အကြံပေးကောင်စီအား PDF တပ်မတော်အကြောင်း ညီညွတ်ရေးအစိုးရ ရှင်းပြ

အကြံပေးကောင်စီအား PDF တပ်မတော်အကြောင်း ညီညွတ်ရေးအစိုးရ ရှင်းပြ

ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ဖွဲ့စည်းခြင်းသည် အကြမ်းဖက်လုပ်ငန်းများကို လုပ်ဆောင်ရန် ဖွဲ့စည်းခြင်းမျိုးမဟုတ်ကြောင်း ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောသည်။

၎င်းက “တချိန်တည်းမှာ တဖက်တွင်လည်း PDF တပ်မတော်ဖွဲ့စည်းပြီး ခုခံကာကွယ်ရေးကိစ္စရပ်များကို လုပ်ဆောင်နေကြောင်း၊ ယခုကဲ့သို့ လုပ်ဆောင်ခြင်းက အကြမ်းဖက်မှုကို လုပ်ဆောင်ခြင်းမျိုးမဟုတ်ဘဲ ခုခံကာကွယ်မှုနှင့် အာဏာရှင်စနစ် တွန်းလှန်ရေးအတွက် လုပ်ဆောင်ခြင်း ဖြစ်ပါကြောင်း ထည့်သွင်းပြောကြားပြီး ပူးပေါင်းဆောင်ရွက်နိုင်မည့်လမ်းကြောင်းများ ဖော်ဆောင်နိုင်မည်ဟု မျှော်လင့်ပါကြောင်း ပြောကြားခဲ့ပါ သည်” ဟု ဆိုသည်။

မေလ ၁၆ ရက်နေ့က ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ NUG အဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီတို့ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးစဉ် ပြောကြားသည့် အမှာစကားထဲတွင် ဝန်ကြီးချုပ်က ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်ဟု တွေ့ဆုံဆွေးနွေးပွဲ အခြေအနေနှင့်ပတ်သက်၍ NUG ၏ ထုတ်ပြန်ချက်ထဲတွင် ရေးသားထားသည်။

ထို့အပြင် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ပြန်လည်ထွန်းကားရေးကို ကြိုးစားနေသကဲ့သို့ လူ့အခွင့်အရေးချိုးဖောက်မှုများကို ကာကွယ်တားဆီးနိုင်ရန် လုပ်ဆောင်နေကြောင်း၊ ယင်းကဲ့သို့ လုပ်ဆောင်ရာတွင် ပြည်သူလူထု၏ ကြိုးပမ်းမှုအပြင် နိုင်ငံတကာ၏ ပူးပေါင်းဆောင်ရွက်မှု လိုအပ်သည်ဟုလည်း ကြားကာလ အမျိုးသားညီညွှတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ်က ဆိုသည်။

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီတွင် မစ္စယန်ဟီးလီး (Ms. Yanhee Lee)၊ မစ္စတာခရစ်စ်ဆီဒိုတီ (Mr. Chrsi Sidoti)၊ မစ္စတာမာဇူကီဒါရုဆမန် (Mr. Marzuki Darusman) တို့ ပါဝင်သည်ဟု သိရသည်။

ယမန်နေ့ကပြုလုပ်သည့် ဆွေးနွေးပွဲတွင် NUG ကို နိုင်ငံတကာမှအသိအမှတ်ပြုရန် လုပ်ဆောင်နေသည့်အခြေအနေ၊ စစ်ကောင်စီမှ လူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေ စသည့် အကြောင်းအရာများကို နှစ်ဖက် အပြန်အလှန် ဆွေးနွေးခဲ့ကြသည်ဟု NUG က ထုတ်ပြန်ထားသည်။

ထိုဆွေးနွေးပွဲသို့ ကြားကာလ အမျိုးသားညီညွှတ်ရေးအစိုးရ NUG ဒု-သမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့်အတူ သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးမှ ပြည်ထောင်စုဝန်ကြီးအသီးသီးတို့ တက်ရောက်ခဲ့ကြပြီး အထူးအကြံပေးကောင်စီမှ မစ္စယန်ဟီးလီး (Ms. Yanhee Lee)၊ မစ္စတာခရစ်စ်ဆီဒိုတီ (Mr. Chrsi Sidoti)၊ မစ္စတာမာဇူကီဒါရုဆမန် (Mr. Marzuki Darusman) တို့ တက်‌ရောက်ခဲ့သည်။

ပြီးခဲ့သည့် ဧပြီလ ၁၆ ရက်နေ့က ကြားကာလ အမျိုးသားညီညွှတ်ရေးအစိုးရ NUG ကိုဖွဲ့စည်းကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က ကြေညာခဲ့သည်။

ထို့သို့ကြေညာပြီးနောက် စစ်ကောင်စီတပ်များ၏ အကြမ်းဖက်မှုများကိုခံနေရသည့် ပြည်သူများကို ကာကွယ်ရန်အတွက် ဖက်ဒရယ်တပ်မတော်၏ ရှေ့ပြေး ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ကိုဖွဲ့စည်းကြောင်း NUG က မေလ ၅ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ထိုပြည်သူ့ကာကွယ်ရေးတပ်မတော် PDF သည် အကြမ်းဖက်လုပ်ငန်းများကို လုပ်ဆောင်ရန်မဟုတ်ပဲ ပြည်သူများကို အကြမ်းဖက်သတ်ဖြတ်နေသည့် စစ်ကောင်စီ၊ စစ်အာဏာရှိစနစ်ကို အမြစ်ပြတ်တွန်းလှန်ရန်နှင့် ပြည်သူများကို အကာအကွယ်ပေးရန် ဖွဲ့စည်းခြင်းဖြစ်သည်ဟု NUG ၏ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

April 28, 2026
ကရင်ပြည်၊ ဖာပွန်တွင် နှစ် ၃၀ ကြာ စစ်တပ် အခြေစိုက်ခဲ့သည့် ကဘောတူစခန်းကို KNU က အပြီးသတ်...
April 27, 2026
စစ်ဦးစီးချုပ်အသစ် “လက်စွမ်းပြလိုမှုနှင့်အတူ” ကချင်ပြည်အတွင်း စစ်ရေးပိုမိုတင်းမာလာနိုင်ဟု...
April 25, 2026
ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့တွင် ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်၍ လျှပ်စစ်မီးပြတ်တောက်မှုနှင့်...
ဓါတ်ပုံ - PPNM
April 24, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေး...