ဖားကန့်၊ မိုးကောင်း၊ မိုးညှင်းဒေက လူများအပြင် အခြားသောမြို့နယ်တို့က လူများက လာရောက်ယူနေခြင်းဖြစ်သည်ဟု ဌာနေဒေသခံများက ပြောသည်။

ယုဇနကုမ္ပဏီ တဖက်ခြမ်းရှိ ဘန်ကောက်ကျေးရွာက ရပ်မိရပ်ဖတစ်ဦးက “ကုမ္ပဏီထဲမှာက ဒီအရပ်ကလူတွေက သူတို့ရချင်တဲ့ပစ္စည်း နောက်ဆုံး အဆုံးကတော့ သံတိုသံစက တစ်ပိဿာမှာ လေးရာရတယ်လို့ပြောတယ်။ သံတိုသံစကအစ အကုန်လုံးယူတယ်။ ပြီးရင် သူတို့ခွာစရာခွာပြီးမှ ရတဲ့ဟာတွေ အကုန်ခွာတယ်။ ယူစရာရှိတဲ့ဟာ အကုန်ယူတယ်။ မယူတဲ့ပစ္စည်း ဘာမှမရှိဘူး။ သူတို့သုံးတဲ့ ကားနဲ့ပတ်သက်ပြီးမှလည်း အကုန်လုံး သူတို့မန်နေဂျာနဲ့ညှိပြီးမှ အကုန်လုံးယူကြတာထင်တယ်။ ကျမကတော့ ရပ်မိ/ရပ်ဖဆိုတော့ သွားဖို့ရာလည်းရှက်တယ်။ ပြီးရင် သိက္ခာလည်း အကျမခံချင်ဘူး။ ယူလည်းမယူဘူး။ သွားလည်းမကြည့်ဘူး။ အများအားဖြင့်တော့ ၉၅ ရာခိုင်နှုန်းက ယူတဲ့လူကြီးပဲ။ မိုးကောင်း၊ နမ္မတီး အဲ့ဘက်ကအစ လာယူတယ်။ အများအားဖြင့် သူတို့ရဲ့ အလုပ်သမားတွေက ဘယ်နေရမှာ ဘာရှိတယ်ဆိုတာ အကုန်လုံးသိတဲ့အခါကြတော့ ကုမ္ပဏီထဲက မပြန်တဲ့လူတွေက သူတို့ကြိုက်တဲ့ဟာ သူတို့ယူတယ်။ သူတို့ပိုယူတယ်” ဟု ပြောသည်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ကချင်ပြည်နယ်၊ တနိုင်း-လီဒိုလမ်းမပေါ်ရှိ ယုဇနကုမ္ပဏီအတွင်းက သိမ်းယူထားသည့် မြေယာများနှင့် ဝန်းအတွင်းက ပစ္စည်းများကို မယူကြဖို့ ဇွန်လ ၁၀ ရက်နေ့က ထုတ်ပြန်သတိပေးထားသည်။

ကချင်လွတ်လပ်ရေးအဖွဲ့၊ ပြည်သူ့အုပ်ချုပ်ရေးဌာန၊ အနောက်ပိုင်းတိုင်းဌာနချုပ်၊ ဟူးကောင်းခရိုင်အုပ်ချုပ်ရေးရုံး အဆိုပါထုတ်ပြန်ချက်ထဲတွင် ယုဇနကုမ္ပဏီက ပီလောပီနံ စိုက်ခင်းပြုလုပ်ပြီး တရားမဝင်သိမ်းယူထားသည့် မြေယာများအားလုံးနှင့် တရားမဝင်အသုံးပြုနေသည့် စက်ပစ္စည်း ကရိယာတွေကို သိမ်းဆည်းရယူပြီးဖြစ်ကြောင်း၊ အဆိုပါနေရာတွင် တရားဝင်ခွင့်ပြုခြင်းမရှိဘဲ လယ်ယာမြေ၊ ခြံ၊ စိုက်ပျိုးခြင်း၊ အခြားအမျိုးမျိုးသော နည်းလမ်းများနှင့် မြေယာများကို အသုံးပြုခြင်း၊ မြေနေရာဦးယူခြင်းများ မပြုကြရန်နှင့် ယုဇနကုမ္ပဏီက စက်ပစ္စည်းများကို မိမိကိုယ်ပိုင်အကျိုးစီးပွားအတွက် သိမ်းယူခြင်းများ လုံးဝမလုပ်ကြဖို့ သတိပေးထားသည်။

ထို့အပြင် ဒေသခံပြည်သူများအနေဖြင့် ယုဇနကုမ္ပဏီက ဝန်ထမ်းများ၊ မိသားစုဝင်များကို နေရာထိုင်ခင်းပေးခြင်း၊ လက်ခံခြင်းများလည်း လုံးဝမလုပ်ကြဖို့ သတိပေးထားသည်။

ထိုသတိပေးချက်အတိုင်း လိုက်နာကျင့်သုံးခြင်းမရှိဘူးဆိုရင် မည်သူ့ကိုဖြစ်စေ ပြင်းပြင်းထန်ထန် အရေးယူသွားမှာဖြစ်ကြောင်း အသိပေးကြေညာထားသည်။

ထိုသို့သတိပေးထားသော်လည်း “တချို့တွေက ရွာနားမှာတွေ ပီလောခင်းမှာတွေ သူတို့တဲဆောက်ပြီးမှ နေနေကြတာ။ ထွက်လည်းမထွက်သွားဘူး။ တချို့ အဲ့ဒီစက်ရုံဝန်းထဲမှာတော့ မနေတော့ဘူး ဝန်ထမ်းအဆောင်တွေမှာတော့။ KIA ကို ကြောက်လို့နေမှာပေါ့။ နောက်ပြီးမှ တချို့တွေကျတော့ ပိုက်ဆံနည်းနည်းရှိတဲ့ ကုမ္ပဏီဝန်ထမ်းတွေကတော့ ရွာထဲမှာကို အိမ်ဆောက်ပြီးမှကို အဲ့လိုမျိုးနေတာ။ သူတို့ဒေသကို မပြန်တော့ဘူး။ တချို့ ကုမ္ပဏီဝန်ထမ်း အောက်ခြေအတန်းစားတွေကျတော့ သူတို့မှာ ပြန်လမ်းမရှိပဲ နေတာလည်းရှိတယ်။ တချို့လူတွေကျတော့ ရပ်ကွက်လူကြီး တွေ၊ ရွာလူကြီးတွေနဲ့ ကပ်ဖားပြီးတော့ ဟိုနားမှာ တဲဆောက်ပြီးမှနေလိုက်၊ ဒီနားမှာ တဲဆောက်ပြီးမှနေလိုက် အဲ့လိုမျိုး ပြန့်ကျဲနေတာပေါ့။ ဘန် ကောက်ရွာရော၊ ရှထူးဇွပ်ရော၊ ဝါရာဇွပ်ရော၊ စံပြရော၊ နောင်းမီရော၊ နမ့်ခက်ရော အဲ့လိုမျိုး ပြန့်ကျဲပြီးနေတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ တနိုင်းသွားလမ်းပေါ်က ဘန်ကောက်ကျေးရွာအနီးရှိ ယုဇနကုမ္ပဏီပိုင် အဆောက်အဦများ၊ စက်ပစ္စည်းများကို ကချင်လွတ်လပ်ရေးတပ်မတော်က ဧပြီလတုန်းတစ်ကြိမ်၊ မေလတုန်းကတစ်ကြိမ် နှစ်ကြိမ် ဝင်ရောက်ဖျက်ဆီးပြီး သိမ်းယူထားခြင်းဖြစ်သည်။

လီဒိုလမ်းမကြီးပေါ်က ဟူးကောင်းချိုင့်ဝှမ်းဒေသအတွင်းရှိ ရှဒူးဇွပ်၊ နမ့်ဖြတ်၊ တိန်ကောက်၊ တနိုင်း၊ ဝါရာဇွပ်၊ နောင်းမီ၊ စံပြ၊ အောင်ရာနှင့် ကောင်းရာကျေးရွာများက ဘိုးဘွားပိုင်မြေ ဧက ၂ သိန်းကျော်ကို ယုဇနကုမ္ပဏီက ၂၀၀၆ ခုနှစ်ကတည်း သိမ်းယူခဲ့ခြင်းကြောင့် မြေယာအငြင်းပွားမှုများ ယနေ့နေ့အချိန်ထိ ဖြစ်ပွားနေခြင်းဖြစ်သည်။

 
 

 

 

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...