မုန်တိုင်းအရှိန်ကြောင့် ရခိုင်စစ်ဘေးရှောင်များ နေထိုင်ရေးခက်ခဲမည်ကို စိုးရိမ်

မုန်တိုင်းအရှိန်ကြောင့် ရခိုင်စစ်ဘေးရှောင်များ နေထိုင်ရေးခက်ခဲမည်ကို စိုးရိမ်

ရခိုင်ပြည်မှ စစ်ဘေးရှောင်စခန်းများတွင် နေအိမ်များကို ဝါးဖြင့်ဆောက်ထားသလို သစ်လုံးငယ်များဖြင့် ကိုယ်ထူကိုယ်ထ ဆောက်လုပ်နေကြသည့်အတွက် ယခုဖြစ်ပေါ်နေသော မုန်တိုင်းငယ်၏အချိန်ကြောင့် နေထိုင်ရေးခက်ခဲများကို စိုးရိမ်နေသည်ဟု စခန်းတာဝန်ခံများက ပြောသည်။

ပုဏ္ဏားကျွန်းမြို့နယ်၊ အထက်မြတ်လှဲ စစ်ဘေးရှောင်စခန်းတွင် အမိုးအကာများမလုံလောက်မှုကြောင့် ယခင်နှစ်ကရှိသည့် အမိုးအကာများဖြင့် ဖြစ်သလိုနေထိုင်ကြရပြီး မုန်တိုင်းတိုက်လာမည်ဆိုပါက နေအိမ်များ ပြိုပျက်သွားနိုင်သည်ဟု စခန်းတာဝန်ခံ ဦးဖြူသာအောင်က ပြောသည်။

“မိုးရွာဖို့ဆိုတာကိုတောင် ကြောက်နေရတဲ့ကြားထဲ မုန်တိုင်းကလည်း တိုက်မယ်ဆိုတော့ ကျနော်တို့ ကယ်ဆယ်ရေးနေအိမ်တွေက အားလုံးပြိုသွားနိုင်တယ်။ ဘာတစ်ခုမှ ကျန်လိုက်မှာမဟုတ်တော့ဘူး။ ကြိုတင်ပြင်ဆင်ဖို့အတွက်လည်း သစ်၊ ဝါးတွေကလည်း စုံစုံလင်လင် ကျနော်တို့မှာ ဘာမှ မရှိဘူး။ အဲဒီလိုကြည့်နေရတာပါပဲ။ အရင်နှစ်က တာပေါ်လင်အဟောင်းတွေနဲ့ ပြန်လို့မိုးထားပေမယ့်လည်း မိုးမလုံဘူး။ အိမ်တွေကိုက ဝါးနဲ့ဆောက်ထားတာပါ။ တချို့တလေမှာဆိုရင် သစ်လုံးငယ်တွေနဲ့ ဆောက်ထားရတာပါ” ဟု ဦးဖြူသာအောင်က ပြောသည်။

ယင်းအပြင် ကျောက်တော်မြို့နယ်၊ ညောင်ချောင်းစစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စု ၈၀၀ ကျော်၊ လူဦးရေ ၃၄၀၀ ကျော် နေထိုင်လျက်ရှိပြီး၊ ၂၀၁၉ ခုနှစ်ကတည်းက စတင်ဆောက်လုပ်ထားခြင်းဖြစ်သလို ခိုင်မာသည့် သစ်ဝါးများဖြင့် တည်ဆောက်ထားခြင်းမဟုတ်သဖြင့် မိုးသက်လေပြင်းဒဏ်ကို ခံနိုင်မည်မဟုတ်ဟု စခန်းတာဝန်ခံ ဦးခိုင်မျိုးအောင်က ပြောသည်။

“မုန်တိုင်းသာတိုက်မယ်ဆိုရင်တော့ ကျနော်တို့စခန်းက အန္တရာယ်ရှိတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒီမှာက ခိုင်မာတဲ့ သစ်တွေဝါးတွေနဲ့ ခိုင်ခိုင်မာမာ တည်ဆောက်ထားတာမဟုတ်ဘူး။ ယာယီတဲပဲ လုပ်ထားတာဆိုတော့ ဝါးတွေကလည်း ဟောင်းနေပြီ တကယ်လို့သာ လေပြင်းတိုက်မယ်ဆိုရင် အိမ်တွေ ပြိုသွားနိုင်တဲ့ အနေအထားရှိနိုင်တယ်။ ကျနော်တို့စခန်းက ၂၀၁၉ ကတည်းက ဆောက်ထားတဲ့ စခန်းပါ။ ဝါးတွေသစ်တွေက အကုန်လုံးဟောင်းနေပြီ။ အသစ်ပြန်လို့ ပြုပြင်နိုင်ရင်တော့ မိုးဒဏ်၊ လေဒဏ်ကို အသင့်အတင့် ခံနိုင်မယ်လို့ထင်တယ်။ အခုလို အခြေအနေနဲ့ဆိုရင် ခံနိုင်မှာ မဟုတ်ဘူး” ဟု ဦးခိုင်မျိုးအောင်က ပြောသည်။

ယခုလက်ရှိတွင် ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် ဘင်္ဂလားပင်လယ်အော် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လားခဲ့ပြီး၊ ပိုမိုအားကောင်းသော မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနေပြီဖြစ်သည်ဟု မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနက မေလ ၂၄ ရက်နေ့က ထုတ်ပြန်ထားသည်။

ယခုလက်ရှိ စစ်ဘေးရှောင်များတွင် သစ်ဝါးမလုံလောက်မှုကြောင့် နေအိမ်များကို အခိုင်အမာဆောက်လုပ်နိုင်ခြင်းမရှိသဖြင့် မုန်တိုင်းအန္တရာယ်ကို ကြိုတင်ပြင်ဆင်နိုင်ခြင်းမရှိသဖြင့် မုန်တိုင်းတိုက်လာမှာကို စိုးရိမ်နေကြရသည်။

ရခိုင်ပြည်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် မိမိနေရပ်ကို စွန့်ခွာနေရသူ စစ်ဘေးရှောင်ဦးရေ နှစ်သိန်းကျော်အထိရှိခဲ့ပြီး၊ ၂၀၂၀ နိုဝင်ဘာလကစ၍ တိုက်ပွဲများရပ်တန့်နေသဖြင့် မိမိနေရပ်သို့ ပြန်သွားကြသူများလည်းရှိသလို လက်ရှိတွင် စစ်ဘေးရှောင် တစ်သိန်းကျော်မှာ စခန်းအသီးသီးတွင် နေထိုင်နေကြရသည်။

ဓါတ်ပုံ - မြောက်ဦးမြို့ရှိ မြတန်စောင်းစစ်ဘေးရှောင်စခန်းအားတွေ့ရစဉ်။

April 22, 2026
အာရက္ခတပ်တော် ထိန်းချူပ်ရာဒေသများရှိ တောတောင်များ၌ အိမ်သုံးသစ်ခုတ်သူများကို အာရက္ခပြည်သူ့ အစိုးရ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 21, 2026
အာရက္ခတပ်တော်(AA)နှင့် တော်လှန်ရေးတပ်တို့ ပိတ်ဆို့တိုက်ခိုက်နေသည့် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ...
ရခိုင်မြို့သိမ်းတိုက်ပွဲတစ်ခုအတွင်း AA က ဖမ်းဆီးရမိသည့် စစ်ကောင်စီ တပ်သားများကို တွေ့ရစဉ်။ ဓာတ်ပုံ- AA Info Desk
April 20, 2026
တိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများ၊ မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ (ARSA)နှင့် ဆက်စပ်သူများ...
April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...