ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်အတွင်း စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ အင်အားအလုံးအရင်း ဖြည့်တင်းလာသဖြင့် တိုက်ပွဲ ပိုမိုပြင်းထန်လာနိုင်သည်ဟု ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF ၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ဆိုသည်။
စစ်ကောင်စီ၏တပ်ဖွဲ့ဝင်များသည် ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်မှ ရှမ်းပြည်နယ် ဆီးဘူးကျေးရွာကိုဖြတ်ပြီး ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းသို့ ခန့်မှန်းအင်အား ၃၀၀ ခန့်ဖြင့် ဝင်ရောက်လာသည်ဟု ၄င်းကပြောသည်။
“တိုက်ပွဲအခြေအနေက ပြင်းထန်လာတာပေါ့လေ၊ အထူးသဖြင့် တစ်ရက်နှစ်ရက်အတွင်း တောင်ငူဘက်ကနေ တက်လာတာပေါ့၊ အင်းအား ၃၀၀ ခန့်ပေါ့လေ၊ စစ်ကောင်စီဘက်က ထိုးစစ်ဆင်တာတော့ ဒေါငံခါးကျော်သွားပြီ” ဟု ပြောသည်။
ထို့ကြောင့် ကယားပြည်နယ်အတွင်းရှိ ပြည်သူလူထုများနှင့် ပြည်သူ့ကာကွယ်ရေးတပ်များနှင့် တော်လှန်ရေးအဖွဲ့အစည်းများမှ သတိရှိကြရန်နှင့် လုံခြုံရေးနှင့် ကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင်ထားရန် တိုက်တွန်းထားသည်။
လက်ရှိအချိန်တွင် စစ်ကောင်စီဘက်က တစ်ရက်ပြီးတစ်ရက် အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး KNDF အနေနှင့် လက်နက်အင်အားမမျှသဖြင့် တပ်ဆုတ်ခွာနေရကာ ရသည့်နည်းဖြင့် ပြန်လည်ခုခံတိုက်ခိုက်နေရခြင်းဖြစ်သည်။

“ကျွန်တော်တို့အတွက် အခက်အခဲဆုံးက လက်နက်ခဲယမ်းမရှိတာပဲပေါ့လေ၊ ကျွန်တော်တို့အတွက် အကြီးမားဆုံးပြဿနာဖြစ်တယ်၊ စိန်ခေါ်မှုဖြစ်တယ်၊ ကျွန်တော်တို့မှာ လူအင်အားအလုံးအရင်းရှိတယ်၊ လုံလုံလောက်လောက်ရှိတယ်၊ လက်နက်ခဲယမ်းမပြည့်စုံတော့ ကျွန်တော်တို့အတွက် အဓိက အားနည်းချက်ဖြစ်စေတာပေါ့လေ၊ တကယ်တမ်း အမြောက်ကြီးတို့နဲ့ မောင်းပြန်သေနတ်တို့နဲ့ ကျွန်တော်တို့သွားပြီး ယှဉ်ပြီး ပစ်တဲ့နေရာမှာက တူမီးက ထိရောက်တဲ့အစွမ်းက အဲလောက်ထိ ရှိမနေဘူးပေါ့၊ အဲတာကြောင့် ကျွန်တော်တို့က တပ်ဆုပ်နေတယ်ဆိုတာ အဲတာကြောင့်” ဟု KNDF ၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်မှ ကယားပြည်နယ်အတွင်း ကုန်စည်စီးဆင်းမှုလမ်းကြောင်းများ ဆက်လက်ပိတ်ထားသည့်အတွက် စစ်ဘေးရှောင်များမှာ စားဝတ်နေရေးအတွက် အခက်အခဲများနှင့် ကြုံတွေ့နေရသလို သောက်ရေသန့်၊ အမိုးအကာ၊ ဆေးဝါးများ လိုအပ်နေသည်ဟု သိရသည်။
ကယားပြည်နယ်အတွင်း စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်တွေအကြား နေစဉ် တိုက်ပွဲများဖြစ်ပွားနေပြီး ဒေသခံပြည်သူ ၁ သိန်းကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ဇွန်လ ၈ ရက် ရက်စွဲဖြင့် ကုသသမဂ္ဂက ထုတ်ပြန်ထားသည်။
နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် စစ်ကောင်စီကို ဖိအားများပေးကြဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ၏ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Tom Andrews တိုက်တွန်းထားပြီး အရေးယူဆောင်ရွက်မှုများ ချက်ချင်းမလုပ်နိုင်ပါက ထောင်နှင့်ချီသောအရပ်သားများ သေဆုံးမည့် လူသားချင်းစာနာမှုဆိုင်ရာ အဖြစ်ဆိုးနှင့် ကြုံရမယ့်ကိန်းဆိုက်နေသောကြောင့် စိုးရိမ်နေရသည်ဟု ၄င်းကဆိုသည်။







