စစ်တပ်ဆီတင်ကားများ KIA ပစ်ခတ်ဖျက်ဆီး

စစ်တပ်ဆီတင်ကားများ KIA ပစ်ခတ်ဖျက်ဆီး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီတပ်၏ ဆီတင်ကားအချို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က လမ်းတွင် ပစ်ခတ်ဖောက်ခွဲခဲ့သည်ဟု KIO/KIA က ပြောသည်။

ယမန်နေ့ ညနေပိုင်းနှင့် ယနေ့ နံနက်ပိုင်းတွင် မူဆယ်-ကွတ်ခိုင်-သိန္နီ လမ်းမကြီးပေါ်တွင် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုပြောသည်။

“ပစ်ခတ်ခံရတဲ့နေရာက မတူဘူး။ မူဆယ်ဘက်ကနေ နောက်ပြီး ကွတ်ခိုင်မရောက်ခင်မှာရောဖြစ်တယ်လို့ ကြားထားတယ်။ နောက်ပြီး ကွတ်ခိုင်နဲ့ သိန္နီဘက်မှာလည်း ဖြစ်တယ်ကြားတယ်။ အတိအကျတော့မသိဘူး ၆ စီး ၇ စီး လို့တော့ ကြားတယ်။ မနေ့က ဒီဆီဘောက်ဆာကားတွေ ပစ်ခတ်ခံရတယ်ဆိုတာက တိုက်ပွဲဖြစ်တာတော့မဟုတ်ဘူးလေနော်။ လမ်းမှာ ပစ်ခတ်ခံရတာမျိုးပဲ ဟုတ်တယ်”

အဆိုပါနေရာနှင့် အနီးတဝိုက်တွင် နှစ်ဖက်ကြား တိုက်ပွဲများ ပြင်းထန်နေသည်ဟု ဒေသခံများက ပြောဆိုနေကြသော်လည်း တိုက်ပွဲဖြစ်သည့် သတင်းနှင့်ပတ်သက်၍ အတိအကျမသိရသေးကြောင်း၊ သို့သော်လည်း ဆီတင်ကားများကို ပစ်ခတ်မီးရှို့ခံရသည့်ကိစ္စရပ်မှာ မှန်ကန်ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြောသည်။

“အဲ့ဒီတိုက်ပွဲဖြစ်တယ်ဆိုတာတော့ မကြားဘူး။ မဖြစ်ဘူးလို့တော့ မပြောဘူးနော်။ ကျနော်ဆီကိုတော့ တိုက်ပွဲဖြစ်တယ်ဆိုတဲ့သတင်းတော့ မရသေးဘူး။ ဒါပေမယ့် ကားတွေ ပစ်ခတ်ခံရတယ်ဆိုတာတော့ ကြားတယ်။ ဒီမနက် ပေါက်ကွဲတဲ့ကားကတော့ မီးလောင်သွားတယ်ပြောတယ်။ မနေ့ကဖြစ်တဲ့ ပေါက်ကွဲတဲ့ကားတွေကတော့ ဆီမပါဘူးလို့ပြောတယ်။ ဘာပဲပြောပြော စစ်တပ်ရဲ့ ဆီတင်ကားတွေကို ပစ်ခတ်တယ် ဖေါက်ခွဲခဲ့တယ်ဆိုတဲ့ သတင်းတွေတော့ ကြားနေရတယ်။ အတိအကျတော့မသိဘူး ၆ စီးလို့တော့ကြားတယ်။ မနေ့က ဒီဆီဘောက်ဆာကားတွေ ပစ်ခတ်ခံရတယ်ဆိုတာက တိုက်ပွဲဖြစ်တာတော့ မဟုတ်ဘူးလေနော်။ လမ်းမှာ ပစ်ခတ်ခံရတာမျိုးပဲ ဟုတ်တယ်”

KIA က သွားရောက်ပစ်ခတ်ခဲ့သည့် ဆီတင်ကားအချို့မှာ ဆီမပါသည့်ကားများရှိသလို ဆီတင်ထားသည့်ကားလည်း ပါဝင်သည်ဟု KIO/KIA က ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နှင့် ၁ မိုင်ကျော်အကွာခန့်က နမ့်ပါချီးကျေးရွာအနီးတွင် ယခုအချိန်ထိ ပစ်ခတ်သံများ ကြားနေရဆဲဖြစ်ပြီး အနီးအနားက ဒေသခံရွာသားများက စိုးရိမ်နေကြရသည်ဟု ကွတ်ခိုင်ဒေသခံများက ပြောသည်။

ယနေ့ နံနက်ပိုင်း ၇ နာရီအချိန်ခန့်ကစတင်ပြီး အဆိုပါ ကျေးရွာအနီးတဝိုက် သေနတ်သံများ ဆက်တိုက်ထွက်ပေါ်လာပြီးနောက် ဆီဘောင်ဆာကားတစ်စီးမှာလည်း ၎င်းကျေးရွာနှင့် မလှမ်းမကမ်းတွင် မီးလောင်နေသည်ကို ဒေသခံများက လှမ်းတွေ့နေရသည်ဟု ဆိုသည်။

ကွတ်ခိုင်မြို့နှင့် အနီးတဝိုက်တွင် မေလအတွင်း စစ်ကောင်စီတပ်များနှင့် တအန်း (TNLA)၊ ကိုးကန့် (MNDAA) မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ကြားက တိုက်ပွဲများဖြစ်ပွားခဲ့သည့်အတွက် ဒေသခံပြည်သူ ၂၀၀ ကျော် စစ်ဘေးလွတ်ရာ ထွက်ပြေးခဲ့ကြရသေးသည်။

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...