ကချင်စစ်ရှောင်များ ထောက်ပံ့မှုများ ပုံမှန် မရ

ကချင်စစ်ရှောင်များ ထောက်ပံ့မှုများ ပုံမှန် မရ

စစ်တပ်က အာဏာသိမ်းပြီးနောက် လစဉ်ရရှိသည့် ကူညီထောက်ပံ့ငွေများ အချိန်မှန်မရတော့သည့်အတွက် အခက်အခဲများနှင့် ရင်ဆိုင်နေရသည်ဟု ကချင်စစ်ရှောင်များက ပြောသည်။

ကချင်ပြည်နယ်အတွင်း ဆယ်စုနှစ်တစ်ခုအကြာ စစ်ဘေးရှောင်စခန်းများတွင် နေထိုင်နေကြရသည့် စစ်ရှောင်များသည် စစ်အာဏာရှိသိမ်းပြီးနောက် ဘဏ်ငွေသွင်း/ငွေထုတ်စနစ်များ အခက်အခဲဖြစ်နေသည့်အတွက် လစဉ်ထောက်ပံ့ငွေများ အချိန်မှီ၊ အချိန်မှန် မရရှိတော့ဟု ပြောသည်။

မိုးမောက်မြို့ KBC စစ်ရှောင်စခန်းက စစ်ရှောင်အမျိုးသမီးတစ်ဦးက “အခုလက်ရှိ ကျမတို့အားလုံး အခက်အခဲဖြစ်နေတာကတော့ နေ့စဉ် စားသောက်နေရတဲ့ အစားအစာပေါ့။ အရင်ကဆို WFP ကနေပေးတဲ့ တစ်လမှာ လူတစ်ယောက်စားစရိတ် ၁၁၀၀၀ ရရင်၊ ဆန် ခြောက်ပြည်၊ ဆီတစ်ပုလင်း၊ ဆား စတဲ့ အခြေခံစားသုံးကုန်နဲ့ ပုံမှန်ဖြေရှင်းလို့ရနေတယ်ပေါ့နော် ဒါပေမယ့် WFP လည်း အခုလက်ရှိ ဘဏ်အခက်အခဲတွေကြောင့် ပိုက်ဆံထုတ်ရတာ အဆင်မပြေတော့ စားစရိတ်ပေးတာ အရင်ကထက် နောက်ကျလာတယ်” ဟု ပြောသည်။

စစ်အာဏာသိမ်းပြီးနောက်မှစတင်၍ လစဉ် တစ်လနောက်ကျပြီးမှသာ ထောက်ပံ့ငွေရရှိသလို မေလအတွက် ထောက်ပံ့ငွေမှာ ယခုဇွန်လ ပထမအပတ်အထိ မရရှိသေးဘူးဟု စစ်ရှောင်များက ပြောသည်။

“ဧပြီလရဲ့ စားရိတ်ကို မေလမှရတယ်။ မေလရဲ့ စားရိတ်ကို အခု June လဆန်းထိ မရသေးဘူးဆိုတော့ တချို့ အပြင်မှာ ပိုက်ဆံရှာတဲ့သူမရှိတဲ့ အိမ်ထောင်တွေအတွက်ကတော့ ခက်ခဲလာတယ်။ အခုထက်ပိုပြီး ခက်ခဲလာရင်တော့ အသင်းတော်ကနေ စုထားတဲ့ အလှူငွေနဲ့ ဆန်ဝယ်ပြီး ဝေစားဖို့တော့ အသင်းတော်က လူကြီးတွေနဲ့ စီစဉ်ထားတယ် ရနိုင်သလောက်ပေါ့။ အလုပ်လုပ်ဖို့ဆိုရင်လည်း ကျမတို့က တောင်ယာလည်းလုပ်မရ တစ်ခြားအလုပ်လည်း မလုပ်တတ်ဆိုတော့ တအားအခက်အခဲ ဖြစ်တာပေါ့” ဟု မိုးမောက်စစ်ရှောင်စခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဝိုင်းမော် KBC စစ်ရှောင်စခန်းက အမျိုးသမီးတစ်ဦးကလည်း “လောလေဆယ်တော့ နောက်ကျတာပဲရှိတယ်။ ရိက္ခာတော့ ပုံမှန်ပေးတယ်။ အရင်လတွေကတော့ ဒီ ၂၀ ကျော်လောက်ဆိုရင်ရတယ်။ အခုဒီရက်ပိုင်းကျတော့ တခါတလေကျရင် ဒီလစာက နောက်လမှာပဲရ အဲ့လိုမျိုး၊ တခါတလေ နှစ်လပေါင်းပေးလိုက်၊ ဒီမေလဆိုရင် ဇွန်လလောက်မှပေါ့နော်၊ နောက်ကျလို့လေနော် ကျမတို့ အဲ့လိုမျိုး ဒုက္ခတော့ အရမ်းခံ့စားရတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ အဲ့လိုမျိုးအခက်အခဲကြုံလာတယ်။ ဒါပေမယ့် ဘယ်လိုကြောင့်ဆိုတာတော့ အသေးစိတ်တော့ မသိဘူးလေနော်။ သူတို့ပေးတဲ့အချိန်မှာပဲရတာပေါ့” ဟု ပြောသည်။

ကချင်ပြည်နယ်အပါအဝင်၊ အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ ဘဏ်များတွင် ငွေလွှဲငွေထုတ်ရန် အခက်အခဲများရှိနေကြပြီး၊ ကြိုတင်တုံကင်လက်မှတ်ယူကာ လူတစ်ဦးလျှင် တစ်ပတ်တွင် တစ်ကြိမ်၊ တစ်ကြိမ်လျှင် ကျပ်ငွေ ငါးသိန်းသာ ထုတ်ပေးကြောင်း၊ ယခုက Wave Money၊ True Money၊ KPay၊ AYAPay စသည့် လွယ်ကူစွာ ငွေလွှဲ၊ ငွေထုတ်သည့် လုပ်ငန်းများလည်းရပ်တန့်နေပြီး၊ အများစုမှာ ဘဏ်များတွင် တန်းစီစနစ်ဖြင့် အလှည့်ကျ ထုတ်ယူနေကြရသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှစတင်၍ ကချင်စစ်ရှောင်များမှာ နဂိုရရှိနေသည့် ထောက်ပံ့ကြေးငွေ ကျပ် ၁၁၀၀၀ ကို လစဉ်ပုံမှန် အချိန်မှီမရတော့သည့်အတွက် အများစုမှာ ချေးငှားစားသောက်နေရပြီး၊ အချို့ဆိုလျှင် ထမင်းကို ဆားနှင့်သာ စားနေရသည်ဟု စစ်ရှောင်များက ပြောသည်။

“အဲ့လိုမျိုး ဒုက္ခရောက်တဲ့လူတွေ အများကြီးပဲ၊ အကြွေးတွေက ပြောတောင်မပြောနဲ့တော့။ ဟင်းတွေဆို ဆားနဲ့စားတာပဲ များလာသလိုလိုပဲ ဟုတ်တယ်။ အခု ဟင်းသီးဟင်းရွက်လည်း စျေးတက်၊ အကုန်လုံး စျေးတက်နဲ့ နေ့စားသွားမယ်ဆိုလည်း နေ့စားက ဘယ်သူမှမခေါ်ကြ၊ ကြောက်လို့ အကုန်လုံးအဲ့လိုဖြစ်ကုန်တော့ ဒုက္ခရောက်တာတော့ ပြောတောင်မပြောချင်တော့ဘူး” ဟု ဝိုင်းမော် KBC စစ်ရှောင်စခန်းက အမျိုးသမီးက ဆက်ပြောသည်။

စစ်ရှောင်များသည် ၂၀၂၀ ခုနှစ် COVID-19 စတင်ဖြစ်ပွားလာခဲ့သည့် အချိန်မှစတင်၍ အပြင်ထွက်သွားလာခွင့်များ ကန့်သတ်ခံခဲ့ရသည့် နေ့စားအလုပ်အကိုင်များလည်း လုပ်ခွင့်မရခဲ့ကြပေ။

ထို့နောက် ယခု ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကစတင်၍ စစ်တပ်က အာဏာသိမ်းလိုက်သည့်နောက်တွင် ကပ်ရောဂါကြောင့် ကြုံနေရသည့် အခက်အခဲအပြင်၊ နိုင်ငံရေးအခြေအနေမတည်ငြိမ်မှု အခက်အခဲများကြောင့် ပိုမိုခက်ခဲလာသည်ဟု ကချင်စစ်ရှောင်များက ပြောသည်။

၂၀၁၁ ခုနှစ်က တစ်ကျော့ပြန်ဖြစ်ပွားလာသည့် ကချင်ပြည်နယ်တွင်းက စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA အကြားက တိုက်ပွဲများကြောင့် ကချင်ပြည်သူများ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသများသို့ စစ်ဘေးတိမ်းရှောင်နေရသည်မှာ ယနေ့ဆိုလျှင် ၁၀ နှစ်ပြည့်ပြီဖြစ်သည်။

တစ်ကျော့ပြန်တိုက်ပွဲကြောင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် ကချင်စစ်ရှောင်ပြည် တစ်သိန်းနှစ်သောင်းကျော် နေရပ်စွန့်ခွာပြီး စစ်ဘေးတိမ်းရှောင်နေကြရသည်ဟု ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC က ထုတ်ပြန်ထားသည့်စာရင်းများအရ သိရသည်။

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...