ပင်းတယမြို့ပြည်သူများ ဆန္ဒမပြနိုင်အောင် စစ်ကောင်စီမှ ခြိမ်းခြောက်

ပင်းတယမြို့ပြည်သူများ ဆန္ဒမပြနိုင်အောင် စစ်ကောင်စီမှ ခြိမ်းခြောက်

သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့ပြည်သူများ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒမပြနိုင်အောင် စစ်ကောင်စီမှ နည်းမျိုးစုံ ခြိမ်းခြောက်နေကြောင်း စုံးစမ်းသိရှိရသည်။

ပင်းတယမြို့ ယနေ့ မေ ၁၈ ရက်နေ့တွင် လူငယ် ၅ ဦး ဆန္ဒပြရာတွင် ရဲတပ်ဖွဲ့ဝင်များက အရပ်သားဝတ်ဖြင့် ပြည်သူများကို ဆန္ဒမပြရန် ဆက်ပြနေပါက ဖမ်းဆီးမည်ဟု ခြိမ်းခြောက်ပြောဆိုလျက်ရှိကြောင်း ဒေသခံတစ်ဦးကပြောသည်။

“ကျနော်တို့ ဒီနေ့ ဆန္ဒပြတဲ့ ၅ ယောက်ကို  ရဲတွေက အိမ်စီးကား အရပ်ဝတ်နဲ့ ကျနောတို့ကို ဆန္ဒမပြနဲ့။ ဆန္ဒပြရင် ဖမ်းမယ်ဆိုပြီး ပြောသွားတယ်။ ဒလန်တွေတိုင်လို့ ကျနော်တို့ ဆန္ဒပြတဲ့နေရာနဲ့ အချိန်တိကျ ရဲတွေက ရောက်လာတယ်” ဟု ပင်းတယမြို့ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

ပင်းတယပြည်သူများအနေဖြင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆက်လက်ဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။

“ဒီမှာက ဆန္ဒမပြဖြစ်တာကတော့ကြာပြီ။ မနေ့ကမှ ကျနော်တို့ပြန်ထွက်တာ။ ဟိုအရင်တွေကတော့ ဆိုင်ကယ်သပိတ်တို့တော့လုပ်ပါတယ်။ ပင်းတယလူငယ်တွေ ခြိမ်းခြောက်ခံရတာ ခုမှမဟုတ်ပါဘူး။ ဆန္ဒစပြကတည်းက ခြိမ်းခြောက်ခံနေရတာပါ” ဟု ပင်းတယလူငယ်တဦးက ပြောသည်။

သျှမ်းပြည်အတွင်းရှိ မြို့နယ်များတွင် စစ်ကောင်စီအုပ်စုက စစ်အာဏာရှင်အလိုမရှိ ဆန္ဒပြမရအောင် နည်းမျိုးစုံဖိနှိပ်နေကြောင်း၊ လမ်းများတွင်လည်း အရပ်ဝတ်ရဲ၊စစ်သားများဖြင့် စောင့်ဆိုင်းနေကြောင်း သိရသည်။

“ကျနော်တို့ ဆန္ဒပြဖို့က ခက်တယ်ဆိုပေမယ့် ကျနော်တို့ရင်ထဲမှာတော့ စစ်အာဏာရှင်ကို လုံးဝအလိုမရှိဘူး။ မအုပ်ချုပ်စေရဘူး။ ရရာနည်းလမ်းနဲ့ တိုက်ခိုက်သွားမည်” ဟု ဟိုးပုံမြို့ဒေသခံတစ်ဦးက ပြောသည်။

သျှမ်းပြည်တောင်ပိုင်းတွင် စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြရန်အတွက် လမ်းပေါ်မထွက်နိုင်သော်လည်း လူမဲ့သပိတ်မျိုးစုံဖြင့် ဆက်လက်ဆန္ဒပြနေကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့မှ စစ်အာဏာလုယူပြီး တစ်နိုင်ငံလုံးဆန္ဒပြခဲ့ရာတွင် စစ်ကောင်စီဖက်မှ အကြမ်းဖက်ဖြိုခွင်း၊ သတ်ဖြတ်၊ နေအိမ်ထိ လိုက်လံဖမ်းဆီးမှုများ ပြုလုပ်ခဲ့သောကြောင့် ပြည်သူများဆန္ဒပြရာတွင် အခက်ခဲများစွာရှိနေကြောင်း သိရသည်။

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...