ကရင်နီ စစ်ရှောင်များအတွက် ဝမ်းရောဂါဆေးနှင့် နာတာရှည်ရောဂါဆေးဝါးများ လိုအပ်

ကရင်နီ စစ်ရှောင်များအတွက် ဝမ်းရောဂါဆေးနှင့် နာတာရှည်ရောဂါဆေးဝါးများ လိုအပ်

ကယား (ကရင်နီ) စစ်ရှောင်စခန်းများတွင် ဝမ်းပျက်ဝမ်းလျှောရောဂါနှင့်ပတ်သက်သည့် ဆေးဝါးများနှင့် နာတာရှည်ရောဂါနှင့်ပတ်သက်သည့် ဆေးဝါးများ အရေးအပေါ် အကူအညီလိုအပ်နေသည်ဟု စစ်ဘေးရှောင်များကို အကူအညီပေးနေသူများက ပြောသည်။

လက်ရှိ ကရင်နီ စစ်ရှောင်စခန်းများတွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားသည့် ကလေးသူငယ်ဦးရေ တိုးပွားလာသည့်အပြင် နှလုံး၊ သွေးတိုး၊ ဆီးချို၊ သွေးချိုကဲ့သို့ စွဲ၍သောက်ရသည့် ရောဂါရှိသူ သက်ကြီးရွယ်အို လူနာများလည်း ရှိနေသည့်အတွက် အဆိုပါရောဂါများနှင့် သက်ဆိုင်သည့်ဆေးဝါးများ လိုအပ်နေသည်ဟု စစ်ဘေးရှောင်များကို ကူညီပေးနေသူတစ်ဦးက ပြောသည်။

၎င်းက “အခုအဓိက လိုတာက ကလေးတွေအတွက် ဝမ်းလျှောဝမ်းပျက်တွေလိုတယ်။ နောက်ထပ်သော မွေးကင်းစပဲပြောရမလား ခြောက်လအောက်ကလေးတွေရယ်၊ နောက် ခြောက်လအထက်ကလေးတွေအတွက် အာဟာရမုန့်တွေ လုံလုံလောက်လောက် မရှိတဲ့အခါကျတော့ အဲလိုမျိုး အချို့သော ကလေးတွေကျတော့ ကျန်းမာရေး ထိခိုက်တာရှိတယ်။ မွေးကင်းစကလေးတွေရယ်၊ ခြောက်လအထက်ကလေးတွေရော ဝမ်းလျှော ဝမ်းပျက်တာ အများကြီးကြုံတွေ့ရတယ်ဗျာ” ဟု ပြောသည်။

ထိုအခြေအနေများကြောင့် ကလေးသူငယ် တစ်ရာရာခိုင်နှုန်းတွင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားသူ သုံးဆယ်ရာခိုင်နှုန်းအထိ ရှိနေသည်ဟု ဆိုသည်။

ထို့အပြင် စစ်ဘေးရှောင်စခန်းတွင် သွေးတိုး၊ ဆီးချို-သွေးချို၊ နှလုံးရောဂါသမားများလည်း ရှိနေသည့်အတွက် အဆိုပါ ရောဂါခံစားနေရသူများအတွက် ဆေးဝါးများလည်း လိုအပ်နေသည်ဟု ဆက်ပြောသည်။

“နောက်တစ်ခုရှိသေးတာက သက်ကြီးရွယ်အိုတွေ သူတို့အတွက် နာတာရှည်ရောဂါအတွက် ဆေးဝါးပြတ်လတ်နေတဲ့ အနေအထားတွေလည်း ရှိတယ်ဗျာ။ အများသောက်တဲ့ ဆေးတွေခါကျတော့ အခုပြတ်လတ်တဲ့ အနေအထားမှာရှိတဲ့အတွက် သူတို့အတွက် ဒုက္ခတွေ အများကြီးရောက်တဲ့ အနေအထားမှာရှိတယ်။ ဥပမာ နှလုံးရောဂါတို့ သွေးချို၊ ဆီးချို၊ သွေးတိုးသမားတို့အတွက်ဆိုရင် သွေးတိုးဆေးသမားကို အမြဲတမ်းသောက်နေရတဲ့သူတွေပေါ့နော ဆေးပြတ်လို့မရတဲ့ ရောဂါပုံစံမျိုးပေါ့ သွေးတိုးတို့ လေဖြတ် လေဖျန်းပုံစံမျိုး ဆေးအများကြီး ဆေးပုံမှန်သောက်ရတဲ့ အဲလိုမျိုးရောဂါသည်တွေအတွက်ပေါ့” ဟု စစ်ဘေးရှောင်များကို သွားရောက်ကူညီပေးနေသူတစ်ဦးက ပြောသည်။

စစ်ရှောင်တစ်ဦးက “မိုးတွေကလည်း အမြဲရွာနေတော့ လိုအပ်တာတွေလည်း အရမ်းများလာတယ်။ ဖျားနာတာတွေလည်း များလာတယ်။ ကလေးတွေလည်းများတယ်၊ လသားကလေးတွေလည်းရှိတော့ အခုဆိုရင် အနှီးပိတ်တွေ ဘာတွေလည်းလိုတယ်။ ကလေးအသုံးဆောင်ပစ္စည်းနဲ့ ကလေးတွေအတွက် ဆေးတွေလည်းလိုပါတယ်” ဟု ပြောသည်။

ထို ဆေးဝါးလိုအပ်မှုရှိနေသည့် အခြားတစ်ဖက်တွင် မိုးရာသီရောက်ရှိလာပြီဖြစ်သည့်အတွက် စစ်ဘေးရှောင်များနေထိုင်သည့် နေရာများကို ကာရံရန်အတွက် တာလပတ်၊ မိုးကာများအပြင် ယင်လုံအိမ်သာများလည်း လိုအပ်နေသည်ဟု ဆိုသည်။

ပြီးခဲ့သည့် မေလ ၂၀ ရက်နေ့ နောက်ပိုင်းမှစတင်ကာ ကရင်နီပြည်နယ် ပြည်သူ့ကာကွယ်ရေးတပ် PDF တပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလာခဲ့သည်။

ထိုတိုက်ပွဲများကြောင့် ကယားပြည်နယ်ထဲက လွိုင်ကော်၊ ဒီမောဆို၊ ဖရူဆိုနှင့် ရှမ်းပြည်နယ်တောင်ပိုင်းက ဖယ်ခုံ၊ မိုးဗြဲ စသည့် မြို့များမှ ဒေသခံ တစ်သိန်းဝန်းကျင်မှာ တောတောင်များနှင့် စစ်ဘေးလွတ်ရာဒေသများသို့ တိမ်းရှောင်နေကြရပြီး ဆေးဝါးများအပြင် အဖက်ဖက်မှ အကူအညီများလည်း လိုအပ်နေဆဲဖြစ်သည်ဟု စစ်ဘေးရှောင်များကို အကူအညီပေးနေသူများက ဆိုသည်။

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...