ကချင်ပြည်နယ် ဗန်းမော်၊ မိုးမောက်၊ မံစီမြို့နယ်များအတွင်းရှိ ကျေးရွာများဘက်သို့ စစ်ကောင်စီတပ်များ လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည့်အတွက် လူနေအိမ်များ ပျက်စီးကုန်သည်ဟု ဒေသခံများကပြောသည်။
မံစီမြို့နယ်အတွင်းက မဒန်ကျေးရွာအနီးတဝိုက်တွင် မေလ ၁၁ ရက်နေ့ကစတင်ပြီး စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့အကြား တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားလာပြီးနောက် စစ်တပ်ဘက်က ကျေးရွာများထဲသို့ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်နေသည်မှာ ယနေ့အချိန်ထိဖြစ်သည်ဟု မိုးမောက်ဒေသခံတစ်ဦးက ပြောသည်။
“တိုက်နေကြတယ်။ မနေ့ကတစ်နေ့က နောင်ကွန်မှာလည်း တော်တော်ပြင်းပြင်းထန်ထန်ပစ်ကြတယ်။ ပစ်တော့ နောင်ကွန်ရွာထဲက ခေါင်မိုးတွေ တော်တော်များများ ပေါက်သွားတာပေါ့နော်။ အိမ်တိုင်းလိုလို ခေါင်မိုးပေါက်သွားတယ်လို့ပြောတယ်။ ဗန်းမော်ဘက်ကနေတော့ လက်နက်ကြီးတွေနဲ့ ထုနေတာပေါ့နော်။ ကုန်းလောဘက်ရော၊ မြို့သစ်ဘက်ရော နောက်ပြီး မံစီဘက်ကိုလည်း လှမ်းထုတာတွေလည်းရှိတယ်။ အစောပိုင်းကတော့ ဒီဘက် အလော့ဒ်ဘွမ်တိုက်ပြီးတော့မှာ ကုန်းလောအနောက်ဘက် တာဝါတိုင်ကုန်းဘက်မှာ အထူးသဖြင့် အဲ့မှာပဲ ပြင်းထန်တိုက်ပွဲဖြစ်ပြီးတော့ အခုကျတော့ ပိုပြီးတော့ ကျယ်ပြန်လာတာပေါ့နော်။ မံစီဘက်တွေလည်း အပြင်းအထန်ဖြစ်လာတယ်”
မေလ ၁၁ ရက်နေ့က စတင်ဖြစ်ပွားလာသည့် မံစီမြို့နယ်၊ မဒန်ယန်ကျေးရွာအနီးတဝိုက်ကို ပစ်ခတ်မှုများ၊ တိုက်ပွဲများကြောင့် အနီးအနားက ဒေသခံများလည်း ဗုံးခိုကျင်းများတူးကာ ပုန်းခိုနေကြရသည်ဟု မံစီဒေသခံတစ်ဦးကပြောသည်။
“လောလောဆယ် အဓိကဖြစ်နေတာက ဒီ မဒန်ယန်လို့ခေါ်တဲ့နေရာမှာ ပစ်ကြတာလို့ပြောတယ်။ အဲ့ဒီဘက်က ကချင်ရွာလေးဖြစ်တဲ့အတွက် စစ်ရှောင်တွေက ရှောင်လာကြပြီလို့ပြောတယ်။ မဒန်ရွာနဲ့တော့ တိုက်ရိုက် အဆက်အသွယ်မရသေးဘူး။ ဒါပေမယ့် သူနဲ့အနီးဆုံးဖြစ်တဲ့ မံဆရွာမှာတော့ လက်နက်ကြီးတွေ ကျည်တွေ လာကျတော့ မရှိသေးဘူး။ ဒါပေမယ့် လေယာဉ်တွေကတော့ အပေါ်မှာ နေ့တိုင်းဝဲနေတဲ့အတွက် ဗုံးခိုကျင်းတွေလုပ်ပြီး ဝပ်နေရာတာတွေတော့ရှိတယ်။ ဒီမဒန်ယန်၊ မံဆ၊ မံစီ ဆိုတာလည်း ဘာမှ သိပ်မဝေးဘူးပေါ့နော်။ နှစ်မိုင်လောက်ပဲဝေးတော့ သူတို့တွေလည်း တိုက်ပွဲတွေကျယ်ပြန့်လာရင်တော့ စစ်ရှောင်တွေက ထပ်တိုးလာဖို့ပဲရှိတယ်”
ထို့ကြောင့် အဆိုပါဒေသများရှိ ဒေသခံများအတွက် ယခုခါ လုံခြုံမှု လုံးဝမရှိတော့ဘူးဟု ဆက်ပြောသည်။
“တိုက်ပွဲတွေဖြစ်လာပြီဆိုရင် စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်တာတွေ လျှောက်ပစ်တာတွေ တော်တော်များတော့ ကျေးရွာတွေကိုတော့ မလွှဲမသွေ လာထိကြတာပဲ။ စစ်တပ်နဲ့နီးတဲ့ နေရာတွေ တိုက်ပွဲဖြစ်နေတဲ့ ရွာတွေကပြည်သူတွေက လုံးဝမလုံခြုံဘူးပေါ့နော်”
မံစီမြို့နယ်၊ မဒန်ကျေးရွာဘက်က အခြေအနေနှင့်ပတ်သက်၍ ကချင်လွတ်လပ်ရေးအဖွဲ့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ က “တိုက်ပွဲအရမ်းဖြစ်တယ်ဆိုတာမျိုးတော့ ကျနော်တို့မကြားဘူး။ မဒန်ရွာဘက်မှာ လက်နက်ကြီးတွေနဲ့ပစ်တယ်။ လက်နက်ကြီးပစ်ခတ်မှုပေါ့နော် လှမ်းပစ်တယ်ဆိုတာမျိုး အဲ့ဒါပဲရှိတယ်။ တခြားတော့ ဘာသတင်းမှ မတက်လာသေးဘူး” ဟု ပြောသည်။
မံစီမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော်တို့အကြား မေလ ၁၁ ရက်နေ့ကစတင်ပြီး နှစ်ဖက်ကြား တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားလာရာ မေလ ၁၅ ရက်နေ့အထိ ဝေဟင်ရော မြေပြင်ထိုးစစ်များဖြင့် ဆက်တိုက် တိုက်ပွဲဖြစ်ပွားလျှက်ရှိသည်။
မဒန်ယန်ကျေးရွာအနီး KIA တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၂၇ တပ်ရင်းကို စစ်ကောင်စီက မေလ ၁၅ ရက်နေ့တွင် လေယာဉ် ၅ စီးဖြင့် လာရောက်ပစ်ခတ်ခဲ့သည်ဟု မံစီဒေသခံများက ပြောသည်။
ထို့အပြင် အဆိုပါဒေသအတွင်း စစ်ကောင်စီတပ်က စစ်အင်အားများလည်း တိုးထားသည်ဟု သိရသည်။







