AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ညီနှင့်ညီမအပါအဝင် ၁၀ ဦး တရားသေလွတ်မြောက်

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ညီနှင့်ညီမအပါအဝင် ၁၀ ဦး တရားသေလွတ်မြောက်

ရက္ခိုင့်တပ်တော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ညီဖြစ်သူ ကိုအောင်မြတ်ကျော်နှင့် ညီမဖြစ်သူ မယမင်းမြတ် (ခ) မိုးနှင်းဖြူအပါအဝင် ၁၀ ဦး ယနေ့ တရားသေလွတ်မြောက်လာပြီဖြစ်ကြောင်း သတင်းရရှိသည်။

လွတ်မြောက်လာသူများမှာ ကိုအောင်မြတ်ကျော်၊ မယမင်းမြတ် (ခ) မိုးနှင်းဖြူ၊ ကိုကျော်နိုင်၊ ကိုမြတ်လင်းဦး၊ ကိုရဲကျော်ထက်၊ မအေးမြတ်မွန်၊ ကိုတင်လှိုင်ဦး၊ ကိုဟိန်းဇော်၊ ကိုမောင်ပန် (ခ) ကိုထွန်းအေးနှင့် ကိုရွှေလှိုင်သန်းတို့ဖြစ်ကြောင်း လွတ်မြောက်လာသူများ၏ မိသားစုဝင်များက ပြောသည်။

“ဆယ်ယောက်လုံး လွတ်လာကြပါပြီ။ အမှုက ဗိုလ်ချုပ်ရဲ့ညီမနဲ့ သူ့ယောက်ဖတစ်မှုရယ်၊ ဗိုလ်ချုပ်ညီနဲ့ ကျွန်တော့်အစ်ကိုတို့ တစ်မှုရယ်ပေါ့။ ဒါပေမဲ့ ဒီနေ့မှာ နှစ်မှုလုံးကိုစုပြီး ရုံးထုတ်ခဲ့ပါတယ်။ ရုံးထုတ်ပြီးနောက် အပြစ်မရှိလို့ လွတ်လာတာပါ။ ကျန်းမာရေးလည်း အကုန်လုံး ကောင်းမွန်ကြပါတယ်။ ဒါကို ကူညီပေးကြတဲ့သူတွေ အကုန်လုံးကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်” ဟု လွတ်မြောက်လာသူ ကိုတင်လှိုင်ဦး၏ညီ ကိုတင်ထွန်းအောင်က နိရဥ္စရာသို့ပြောသည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှပြန်လာသည့် ကိုကျော်နိုင်နှင့် သမီးဖြစ်သူတို့အား မယမင်းမြတ် (ခ) မမိုးနှင်းဖြူက ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် သွားကြိုစဉ် ၄င်းတို့ဇနီးမောင်နှံနှစ်ဦးတို့အား ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။

ယင်းနောက် သူတို့အား ရန်ကုန်တိုင်းသတင်းတပ်ဖွဲ့မှ ဒု-ရဲမှူးမင်းခိုင်က တရားလိုလုပ်ကာ မရမ်းကုန်းရဲစခန်းတွင် အောက်တိုဘာ ၂၀ ရက်နေ့က အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (က) တို့ဖြင့် အမှုဖွင့်တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ယင်းအပြင် ကိုအောင်မြတ်ကျော်အပါအဝင် ရခိုင်အသင်း (စင်္ကာပူ) ခေါင်းဆောင်များသည် စင်္ကာပူနိုင်ငံတွင် နေထိုင်ကြသူများဖြစ်ပြီး ၂၀၁၉ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့နှင့် ၇ ရက်နေ့တို့တွင် စင်္ကာပူပြည်ထဲရေးက ၄င်းတို့ကိုနေအိမ်များမှ ဝင်ရောက်ဖမ်းဆီးခဲ့ပြီး မြန်မာနိုင်ငံသို့ ပို့ဆောင်ခဲ့သည်။

ယင်းနောက် ထိုရှစ်ဦး မြန်မာနိုင်ငံသို့ပြန်ရောက်လာစဉ် မြန်မာရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးပုဒ်မများဖြင့် ယင်းအချိန်က ရဲအထူးသတင်းတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်ခဲ့သည့် ရဲမှူးတင့်ရွှေက တရားလိုပြုလုပ်ကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (ည) နှင့် ပုဒ်မ ၅၂ (က) တို့ဖြင့် တရားစွဲဆိုထားခဲ့ခြင်းဖြစ်သည်။

Most read this week

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...