KIO နယ်မြေတွင် ၃ လအတွင်း ကိုဗစ်လူနာ ၁၃ ဦးတွေ့

KIO နယ်မြေတွင် ၃ လအတွင်း ကိုဗစ်လူနာ ၁၃ ဦးတွေ့

ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA ထိန်းချုပ်နယ်မြေတွင် ယခုနှစ် မတ်လအတွင်းမှစတင်ကာ ယနေ့အချိန်အထိ COVID-19 ရောဂါ ကူးစက်ခံရသူ ၁၃ ဦးရှိသည်ဟု KIO COVID-19 ရောဂါတားဆီးနှိမ်နှင်းရေးကော်မတီက ပြောသည်။

KIO COVID-19 ရောဂါတားဆီးနှိမ်နှင်းရေးကော်မတီ အတွင်းရေးမှူး ဗိုလ်မှူးကြီးလဖိုင်ဟိန်းဝေါမ်က “အခု လောလောဆယ် ၁၃ ယောက်တော့ Positive ဖြစ်တာရှိပြီ” ဟုပြောသည်။

လက်ရှိတွင် အဆိုပါ ရောဂါကူးစက်ခံထားရသူများက ဆေးကုသမှုခံယူပြီးနောက် ဆေးထပ်မံစစ်ရာတွင် ရောဂါပိုးတွေ့ရှိထားသူများအဖြစ်မှ ပိုးမတွေ့ရှိတော့သည့်သူများအဖြစ်သို့ ပြောင်းလဲသွားပြီဟု ဆက်ပြောသည်။

“အားလုံးလိုလိုတော့ Negative ပြောင်းကုန်ပြီ။ အခု ကျန်တဲ့နှစ်ယောက်လည်း မကြာခင် ဆေးရုံကဆင်းတော့မယ်” ဟု ဆက်ပြောသည်။

၂၀၂၀ ခုနှစ် တစ်နှစ်ပတ်လုံးနှင့် ၂၀၂၁ ခုနှစ် စစ်အာဏာမသိမ်းခင်ကာလအထိ KIO/KIA ထိန်းချုပ်နယ်မြေအတွင်း COVID-19 ကူးစက်မှုများ မရှိခဲ့သော်လည်း ယခုနှစ် မတ်လခန့်မှစတင်၍ ဝင်ရောက်လာသူများထဲမှ ရောဂါကူးစက်ခံရသူ ၁၃ ဦးရှိခဲ့သည်ဟု KIO တွင်ဖွဲ့စည်းထားသည့် COVID-19 ရောဂါတားဆီးနှိမ်နှင်းရေးကော်မတီ တာဝန်ရှိသူက ပြောသည်။

“သူတို့က March လမှ ဝင်လာတဲ့ သူတွေဟုတ်တယ်။ မနှစ်တုန်းကတော့ ရောဂါကူးစက်တာမရှိဘူး။ ကျနော်တို့ ဒီကော်မတီကို မနှစ်တုန်းက ဒီ ဖေဖော်ဝါရီလကနေစပြီးတော့ ဖွင့်တယ်။ အဲဒီတစ်နှစ်အတောအတွင်းတော့ ဘာမှမတွေ့ဘူး။ အခုဒီနှစ် သုံးလပိုင်းလောက်ကနေစပြီးတော့ စတွေ့တာဟုတ်တယ်” ဟု ပြောသည်။

ကချင်လွတ်လပ်ရေးတပ်မတော် KIO/KIA ထိန်းချုပ်နယ်မြေအတွင်း ကိုရာနာဗိုင်းရပ်ကူးစက်ရောဂါ COVID-19 ရောဂါပိုးကူးစက်ခံရသူ စုစုပေါင်း ၁၃ ဦးရှိခဲ့ရာ လက်ရှိဆေးရုံတွင် ၂ ဦးသာကျန်တော့သည့်အတွက် ရောဂါကူးစက်မှုနှုန်းကို ထိန်းချုပ်ထားနိုင်သည်ဟု KIO/KIA က ပြောသည်။

ကမ္ဘာ့နိုင်ငံအသီးသီးတွင် COVID-19 ကူးစက်ခံရနေချိန်၊ အိမ်နီးချင်းနိုင်ငံများဖြစ်သည့် အိန္ဒိယနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနင့် ထိုင်းနိုင်ငံတို့တွင်လည်း COVID-19 တတိယလှိုင်းနှင့် ရင်ဆိုင်နေရချိန်ဖြစ်သည့်အတွက် ယခုအခါ KIO ထိန်းချုပ်နယ်မြေအတွင်းသို့ ဝင်ရောက်လာသူများကို ပိုမို တင်းကြပ်စွာ စစ်ဆေးမှုများပြုလုပ်နေသည်ဟု KIO COVID-19 ရောဂါတားဆီးနှိမ်နှင်းရေးကော်မတီက ပြောသည်။

၎င်းတို့လုပ်ဆောင်နေသည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍လည်း “အခု ကျနော်တို့ဘက်မှာလည်း သတင်းတွေရထားတယ်။ ဥပမာ - အိန္ဒိယတို့၊ ထိုင်းတို့၊ မလေးမှာတို့၊ ဘင်္ဂလားဒေ့ရှ် နောက်ပြီး ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်မှာ အိန္ဒိယက COVID ပိုးတွေ တွေ့ပြီဆိုတာလည်း သတင်းတွေ ကြားတယ် အဲဒါကြောင့် ကျနော်တို့ဟာဆိုလို့ရှိရင် လူဝင်/လူထွက်မှာ ပိုပြီးတော့မှ ကြပ်မတ်တယ်။ ခိုးဝင်တဲ့သူမရှိအောင် အားလုံး Swab စစ်ပြီးမှ တစ်ပတ်အတွင်းကို တစ်ခေါက် ပြန်စစ်ပေးနိုင်ဖို့ အဲဒီအထိ ကျနော်တို့ ဆောင်ရွက်နေတယ်” ဟု ပြောသည်။

၎င်းတို့၏ ဒေသအတွင်း ကျောင်းများဖွင့်ချိန်နှင့်အတူ ယခုကဲ့သို့ တခြားသောပြည်နယ်များတွင် COVID-19 တတိယလှိုင်းကူးစက်မှုများ ရှိလာနေသည့်အတွက် စာသင်ကျောင်းများတွင်လည်း ကိုဗစ်ရောဂါကူးစက်မှု ထိန်းချုပ်နိုင်ရေး စည်းမျဉ်းစည်းကမ်းများ တင်းကြပ်ထားဆဲဖြစ်သည်ဟု ဗိုလ်မှူးကြီးလဖိုင်ဟိန်းဝေါမ်က ဆက်ပြောသည်။

“COVID နဲ့ပတ်သက်ပြီး အဓိက လက်ဆေးတာ၊ Mask တပ်တာ နောက်ပြီးတော့ ခပ်ခွာခွာနေတာတွေ အပူချိန်တိုင်းတာတွေရှိမယ်။ တစ်ချို့ အထက်တန်းကျောင်းသားတွေကတော့ Covid ဆေးထိုးပြီးသားတွေရှိတယ်ဆိုတော့ ပိုပြီး စိတ်ချရတာပေါ့ ကျောင်းမှာလည်း မနှစ်တုန်းက ဒီလိုဘဲ ဆရာမတွေက ကြပ်မတ်ပြီး အဲလို လိုက်နာခိုင်းတယ်။ ကျောင်းတက်တာလည်း မနက်ပိုင်း ညနေပိုင်း ခွဲပြီးသင်တာရှိတယ်”

KIO ထိန်းချုပ်နယ်မြေအတွင်းက ပြည်သူများကို ယခုနှစ် ဖေဖော်ဝါရီလကစတင်၍ ယနေ့အချိန်အထိ KIO ကျန်းမာရေးဌာနနှင့် KIO COVID-19 ရောဂါတားဆီးနှိမ်နှင်းရေးကော်မတီက COIVD-19 ရောဂါကာကွယ်ဆေးများကိုလည်း ထိုးပေးနေသည်ဟု သိရသည်။

COVID-19 ဗိုင်းရပ်စ် ကူးစက်မှုကို ကာကွယ်တားဆီးသည့်အနေဖြင့် ကချင်လွတ်လပ်ရေးအဖွဲ့ထိန်းချုပ်ရာ တရုတ်-မြန်မာနယ်စပ်ဂိတ်မှ ဝင်ရောက်လာသူများကို ယခင်နှစ်ကတည်းက ကန့်သတ်ထားပြီး KIA ထိန်းချုပ်နယ်မြေအတွင်းက မိုင်ဂျာယာန်၊ လိုင်ဇာကဲ့သို့မြို့များသို့ ပြည်ပနှင့် နယ်ဝေးမှလာရောက်ကြမည့် လူဝင်/လူထွက်များကို ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ပြီးမှသာ ၎င်းတို့၏ နယ်မြေများသို့ ဝင်ခွင့်ပြုသည်ဟု KIO COVID-19 ရောဂါတားဆီးနှိမ်နှင်းရေးကော်မတီက ပြောသည်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO အနေဖြင့် COVID-19 နှင့်ပတ်သက်သည့် ရောဂါကာကွယ်တားဆီးရေး လုပ်ငန်းများကို ကော်မတီဖွဲ့ကာ လုပ်ဆောင်လျက်ရှိပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ၏ လမ်းညွှန်မှုများနှင့်အညီ ဒေသခံများ၊ စစ်ဘေးရှောင်စစ်စခန်းရှိ ပြည်သူများကို ကိုဗစ်နှင့်သက်ဆိုင်သည့် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို ချမှတ်ပေးထားပြီး လိုက်နာနေထိုင်စေသည်ဟု သိရသည်။

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...