ကယားစစ်ဘေးရှောင်ဦးရေ တိုးများလာ၊ အကူအညီများလိုအပ်

ကယားစစ်ဘေးရှောင်ဦးရေ တိုးများလာ၊ အကူအညီများလိုအပ်

လက်ရှိဖြစ်ပေါ်နေသည့် စစ်ရေးပဋိပက္ခများကြောင့် ကယား (ကရင်နီ) ပြည်နယ်တွင် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင် တစ်သိန်းဝန်းကျင်ခန့်အထိရှိလာပြီး အဖက်ဖက်မှ အကူအညီများလိုအပ်နေဆဲဖြစ်သည်ဟု စစ်ဘေးရှောင်များကို အကူအညီပေးနေသူများက ပြောသည်။

ကယားပြည်နယ်တွင် ပြီးခဲ့သည့် မေလ ၂၀ ရက်နေ့ နောက်ပိုင်းက စတင်ဖြစ်ပွားလာခဲ့သည့် တိုက်ပွဲများကြောင့် ဒေသခံများမှာ စစ်ဘေးလွတ်ရာ ဒေသသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး လက်ရှိအချိန်ထိ စစ်ဘေးရှောင်ဦးရေ တစ်သိန်းဝန်းကျင်အထိ ရှိလာပြီဟု စစ်ဘေးရှောင်များကို အကူအညီပေးနေသူ ဒေသခံလူငယ်တစ်ဦးက ပြောသည်။

၎င်းက “စပြေးတဲ့ရက်နဲ့ ထွက်ပြေးတဲ့ရက်နဲ့ ဒီအခြေအနေထိတော့ အားလုံးပဲဗျာ။ အခုထိလည်း အခြေအနေ မငြိမ်သေးခါကျတော့ အဲဒီအရင်က ကျနော်တို့ ထွက်ပြေးတဲ့ပုံစံမျိုး ကျနော်တို့ သွားနေရတယ်။ ဒုက္ခသည်အရေအတွက် အားလုံးပေါင်းဆို တစ်သိန်းလောက်တော့ရှိတယ်ဗျာ။ ထွက်ပြေးတဲ့လူတွေ ကိုယ့်အိမ်ကိုယ်စွန့်ပြီးတော့မှ တစ်ခြားသော နေရာဒေသမှာ သို့မဟုတ် တောတောင်မှာ သို့မဟုတ် တစ်ခြားသော မြို့နယ်မှာ ထွက်ပြေးခိုလှုံနေသူတွေ တစ်သိန်းဂဏာန်းလောက်ရှိတယ်ဗျာ” ဟု ပြောသည်။

လက်ရှိဖြစ်ပွားနေသည့် စစ်ရေးပဋိက္ခများကြောင့် ကယားပြည်နယ်ထဲက လွိုင်ကော်၊ ဒီမောဆို၊ ဖရူဆိုနှင့် ရှမ်းပြည်နယ်တောင်ပိုင်းက ဖယ်ခုံ၊ မိုးဗြဲ စသည့်မြို့များမှ ဒေသခံ တစ်သိန်းဝန်းကျင်မှာ တောတောင်များနှင့် စစ်ဘေးလွတ်ရာဒေသများသို့ တိမ်းရှောင်နေကြရပြီး စားသောက် နေထိုင်ရေးများအပြင် အဖက်ဖက်မှ အကူအညီများလည်း လိုအပ်နေဆဲဖြစ်သည်ဟု ပြောသည်။

“အခုလက်ရှိ အနေအထားခါကျတော့ စပါးတွေ ဘာတွေ ရှိသေးတယ် ခါကျတော့ တစ်လ နှစ်လအတွင်းတော့ ကျနော်တို့ တောင့်ခံနိုင်တဲ့ အနေအထား ရှိနိုင်သေးတယ်ပေါ့နော်။ ဒါပေမယ့် တစ်ခြားသော စားနပ်ရိက္ခာ ဆီတွေ၊ ဆားတွေ အခြားသော ကုန်ခြောက်တွေ ဆေးဝါးပစ္စည်းတွေ ပြတ်လပ်နေတဲ့အနေအထားမှာ ရှိတယ်ဗျာ။ ဒီအတောအတွင်း ပြတ်လပ်နေတဲ့ အနေအထားတွေရှိတယ်ပေါ့နော်။ ဆန်ကလွဲရင် အခြားသော ကုန်စည်တွေကတော့ ပြတ်တောက်နေတဲ့အနေအထားမှာ ကျနော်တို့ တွေ့ရတယ်ပေါ့” ဟု စစ်ရှောင်စခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိအခြေအနေအရ စစ်ဘေးရှောင်များအတွက် ဆန်စပါး နှစ်လစာအတွက် ဖူလုံမှုရှိသော်လည်း ယခုကဲ့သို့ ရှေရှည်သွားနေမည်ဆိုပါက နောက်ပိုင်းတွင် အဖက်ဖက်မှ ပိုမိုခက်ခဲလာနိုင်သည်ဟု ဆိုသည်။

ထို့အပြင် ဆန်၊ ဆီ၊ ဆားကဲ့သို့ အခြေခံစားသောက်ကုန်များအပြင် လက်ရှိတွင် ဆေးဝါးများလည်း အရေးပေါ်အကူအညီများ လိုအပ်နေသည်ဟု စစ်ဘေးရှောင်များအား ကူညီပေးနေသည့် ဒေသခံလူငယ်က ဆက်ပြောသည်။

၎င်းက “အခုလက်ရှိအနေအထားက အဓိကလိုအပ်တာက အများအားဖြင့် ကလေးတွေအတွက် အဓိက ဆေးဝါးပစ္စည်းလိုတယ်။ သူတို့အတွက် နည်းနည်းလေး နေထိုင်မှုပုံစံမျိုးတွေ အဲဒါမျိုးတွေ လိုအပ်တာရှိတယ်။ နောက်ထပ် အဓိက ဘာတွေလိုအပ်တာလဲဆိုလို့ရှိရင် လူကြီးနဲ့ ကလေးတွေ နောက် မသန်မစွမ်းရှိတဲ့လူတွေ သက်ကြီးရွယ်အိုတွေအတွက် အဓိက ဆေးဝါးပစ္စည်းတွေ အများကြီးလိုတယ်။ နောက် အမျိုးသမီးအသုံး အဆောင်ပစ္စည်းတွေလည်း အများကြီးလိုအပ်တဲ့ အခြေအနေမှာ ရှိတယ်ဗျာ” ဟု ပြောသည်။

ထို့အပြင် မိုးရာသီရောက်ရှိလာပြီဖြစ်သည့်အတွက် စစ်ဘေးရှောင်များနေထိုင်သည့် နေရာများကို ကာရံရန်အတွက် တာလပတ်၊ မိုးကာများအပြင် ယင်လုံအိမ်သာများလည်း လိုအပ်နေသည်ဟု ဆိုသည်။

ပြီးခဲ့သည့် မေလ ၂၀ ရက်နေ့ နောက်ပိုင်းမှစတင်ကာ ကရင်နီပြည်နယ် ပြည်သူ့ကာကွယ်ရေးတပ် PDF တပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလာခဲ့သည်။

စစ်ကောင်စီတပ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို ပြန်လည်တိုက်ခိုက်ရာတွင် လေကြောင်းပစ်ကူနှင့် လက်နက်ကြီးပစ်ကူများ အသုံးပြုခဲ့သည်။

ဒေသခံများမှာ ၎င်းတို့နေထိုင်ရာဒေသများတွင် လုံခြုံမှုမရှိတော့သည့်အတွက် နီးစပ်ရာမြို့များသို့ ရွှေ့ပြောင်းနေထိုင်ခဲ့ကြရပြီး အများစုမှာ တောတောင်ထဲသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

လက်ရှိတွင် ကယား (ကရင်နီ) ပြည်နယ်တွင် စစ်ရေးပဋိပက္ခကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသူ စစ်ဘေးရှောင်ဦးရေ တစ်သိန်းဝန်းကျင်အထိရှိလာနေပြီ အဆိုပါ စစ်ဘေးရှောင် တစ်သိန်းဝန်းကျင်အတွက် အဖက်ဖက်မှ အကူအညီများလိုအပ်နေဆဲဖြစ်သည်ဟု စစ်ဘေးရှောင်များကို အကူအညီပေးနေသူများက ဆိုသည်။

Most read this week

December 17, 2025
လာမည့် ၂၀၂၆ ခုနှစ်တွင် မြန်မာပြည်သူ ၁၂ သန်းကျော်သည် ဆာလောင်မွတ်သိပ်မှုဒဏ်ကို ပြင်းထန်စွာ...
December 16, 2025
စစ်ကော်မရှင်က ကျင်းပရန် စီစဉ်နေသည့် အတုအယောင် ရွေးကောက်ပွဲသည် တရားမျှတမှု မရှိဘဲ စစ်အာဏာ...
December 15, 2025
မွန်ပြည်တွင် စစ်ကော်မရှင်က ကျားဖြန့်ခေါင်းစဉ်ဖြင့် ရှမ်းပြည်သားများကို တည်းခိုခွင့်...
December 10, 2025
သေဒဏ်အထိ ပြစ်ဒဏ်ချမှတ်နိုင်သည့် ရွေးကောက်ပွဲ ဥပဒေဖြင့် သတင်းမီဒီယာနှင့် ပြည်သူများ ခြိမ်းခြောက်...