ဒီးမော့ဆိုကို စစ်ကောင်စီ ပစ်မှတ်သတ်သတ်မှတ်မှတ်မရှိပဲ လက်နက်ကြီးများဖြင့်ပစ်

ဒီးမော့ဆိုကို စစ်ကောင်စီ ပစ်မှတ်သတ်သတ်မှတ်မှတ်မရှိပဲ လက်နက်ကြီးများဖြင့်ပစ်

စစ်ကောင်စီတပ်မှ ကယား (ကရင်နီ) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်းသို့ တိုက်ပွဲမရှိပဲ လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည်ဟု ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် KNDF ပြောရေးဆိုခွင့်ရှိသူနှင့် ဒေသခံများက ပြောသည်။

“အခု ဒီနေ့ (ဇွန် ၁) အခြေအနေဆိုရင် မနက် ၆ နာရီ လောက်နေစပြီးတော့ တာဝေးပစ်ဒုံးတွေပေါ့။ ၁၂၀ မမ ဒုံးတွေနဲ့ ပစ်နေတယ်ပေါ့နော်။ အခုလက်ရှိ အချိန်အထိပဲ ပစ်နေတုန်းပေါ့။ နှစ်ဖက် ထိပ်တိုက်တွေ့ဆုံမှုတော့မရှိဘူး။ သူတို့ဟာသူတို့ လွိုင်ကော်မြို့ကနေပြီးတော့ ဒီးမော့ဆိုမြို့ကို ပစ်နေတာပေါ့နော်။ မနေ့တုန်းကဆိုရင်တော့ ဖယ်ခုံ၊ မိုးဗြဲဖက်လည်း သူတို့ပစ်တယ်ပေါ့နော်” ဟု KNDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ဒေသခံတစ်ဦးကလည်း ယနေ့ ဇွန်လ ၁ ရက်တွင် တိုက်ပွဲများမရှိပဲ လက်နက်ကြီးများသာပစ်ခတ်ကြောင်း ပြောသည်။

“ဟုတ်တယ်၊ ဒီနေ့က တိုက်ပွဲဖြစ်တာမဟုတ်ပဲနဲ့ မနက်အစောပိုင်းလောက်မှာ လျှောက်ပစ်နေတာ။ ဆက်တိုက်ပဲပစ်တာကတော့ မနေ့ကလောက်တော့မများဘူး။ ဒီလွိုင်ကော်ဘက်ကနေပဲပစ်တာ။ ဘာကိုပစ်လို့ပစ်နေမှန်းလည်းမသိဘူး။ ကျနော်တို့ ဒီပြည်သူတွေကတော့ အပြင်မထွက်ရဲဘူးလေနော်” ဟု ပြောသည်။

မေ ၃၁ ရက် (ယမန်နေ့) ကမူ ဒီးမော့ဆိုမြို့နယ်ထဲတွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီဖက်မှ လေယာဉ်များနှင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု KNDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ယမန်နေ့ကဖြစ်ပွားခဲ့သည့် တိုက်ပွဲအခြေအနေနှင့်ပတ်သက်၍ “မနေ့က အခြေအနေခါကျတော့ ကျနော်တို့ နေ့လည် ၁၂ နာရီမှာ တိုက်ပွဲစဖြစ်တာပေါ့နော။ တိုက်ပွဲစဖြစ်တာကတော့ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာပေါ့နော။ ဒေါငံခါးရပ်ကွက် နောက်ကုန်းသာကျေးရွာနဲ့ အလယ်မှာရှိတဲ့ ကျောက်ဆည်ကန်ပေါ့ အဲဒီရပ်ကွက်နဲ့ ရွာရဲ့အလယ်မှာရှိတဲ့ ကျောက်ဆည်ကန်မှာ စစ်ပွဲဖြစ်တာပေါ့။ စစ်ကောင်စီက ဟယ်လီကော်ပတာ ၂ စီးပေါ့နော်။ ပထမတော့ ၂ စီးနဲ့ပစ်တယ်။ အပေါ်ကနေပစ်တယ်။ နောက်ပြီးတော့ ညပိုင်းလောက်မှာကျတော့ ဂျက်လေယာဉ် ၂ စီးနဲ့ ထပ်ပစ်တယ်ပေါ့နော်။ ထပ်ပစ်တယ်။ ဂျက်လေယာဉ်တွေကတော့ တစ်ညလုံးနီးပါး ပျံဝဲနေတာပဲ။ ဒီးမော့ဆိုမြို့နယ်မှာပဲ။ စစ်ပွဲဖြစ်နေတာလည်း ဒီးမော့ဆိုပဲ ဖြစ်တဲ့အတွက် ဒီးမော့ဆိုပဲ သူတို့ပစ်နေတာပေါ့” ဟု KNDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီဖက်မှ အကျအဆုံးများခဲ့သည်ဟု KNDF ပြောရေးဆိုခွင့်ရှိသူက ဆက်ပြောသည်။

“စစ်ပွဲဖြစ်တယ်နောက် ကျဆုံးတာ ထိခိုက်တာကျတော့ ကျနော်တို့ PDF ကနေပြီးတော့ ၂ ဦးကျဆုံးတယ်။ ၅ ဦး ဒဏ်ရာရတာပေါ့နော်။ စစ်ကောင်စီဖက်ကျတော့ အခုကျနော်တို့ KNDF က ထုတ်ပြန်ထားတာပေါ့နော်။ ဒီ ၈၀ ဝန်းကျင်ပေါ့နော်။ ဒါက ခန့်မှန်းပေါ့နော်။ မြေပြင်မှာ ဖြစ်နေတဲ့ဟာကို လောလောဆယ်ပေါ့ အခု ဒီမနက် ရှင်းလင်းရေးကိစ္စတွေ မနေ့ထဲကနေ တိုက်ပွဲအခြေအနေက ပြင်းထန်တော့ အကျအဆုံးများတယ် သူတို့ အကျအဆုံးများတယ် ခန့်မှန်းခြေ အဲဒီဝန်းကျင်တော့ဖြစ်ဖို့ များတာပေါ့နော်”

ကယား (ကရင်နီ) ပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင် ပြီးခဲ့သည့် မေလ ၂၀ ရက်နေ့ နောက်ပိုင်းမှ စတင်ကာ စစ်ကောင်စီတပ်များနှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF တို့အကြား တိုက်ပွဲများစတင်ဖြစ်ပွားခဲ့ပြီး အဆိုပါတိုက်ပွဲများမှာ ကယားပြည်နယ်နှင့် ဆက်စပ်နေသည့် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် မိုးဗြဲမြို့အထိ ကူးစက်ဖြစ်ပွားလာခဲ့သည်။

အဆိုပါတိုက်ပွဲများကြောင့် သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ ဒေသခံပြည်သူများမှာ စစ်ဘေးလွတ်ရာသို့ တောတောင်များထဲသို့ ထွက်ပြေး တိမ်းရှောင်နေကြရပြီး အစားအသောက်၊ ဆေးဝါးနှင့် အခြေခံအသုံးအဆောင်များ အရေးပေါ်အကူအညီများ လိုအပ်နေသည်ဟုဆိုသည်။

လက်ရှိတွင် အာဏာသိမ်းစစ်ကောင်စီတပ်များကို အမြစ်ပြတ်ချေမှုန်းရန်နှင့် ပြည်သူလူထုများကို ကာကွယ်ရန်အတွက် ကယားပြည်နယ် အခြေစိုက် PDF များနှင့် ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲနှင့် ဖယ်ခုံရှိ PDF တပ်ဖွဲ့တို့နှင့်အတူ ဒေသအစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များပူးပေါင်းကာ တပ်ပေါင်းစုအဖြစ် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ကို ဖွဲ့စည်းထားသည်ဟု သိရသည်။

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...