စစ်ကောင်စီလက်အောက်ခံ ရွေး/ကော်အစည်းအဝေး SNLD ပါတီ တက်မည်မဟုတ်

စစ်ကောင်စီလက်အောက်ခံ ရွေး/ကော်အစည်းအဝေး SNLD ပါတီ တက်မည်မဟုတ်

အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံညိနှိုင်းအစည်းအဝေးကို SNLD ပါတီမှ တက်ရောက်မည်မဟုတ်ကြောင်း သတင်းရရှိသည်။

လာမည့် မေ ၂၁ ရက်တွင် အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ နေပြည်တော်တွင်တွေ့ဆုံရန် ဖိတ်ကြားထားကြောင်း၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီထံလည်း ဖိတ်ကြားထားကြောင်း သိရသည်။

ထိုကိစ္စနှင့်ပတ်သက်ပြီး SNLD ပြောရေးဆိုခွင့်ရှိသူ စိုင်းလိတ်က “ကျနော်တို့ကတော့ မတက်ဘူး။ ကျနော်တို့ ပါတီမူဝါဒ၊ နိုင်ငံရေးရည်မှန်းချက်နဲ့ ဒီစစ်ကောင်စီလုပ်နေကိစ္စတွေက သဟဇာတမဖြစ်ဘူး။ လမ်းကြောင်းမတူဘူး။ အဲဒါကြောင့် ကျနော်တို့ ငြင်းဆန်းရခြင်းဖြစ်ပါတယ်” ဟု သျှမ်းသံတော်ဆင့်ကို ပြောသည်။

အာဏာသိမ်းစစ်ကောင်စီသည် တနှစ်အတွင်း ရွေးကောက်ပွဲပြန်လုပ်မည်ဟု ထုတ်ပြန်ကြေညာခဲ့သော်လည်း လက်ရှိအနေအထားအရ SNLD  ပါတီမှ စဉ်းစားထားခြင်းမရှိကြောင်းလည်း စိုင်းလိတ်က ပြောသည်။

“စစ်ကောင်စီအနေနဲ့ နိုင်ငံတော်ရဲ့ အခြေနေကိုဘယ်လောက်ထိ ဆက်လက်ထိန်းသိမ်းသွားမလဲ။ ကိုင်သွားနိုင်မလဲဆိုတဲ့အခြေအနေပေါ်မှာ အများကြီးမူတည်ပါတယ်။ ဘယ်နေ့မှန်းမသိတဲ့ ရွေးကောက်ပွဲကို အခုကတည်းက ကြိုတင်းပြီး မစဉ်းစားထားပါဘူး” ဟု စိုင်းလိတ်က ပြောသည်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီအနေဖြင့် ယနေ့ထိ ၂၀၂၀ ရွေးကောက်ပွဲကိုသာ အသိမှတ်ပြုထားကြောင်း စိုင်းလိတ်က ထပ်လောင်းပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင်ပြုလုပ်သည့် စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်အစည်းအဝေးကိုလည်း SNLD ပါတီအနေဖြင့် တက်ရောက်ခဲ့ခြင်းမရှိခဲ့ပေ။

စစ်ကောင်စီအာဏာသိမ်းပြီးနောက် ထွက်ပေါ်လာသည့် အမျိုးသားညီးညွတ်ရေးအစိုးရ NUG တွင်လည်း ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD အနေဖြင့် ပါဝင်ထားခြင်းမရှိကြောင်း သိရသည်။

တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...
May 20, 2026
တရုတ်နိုင်ငံ ကူမင်းမြို့တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်...
May 19, 2026
စိုင်းဆိုင်အိုက် - သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်မှု ( ကျားဖြန့်)...
May 18, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် လက်နက်ကြီး ပစ်ခတ်သံများ...