စစ်ကိုင်းတိုင်းဒေသကြီးရှိ ကသာမြို့နှင့် ကချင်ပြည်နယ်အတွင်းက ရွှေကူမြို့များထဲသို့ စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲခဲ့သည်ဟု ဒေသခံများနှင့် ပြည်သူ့ကာကွယ်ရေးတပ် တာဝန်ရှိသူများက ပြောသည်။
မေလ ၃၁ ရက်နေ့ (ယနေ့) တွင်း အဆိုပါမြို့နှစ်မြို့ထဲသို့ ပထမဆုံးအကြိမ် လေယာဉ်ဖြင့် ဗုံးကြဲခဲ့ခြင်းဖြစ်သည်ဟု ပြောသည်။
ကသာမြို့က လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက “ဒီနေ့ကတော့ တိုက်ပွဲကမဖြစ်ဘူး။ လေယာဉ်နဲ့ သူတို့ကလာပစ်သွားတာ။ ဒီနေ့ လေယာဉ်လာပစ်တဲ့အချိန်က ကျနော်တို့ ၄ နာရီလောက်နော်၊ ၄ နာရီခွဲအချိန်လောက်ကို ပစ်သွားတာ။ နှစ်လုံးတည်း တခါတည်းပစ်ပြီး ဝဲပြီးပြန်သွားလိုက်တာ။ ဘုန်းကြီးကျောင်းနောက်ပေါ့ လာပစ်သွားတာ။ မြေနုတောရကျောင်း၊ ဒေဝါရာမနီကျောင်းဘက်မှာ လာပစ်သွားတာပါ။ လူတွေတော့ မထိခိုက်သွားဘူး။ လောလောဆယ်အနေအထားက ဘယ်သူမှမထိခိုက်ဘူး။ ပြည်သူတွေက လေယာဉ်တွေလာတာနဲ့ တောထဲဝင်ပြီး ပုန်းနေလိုက်တာလေ” ဟု ပြောသည်။
ကသာ ပြည်သူ့ကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ်တို့အကြား ယမန်နေ့က ဖြစ်ပွားခဲ့သော်လည်း ယနေ့တွင် တိုက်ပွဲတစ်စုံတစ်ရာမရှိပဲ လေယာဉ်ဖြင့် လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
“မြေပြင်အခြေအနေအရတော့ တိုက်ပွဲတွေဖြစ်တာပေါ့။ မနေ့ကတော့ ဘယ်အချိန်မှာဖြစ်သလဲဆိုတော့ တစ်နာရီခွဲလောက်မှာ စဖြစ်တာ။ ဒီနေ့ကတော့ တိုက်ပွဲဖြစ်တာမရှိဘူး။ လက်နက်ငယ်တွေနဲ့ပဲ ခြိမ်းခြောက်ပြီး ပစ်တာလောက်ပဲရှိတယ်။ မနေ့ကလိုတော့ ထိပ်တိုက်မတွေ့ဘူးဗျ။ ဒီနေ့ကတော့ လေယာဉ်နဲ့ လာပစ်တာပဲရှိတယ်။ ဘုန်းကြီးကျောင်းဘက်ကိုပေါ့၊ PDF တွေရှိတယ်ထင်ပြီး လာပစ်တာဗျ။ မနေ့ကဖြစ်တဲ့ ထိပ်တိုက် တိုက်ပွဲပြီးတာနဲ့ ဒီနေ့ကို လေယာဉ်နဲ့လာပစ်တော့တာပဲ” ဟု အဆိုပါ ကသာဒေသခံက ဆက်ပြောသည်။
ယမန်နေ့က ကသာမြို့နယ်၊ ရွှေပြည်သစ်ကျေးရွာနှင့် ဟဲနားကျေးရွာကြားရှိ ချောင်းအနီးတွင် နှစ်ဖက်ကြား ထိပ်တိုက်တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်တပ်ဘက်က ထိခိုက်ဒဏ်ရာရရှိမှု၊ ထိခိုက်ဒေသမှုများရှိခဲ့သည့်အတွက် ယနေ့တွင် လေယာဉ်နှင့် လာရောက်ပစ်ခတ်ခြင်းဖြစ်သည်ဟု ပြောသည်။
ယမန်နေ့က ကသာမြို့ကတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က သေဆုံးသူ ၄ ဦးနှင့်၊ ထိခိုက်ဒဏ်ရာရရှိသူ ၄ ဦးထက်မနည်းရှိပြီး ကသာ PDF ဘက်ကလည်း ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ကသာ PDF တာဝန်ရှိသူတစ်ဦးက ပြောသည်။
ရွှေကူမြို့နယ်ထဲ စစ်ကောင်စီတပ်က လေယာဉ်နှင့် လာရောက်ပစ်ခတ်ခဲ့သည့် အခြေအနေနှင့်ပတ်သက်၍ “ရွှေကူမှာက ကျောက်ကြီးဘက်မှာ ပစ်သွားတယ်။ ရွှေကူလေးတဖက်ကမ်းက ကျောက်ကြီးပေါ့၊ လေယာဉ်နဲ့ ဗုံးလာကြဲတာ၊ သုံးခေါက်လာပစ်သွားတယ်။ လေယာဉ်က ၃ စီးလား ၂ စီးလားမသိဘူး လာတာမြင်လိုက်တယ်။ ဒီ မင်းကျောင်းကုန်းတို့၊ သာယာကုန်းတို့၊ ကျောက်ကြီးတို့ဘက်ကိုလာပြီး ပစ်ခဲ့တာပဲ။ အဲ့နားကတော့ ဒီရက်ပိုင်းတွေ စစ်တပ်ရဲ့သင်္ဘောတွေ ခနခန ပစ်ခံနေရတဲ့ နေရာတွေဟုတ်တယ်” ဟု ရွှေကူ PDF အဖွဲ့ဝင်တစ်ဦးက ပြောသည်။
ထို့အပြင် ဖားကန့်မြို့နယ်ထဲတွင်လည်း စစ်ကောင်စီတပ်၏လေယာဉ်များ ပျံဝဲလျှက်ရှိနေသည့်အတွက် ဒေသခံများက စိုးရိမ်နေကြသည်။
စစ်ကိုင်းတိုင်းဒေသကြီးရှိ ကသာ PDF တပ်ဖွဲ့ဝင်များ၊ ကချင်ပြည်နယ်ထဲက ရွှေကူ PDF တပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီအကြား တိုက်ပွဲများ၊ ပစ်ခတ်မှုများ ဖြစ်ပွားနေသည်သာမက ကယားပြည်နယ်ထဲက ဒီးမော့ဆို PDF တပ်ဖွဲ့ဝင်များ၊ ချင်းပြည်နယ် မင်းတပ် PDF တပ်ဖွဲ့ဝင်များနှင့်လည်း တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားလျှက်ရှိသည်။







