ဟတ်ကြီးရေကာဆောက်လိုမှု စစ်ကောင်စီ ရည်ရွယ်ချက် မရိုးသား

ဟတ်ကြီးရေကာဆောက်လိုမှု စစ်ကောင်စီ ရည်ရွယ်ချက် မရိုးသား

ဟတ်ကြီးရေကာတာ တည်ဆောက်လိုသည့် စစ်ကောင်စီ၏ဆန္ဒမှာ စစ်ရေးဗျူဟာ အသာစီးရရန်ဖြစ်သည်ဟု ကရင်အရပ်ဘက်အဖွဲ့အစည်းများက ပြောသည်။

ကရင်မြစ်ချောင်းများ စောင့်ကြည့်ရေးကွန်ရက်အဖွဲ့ (Karen River Watch) က ပြောရေးဆိုခွင့်ရှိသူ စောသာဘိုးက “စစ်ရေးဗျူဟာအရကလည်း သူတို့ ဒီနေရာကို ပြန်ပြီး လွှမ်းမိုးချင်တဲ့အတွက် ရေကာတာကို တွန်းတယ်။ ပြီးတော့ တစ်ဖက်မှာလည်း နိုင်ငံရေး အကျိုးအမြတ်ထုတ် ချင်တဲ့ ဒီရင်းနှီးမြုပ်နှံမှုတွေကို သူက နိုင်ငံရေးအရ ထိုင်းတို့ တရုတ်တို့ အကာအကွယ်ပေးမှု မျက်နှာရလိုမှုနဲ့ သူအဲဒါကို ဒီပရောဂျက်ကို သူတွန်းခြင်းဖြစ်တယ်” ဟု ပြောသည်။

ပြည်သူများ တောက်လျှောက်ကန့်ကွက်နေသည့် သံလွင်မြစ်ပေါ်က ဟတ်ကြီးရေကာတာစီမံကိန်း ဆောက်လုပ်သင့်ကြောင်း စစ်ကောင်စီက မကြာသေးမီက ပြောဆိုလာခဲ့ခြင်းဖြစ်သည်။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “နိုင်ငံတစ်ခု ဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်ဓါတ်အားရရှိမှု၊ ပို့ဆောင်ရေး စနစ်ကောင်းမွန်မှု၊ ဆက်သွယ်ရေးစနစ်ကောင်းမွန်မှုနှင့် လူသားအရင်းအမြစ် ပေါကြွယ်ဝမှုများသည် အဓိကအရေးကြီးကြောင်း၊ လျှပ်စစ်ဓါတ်အားထုတ်လုပ်ရးနှင့်ပတ်သက်၍ ပြည်နယ်၏ လျှပ်စစ်ဓါတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည့် ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သည့် ရေအရင်းမြစ်များရှိပြီးဖြစ်ကြောင်း၊ သံလွင် မြစ်ပေါ်တွင် တည်ဆောက်မည့် ဟက်ကြီးရေအားလျှပ်စစ်စက်ရုံမျိုးသည် ကရင်ပြည်နယ်ကို အထောက်အကူပြုမည် ဖြစ်သည့်အတွက် ဆောင်ရွက်သင့်ကြောင်း၊ အကြောင်းအမျိုးမျိုးပြ၍ ကန့်ကွက်နေသူများကို နားလည်စေလိုကြောင်း” ဘားအံခရီးစဉ်တွင် ပြောဆိုခဲ့သည်။

စစ်ကောင်စီတပ်က အာဏာသိမ်းပြီးနောက် ကြုံနေရသည့် အခက်အခဲများထဲတွင် ငွေရေးကြေးရေးအခက်အခဲအပြင် နယ်မြေစိုးမိုးရေးအတွက် ယခုကဲ့သို့ တိုက်တွန်းနေရခြင်းဖြစ်သည်ဟု ကရင်မြစ်ချောင်းများ စောင့်ကြည့်ရေးကွန်ရက်အဖွဲ့ (Karen River Watch) က ထောက်ပြသည်။

“တတိယတစ်ခုက သူရဲ့ ပိုက်ဆံလိုနေတယ်ပေါ့နော။ စစ်ကောင်စီမှာ ပိုက်ဆံလည်း မရှိတဲ့အခါကျတော့ ဒီပရောဂျက်အားဖြင့် သူတို့တွေ ပိုက်ဆံရနိုင်တယ်။ မြိုးမြိုးမြတ်မြတ် ရနိုင်တဲ့ဟာမျိုးတွေရှိတယ်။ ဘာကြောင့်လဲဆိုတော့ အချို့တွေက Contract တွေအပေါ်မှာ သူတို့ ပိုက်ဆံရနိုင်တယ်။ ဒါကြောင့် ဒီလိုရည်ရွယ်ချက်တွေနဲ့ လုပ်နေတယ်လို့ ယူဆတယ်” ဟု စောသာဘိုးက ဆက်ပြောသည်။

မြန်မာတစ်နိုင်ငံလုံးက ပြည်သူများက စစ်အာဏာရှင်ဆန့်ကျင်နေသည့်အတွက် ဆုံးရှုံးမှုများစွာနှင့် ရင်ဆိုင်နေရသည့် အာဏာသိမ်းစစ်ကောင်စီအနေဖြင့် နိုင်ငံရေး၊ စစ်ရေးအခြေအနေများကို ထိန်းချုပ်နိုင်ရေး နည်းမျိုးစုံ ကြိုးစားနေပြီး ငွေကြေးလိုအပ်ချက်များစွာရှိနေသည့်အတွက် တဖက်တစ်လှမ်းကနေ ငွေရရှိနိုင်ရေး ကြိုးစားနေခြင်းသာဖြစ်သည်ဟု ကရင်အရပ်ဘက်အဖွဲ့အစည်းများက ပြောသည်။

ထို့ကြောင့် ကရင်ပြည်နယ်ဖွံ့ဖြိုးရေး၊ ဒေသအတွင်းရှိ ကရင်ပြည်သူများ လျှက်စစ်မီးရရှိရေးဆိုသည်မှာ မဖြစ်နိုင်ဘူးဟု ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက် (KPSN) ပြောရေးဆိုခွင့်ရှိသူ စောအဲလက်စ်က ပြောသည်။

“သဘောရိုးအနေနဲ့ ဒါသည် ကရင်လူမျိုးတွေကို ကရင်ပြည်တစ်ခုလုံးကို မီးပေးမယ်၊ ကရင်တွေကို သူတို့ကို မတော်လှန်အောင် မဆန့်ကျင်အောင် လုပ်လိုတဲ့ရည်ရွယ်ချက်နဲ့များ လုပ်သလားဆိုတဲ့ ကျနော်တို့ကတော့ သုံးသပ်တာပေါ့နော်။ ဘာဖြစ်လို့လည်းဆိုတော့ ဒီကရင်ပြည်နယ်မှာ လက်နက်ကိုင်အဖွဲ့အစည်းတွေ အများကြီးရှိနေတယ်။ ဒီလက်နက်ကိုင်အဖွဲ့အစည်းတွေကြားမှာလည်း စစ်ကောင်စီအာဏာသိမ်းမှုကို သဘောမတွေ့တဲ့ ဆန့်ကျင်နေတဲ့ အဖွဲ့အစည်းတော်တော်များများတွေ့ရတယ်ပေါ့နော်။ ဆိုတော့ ဒီရေကာတာကို အခုလက်ရှိ ပြန်လည်အသက်သွင်းပြီးတော့မှ မီးပေးမယ်ဆိုတာ ဒါသည် သဘောရိုးနဲ့ပြောတာ လုံးဝမဟုတ်နိုင်ဘူး”

မေလ ၃၁ ရက်နေ့က ကရင်ပြည်နယ်ခရီးစဉ်အတွင်း အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင်က ပြည်နယ် စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တွေ့ဆုံစဉ် ဟတ်ကြီးရေကာတာကို ဆောက်လုပ်သင့်ကြောင်း ပြောဆိုခဲ့ခြင်းအပေါ် ကရင်အရပ်ဘက်အဖွဲ့အစည်းများက ထောက်ပြပြောဆိုလိုက်ခြင်းဖြစ်သည်။

စောအဲလက်စ်က “ဒီဟာသည် ကောက်ကျစ်စဉ်းလဲတဲ့ နိုင်ငံရေးနောက်ကွယ်က ကစားကွက်တွေ အများကြီးရှိနိုင်တဲ့အတွက် ကျနော်တို့ မင်းလောင်လှိုင် စစ်ကောင်စီကလုပ်တဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ သမိုင်းကိုကြည့်လိုက်ပါ တပ်မတော်ကလုပ်တဲ့ စစ်အာဏာရှင်ကလုပ်တဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ပြည်သူလူထုကို အကျိုးရှိစေတာ ဘယ်နှစ်ခုရှိခဲ့ဖူးလဲ။ တစ်ခုမှမရှိခဲ့ဘူး။ တဖက်လှည့်နဲ့ ကရင်လူမျိုးကို အချင်းချင်းကွဲပြဲအောင် လုပ်နိုင် တယ်။ ပြီးခဲ့တဲ့ နှစ်ရက်သုံးရက်က ဒီကိုလာပြီးမှ ဗိုလ်ချုပ်အောင်ဆန်းတံတားကို သံလွင်တံတားဆိုပြီးတော့မှ မွန်လူမျိုးတွေကို ပြန်ပြီးဖားတဲ့ပုံစံမျိုးလိုလို ဘာလိုလို ကျနော်တို့တွေ့ရတယ်။ ဒါက ရုပ်ပြအပေါ်ယံလာပြီး လုပ်ပြတဲ့သဘောပဲရှိတယ်” ဟု ပြောသည်။

သို့သော် စစ်တပ်အနေဖြင့် သမိုင်းကြောင်းတစ်လျှောက်တွင်လည်း ပြည်သူလူထုအတွက် လုပ်ဆောင်ပေးခဲ့သည့် ဖွံ့ဖြိုးရေးလုပ်ငန်းဆိုသည်မှာ မရှိခဲ့ကြောင်း၊ ယခုကဲ့သို့ပြောဆိုခြင်းသည် စစ်ကောင်စီအတွက်သာဖြစ်သည်ဟု စောသာဘိုးက ဆက်ပြောသည်။

“ကျနော်တို့ ကရင်ပြည်နယ်ထဲမှာဆိုလို့ရှိရင် အရင်က သောက်ရေခပ်ရေကာတာဆိုတာရှိတယ်။ တောင်ငူခရိုင် တပ်မဟာ ၂ ဖက်မှာပေါ့နော။ သောက်ရေခပ် ရေကာတာရှိတယ်။ အဲဒီ အပစ်ခတ်မရပ်ခင်ပေါ့နော။ အဲဒီမှာ သူတို့ဆောက်တယ် ၂၀၁၀ နောက်ပိုင်း သူတို့ ရေကာတာလည်း ဆောက်ပြီးတာနဲ့ နောက်ပိုင်း ဘာဖြစ်သွားလဲ အဲဒီ တောင်ငူခရိုင်က ဧရိယာတော်တော်များများက သောင်းနဲ့ချီတဲ့ ဧကတွေက လွှမ်းသွားရော ရေမြုပ်သွားတဲ့အခါကျတော့ အဲဒီနေရာကို ကျည်ဆန်တစ်ထောင့်လွတ်စရာမလိုပဲ အဲဒီနေရာကို ထိန်းချုပ်ပြီးသားဖြစ်သွားတာပေါ့။ ဒီတော့ ကျနော်ထင်တယ်”

ရေအားလျှပ်စစ်စွမ်းအင် ၁၂၀၀ မီဂါဝပ်ထုတ်လုပ်နိုင်ရန်ရည်ရွယ်ပြီး သံလွင်မြစ်ပေါ်တွင် ဟတ်ကြီးရေကာတာစီမံကိန်းကို တည်ဆောက်ရန် စစ်အစိုးရလက်ထက်ကတည်းက မြန်မာနိုင်ငံလျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ထိုင်းနိုင်ငံ လျှပ်စစ်ထုတ်လုပ်ရေး အာဏာပိုင်အဖွဲ့နှင့် တရုတ်နိုင်ငံက ခဆိုင်နိုဟိုဒရိုကုမ္ပဏီတို့က ၂၀၀၆ ခုနှစ်ခန့်တွင် သဘောတူညီ လက်မှတ်ထိုးခဲ့ကြခြင်းဖြစ်သည်။

စစ်မှန်သည့် ငြိမ်းချမ်းရေးမရရှိသေးခင်ကာလတွင် ကရင်ပြည်နယ်အတွင်းနှင့် ကရင်လူမျိုးများနေထိုင်သည့် ဒေသများတွင် အကြီးစား ရေကာတာစီမံကိန်းများ မလုပ်ကိုင်ရန် ကရင်ပြည်သူများနှင့် ကရင်မြစ်ချောင်းများ စောင့်ကြည့်ရေးကွန်ရက်အဖွဲ့က တောက်လျှောက်တောင်းဆိုထားသည်။

ဟတ်ကြီးရေကာတာအပါအဝင် သံလွင်မြစ်ပေါ်တွင် အကြီးစားရေအားလျှပ်စစ်စွမ်းအင် ထုတ်လုပ်နိုင်သည့် ရေကာတာစီမံကိန်း ၁၄ ခု တည်ဆောက်ဖို့လျာထားကြောင်း၊ အဆိုပါစီမံကိန်းများမှ အနည်းဆုံး လျှပ်စစ်ဓါတ်အား မီဂါဝပ် ၁ သောင်းခွဲခန့်ထုတ်နိုင်ရန် ရည်ရွယ်ပြီး အစိုးရအဆက်ဆက် ကြိုးစားလာခဲ့သည်ဟု ကရင်မြစ်ချောင်းများကွန်ရက် (KRW) ရဲ့ ထုတ်ပြန်ချက်များအရ သိရသည်။

ကရင်မြစ်ချောင်းများကွန်ရက် (KRW) ၏ ယခင်ထုတ်ပြန်ချက်များအရ ဟတ်ကြီးရေကာတာစီမံကိန်းတွင် ပါဝင်ပတ်သက်နေသည့် အိမ်နီးချင်းနိုင်ငံများမှာ ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံများဖြစ်ကြသော်လည်း ယခု စစ်ကောင်စီက ပြန်လည်အကောင်အထည်ဖော်မယ့် အခြေအနေတွင် မည်သည့်နိုင်ငံများ ပါဝင်ပတ်သက်မည်ကို မသိရသေးပေ။

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...