နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည့် မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း (MGE) ကို အရေးယူပိတ်ဆို့မှုများ ချမှတ်လိုက်ကြောင်း ဗြိတိန်က မေလ ၁၇ ရက်တွင် ကြေညာလိုက်သည်။
ယခုပိတ်ဆို့မှုသည် စစ်တပ်ဦးဆောင်သည့်အစိုးရသို့ ဘဏ္ဍာငွေစီးဆင်းမည့် အဓိကရင်းမြစ်ကို ဖြတ်တောက်ရန် ကြိုးပမ်းမှုတစ်ခုဖြစ်ကြောင်းလည်း ဗြိတိန်ကပြောသည်။
MGE ကို ယင်းသို့ ပိတ်ဆို့ဒဏ်ခတ်ခြင်းသည် ကလေးငယ်များကို သတ်ဖြတ်ခြင်းအပါအဝင် မြန်မာပြည်သူများအပေါ် လူ့အခွင့်အရေး အမှန်တကယ်ချိုးဖောက်နေမှုများ၊ ပြင်းပြင်းထန်ထန် နှိမ်နင်းမှုများတွင် တာဝန်ရှိပြီး ဒီမိုကရေစီကို ဆက်လက်ဖျက်ဆီးနေဆဲဖြစ်သည့် စစ်အုပ်စုထံစီးဝင်မည့် ဘဏ္ဍာငွေရင်းမြစ်ကို ဖြတ်တောက်နိုင်မည်ဖြစ်ကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ကြေညာချက်တစ်စောင်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ အနှစ်သက်ဆုံး ကျောက်မျက်ရတနာတစ်ခုဖြစ်သည့် ကျောက်စိမ်းထွက်ရှိရာ ကမ္ဘာ့အဓိကနေရာတစ်ခုဖြစ်ပြီး ပတ္တမြားနှင့် အခြားသော ရှားပါးရတနာများထွက်ရှိရာ နိုင်ငံလည်းဖြစ်သည်။
အမေရိကန်နိုင်ငံသည်လည်း မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းကို ပြီးခဲ့သည့်ဧပြီလအတွင်း အမည်ပျက်စာရင်းသွင်းခဲ့သည်။
ဗြိတိန်နိုင်ငံသည် ဖေဖော်ဝါရီလအတွင်း အာဏာရယူခဲ့သည့် မြန်မာစစ်တပ်ခေါင်းဆောင်များ၊ ဆက်စပ်သူများနှင့် အဖွဲ့အစည်းများ၏ ပိုင်ဆိုင်မှုများကို ထိန်းချုပ်ပြီး ပိတ်ဆို့အရေးယူမှုများချမှတ်ခဲ့ကြောင်း ယခင်ကလည်း ကြေညာခဲ့ပြီးဖြစ်သည်။







