သံဖြူဇရပ်မြို့နယ်တွင် ၂ ရက်အတွင်း ကိုဗစ်ကူးစက်သူ ၅ ဦးအထိရှိလာ

သံဖြူဇရပ်မြို့နယ်တွင် ၂ ရက်အတွင်း ကိုဗစ်ကူးစက်သူ ၅ ဦးအထိရှိလာ

သံဖြူဇရပ်မြို့နယ်တွင် လတ်တလော ယခု ၂ ရက်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ၅ ဦးရှိကြောင်း မြို့နယ်ကြက်ခြေနီအသင်းမှ သိရသည်။

ကြက်ခြေနီအသင်းဝင်တစ်ဦးက “ဒီမနက် ပငကနေပြီးတော့ လင်းမယားနှစ်ယောက် အနံ့ပျောက်တယ်ဆိုပြီးတော့ လာစစ်တော့ Positive တွေ့တယ်၊ နောက် ပငရွာကနေပဲ အမျိုးသမီးတစ်ယောက် သူ့ကိုယ်သူ အနံ့ပျောက်သံသယရှိတယ်ဆိုပြီး လာစစ်တော့ ပိုးတွေ့ပြန်တယ် ဒါပေမယ့် သူတို့နဲ့ဆက်စပ်တဲ့ Contact တွေမှာ ပိုးမတွေ့ဘူး အခု ၂ ရက်အတွင်းမှာဆို ကိုဗစ်ပိုးတွေ့တာ ၅ ယောက်ရှိနေပြီ” ဟု ပြောသည်။

အဆိုပါ ကိုဗစ်ရောဂါပိုးကူးစက်ခံထားရသူများကို မော်လမြိုင် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားပြီး Contact လူနာများကို ဆက်လက်စုံစမ်း၍ Stay Home နေထိုင်ရမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

သို့ရာတွင် ရောဂါလက္ခဏာမပြသည့် ရောဂါပိုးသယ်ဆောင်ထားသူ များစွာရှိနိုင်ပြီး ကူးစက်မှုနှုန်း ပိုမိုမြင့်တက်လာနိုင်ဖွယ်ရှိကြောင်း သံဖြူဇရပ်မြို့မှ ဆရာဝန်တစ်ဦးက ယူဆသည်။

၎င်းက “ကျွန်တော်တို့နိုင်ငံမှာ ပထမလှိုင်းထက်ပိုဆိုးတဲ့ ဒုတိယလှိုင်းကိုဖြတ်ကျော်ခဲ့ပြီးပြီးပေါ့နော် အခုက တတိယလှိုင်းလို့ နာမည်တပ်လို့မရပေမယ့် ဗီဇပြောင်းပိုးတွေနဲ့ ကူးစက်နေရာတွေတော့ ကူးစက်နေပြီး အဓိမွန်ပြည်နယ်မှာဆိုရင် ထိုင်းကပြန်လာတဲ့သူတွေဆီမှာ အချိန်မရွေးကူးနိုင်တယ် အဲ့တော့နလံမထူနိုင်သေးတဲ့အချိန်မှာ တတိယလှိုင်းပြန်လည်ခံရမှာကို စိုးရိမ်မိတယ် ကိုဗစ်ကို မေ့ချင်ယောင်ဆောင်မနေဘဲ အတတ်နိုင်ဆုံး ကာကွယ်ကြပါ” ဟု ပြောသည်။

ထို့အပြင် ကိုဗစ်-၁၉ ကူးစက်မှုမြင့်တက်နေသည့် အိန္ဒယနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် ချင်းပြည်နယ် တွန်းဇံမြို့နယ်တွင် မေလ ၃၀ ရက်နေ့က ကိုဗစ်ကူးစက်သူ ၂၆ ဦးအထိတွေ့ရှိခဲ့ပြီး စစ်ကိုင်းတိုင်း တစ်မူးမြို့နယ်တွင်လည်း ကိုဗစ်လူနာတွေ့ရှိမှု များပြားလာခြင်းကြောင့် ကျန်းမာရေးဌာနက Stay at home ချကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ကိုဗစ်ကူးစက်မှုသည် ဆေးစစ်မှု၏ ၂ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းကျော်အထိ ရှိလာခြင်းကြောင့် ကိုဗစ်ကူးစက်မှုမြင့်မားသည့် အိန္ဒိယနိုင်ငံနှင့် အဝင်/အထွက်ကန့်သတ်ရန် ဆောင်ရွက်လျှက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

ကျန်းမာရေးဝန်ကြီးဌာန၏ ၂၀၂၁ ခုနှစ် မေလ ၃၀ ရက် ည ၈ နာရီ ထုတ်ပြန်ချက်များအရ တစ်နိုင်ငံလုံး ဓါတ်ခွဲလူနာ ၉၁၂ ခုအားစစ်ဆေးရာ ကိုဗစ်အတည်ပြုလူနာ ၄၅ ဦး ထပ်မံတွေ့ရှိပြီး မြန်မာနိုင်ငံတွင် စုစုပေါင်းအတည်ပြုလူနာ ၁၄၃,၄၁၄ ဦး၊ သေဆုံးသူ ၃၂၁၆  ဦးရှိပြီဖြစ်ကြောင်း ကျန်းမာရေးဌာနက သတင်းထုတ်ပြန်သည်။

September 7, 2026
မိုးစပါးအသစ်မပေါ်မီ စက်တင်ဘာလဆန်းပိုင်းအတွင်း မွန်ပြည်တွင် စပါးအမျိုးအစားအားလုံး ဈေးနှုန်း ဆက်...
ဓာတ်ပုံ - (Crd)
September 7, 2026
မွန်ပြည်၊ သံဖြူဇရပ်မြို့နယ်၊ ဝယ်ဝင်္ကရာကျေးရွာတွင် နေထိုင်သည့် ဇနီးမောင်နှံ နှစ်ဦးကို...
September 4, 2026
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်တွင် စစ်အုပ်စုတပ်က ရမ်းသမ်းပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ပေါက်ကွဲ...
September 3, 2026
ပဲခူးမြို့တွင် မိုးအဆက်မပြတ် ရွာသွန်းမှုနှင့်အတူ ပဲခူးမြစ်ရေ မြင့်တက်လာခြင်းကြောင့် မြို့ပေါ်ရှိ...