တိုင်းရင်းသားဒေသများတွင် ကျန်းမာရေးဝန်ဆောင်မှုများကို အာဏာသိမ်းစစ်ကောင်စီ၏ ကျန်းမာရေးစနစ်နှင့်ကင်းလွတ်စွာ ဆက်လက်လုပ်ဆောင်နိုင်ရန်အတွက် အပြည်ပြည်ဆိုင်ရာ ထောက်ပံ့ကူညီပေးမှုများကို တိုးမြင့်ပေးရန် တိုင်းရင်းသားကျန်းမာရေးကော်မတီ (EHC) က တောင်းဆိုလိုက်သည်။
အထူးသဖြင့် CDM ပြုလုပ်နေကြသည့် ကျန်းမာရေးဝန်ထမ်းများအတွက်နှင့် ၎င်းတို့လုပ်ဆောင်နေသည့် ကျန်းမာရေးဝန်ဆောင်မှုများကို စစ်ကောင်စီနှင့်ကင်းလွတ်စွာ ဆက်လက်ဝန်ဆောင်မှုပေးနိုင်ရန်အတွက် ယခုကဲ့သို့ တောင်းဆိုရခြင်းဖြစ်သည်ဟု EHC ၏ အထွေထွေအတွင်းရေးမှူး စောနေထူးက ပြောသည်။
“ကျနော်တို့ တောင်းဆိုတဲ့ဟာတွေကလည်း ပြောရမယ်ဆိုရင် ကျနော်တို့ဒေသအတွင်းကို တိုက်ရိုက် ကူညီပံ့ပိုးနိုင်တဲ့ပုံစံလိုမျိုးပေါ့ အထူးသဖြင့် ကျနော်တို့ highlight လုပ် (မီးမောင်းထိုးပြ) ချင်တာကတော့ နယ်စပ်ဖြတ်ကျော်တဲ့ အကူအညီတွေကို ပြန်ပြီးတော့ရယူဖို့အတွက် ပြန်ပြီးတော့ highlight လုပ်ထားတဲ့ဟာတွေ ဖြစ်ပါတယ်"
တိုင်းရင်းသားကျန်းမာရေးကော်မတီ (EHC) အနေဖြင့် အာဏာသိမ်းစစ်ကောင်စီနှင့် ကျန်းမာရေးဆိုင်ရာကိစ္စများကို ဆွေးနွေးညှိနှိုင်းသွားမည် မဟုတ်ဘူးဟုလည်း ပြောသည်။
"စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ကျနော်တို့ ပိုပြီးတော့ ကြုံတွေ့ရတာက ဘာလဲဆိုတော့ ရှိရင်းစွဲ အခက်အခဲတွေထဲကနေပြီးတော့ လူဦးရေပေါ့။ လူဦးရေဆိုတာကတော့ ဒီမြို့ပြကနေထွက်လာတဲ့ အထူးသဖြင့် ဒီ CDM လုပ်တဲ့ လူပုဂ္ဂိုလ်တွေပဲ ပြောရမှာပဲဆိုတော့ အများကြီးထွက်လာတဲ့ဟာတွေလည်း ရှိတဲ့အချိန်မှာကျတော့ ကျနော်တို့ဒေသအတွင်းမှာ ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုတွေရော အခြား လူသားချင်းစာနာတဲ့ အထောက်အထားတွေရော အကူအညီတွေလည်း အများကြီး လိုအပ်တယ်ဆိုတာကတော့ သတင်းတွေထဲမှာ ကြားနေရတာ သိနေရတဲ့အတိုင်း အားလုံး အဲလိုဖြစ်နေတယ်ဆိုတာကတော့ ရှိနေပါတယ်”
စစ်တပ်က အာဏာသိမ်းပြီးနောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထောင်နှင့်ချီသော ဝန်ထမ်းများမှာ CDM လှုပ်ရှားမှုတွေ ပါဝင်ခဲ့ကြပြီး ယခုခါ အဆိုပါဝန်ထမ်းများမှာ ပြေးလွှားပုန်းအောင်နေကြရသည်။
ထို CDM ကျန်းမာရေးဝန်ထမ်းများအတွက် အပြည်ပြည်ဆိုင်ရာ ထောက်ပံ့ကူညီပေးမှုများကို မြှင့်တင်ပေးခြင်းဖြင့် ကျန်းမာရေးဝန်ဆောင်မှုများကို စစ်အာဏာသိမ်းကောင်စီ ကျန်းမာရေးစနစ်မှ ကင်းလွတ်စွာ ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည် EHC က ပြောသည်။
“တစ်ဆက်တည်းမှာပဲ CDM လုပ်တဲ့ ဆရာဝန်တွေ ကျန်းမာရေးလုပ်သားတချို့လည်း ရှိပါတယ်။ ကျနော်တို့လည်း တစ်ချို့ဒေသတွေမှာ တွဲပြီးတော့ ဒီ ကျန်းမာရေးဝန်ဆောင်မှုတွေကို ဝိုင်းပြီးတော့ ကူညီပေးတဲ့ဟာလည်း ရှိပါတယ် ဆိုတော့ အထူးသဖြင့်ကတော့ ကျနော်တို့ကတော့ ကျန်းမာရေးအဖွဲ့အစည်းဖြစ်တဲ့အတွက် ဒီကျန်းမာရေးဆိုင်ရာ CDM အတွက်ကို ကူညီပံ့ပိုးဖို့လည်း ကျနော်တို့ တောင်းဆိုထားတာရှိပါတယ်” ဟု စောနေထူးက ပြောသည်။
တိုင်းရင်းသားပြည်နယ်များတွင် စစ်တပ်က အာဏာမသိမ်းခင်ကာလက ကျန်းမာရေးဆိုင်ရာ အကူအညီများနှင့် ထောက်ပံ့မှုများမှာ ဗဟိုချုပ်ကိုင်မှုအောက်မှ ဘဏ္ဍာငွေစီးဆင်းမှု အနည်းငယ်ရရှိခဲ့သော်လည်း ယခုလက်ရှိ နိုင်ငံရေးအခြေအနေများအရ ထိုထောက်ပံ့မှုများပင် မရရှိတော့သည့် အနေအထားများနှင့် ကြုံနေရသည်ဟု ဆိုသည်။
တိုင်းရင်းသားဒေသများတွင် ကပ်ရောဂါကာကွယ်ရေးဆိုင်ရာ လိုအပ်နေမှုများလည်းရှိနေကြောင်း စောနေထူးက ယခုကဲ့သို့ ဆက်ပြောသည်။
“တစ်ခုကတော့ COVID- 19 Pandemic ပေါ့နော။ ကူးစက်တဲ့ရောဂါက ကမ္ဘာလုံးဆိုင်ရာ ကူးစက်တဲ့ရောဂါဆိုတော့ ကျနော်တို့ မြန်မာပြည်မှာလည်း အများကြီး သိတဲ့အတိုင်းပဲလေ ဖြစ်ပျက်ခဲ့တာ ကူးစက်ရောဂါဖြစ်တဲ့ဟာလည်း အများကြီးရှိတယ်။ သို့သော် ကျနော်တို့ ဒီမှာကျတော့ Testing Capacity က မရှိဘူး မရှိတော့ ကျနော်တို့ဒေသကိုရောက်လာတဲ့ လူတွေအများစုက မြို့ပြဒေသမှာလာတဲ့လူတွေ အများစုဖြစ်တယ်။ မြို့ပြဒေသဆိုတာ သိတဲ့အတိုင်းပဲလေ လူနေမှုထူထပ်တဲ့ ဒေသတွေလည်းဖြစ်တယ်။ နောက်ပြီးတော့ ခုနပြောတဲ့ ကူးစက်ရောဂါတွေ ပြန့်ပွားအမြန်ဆုံး ဒေသလည်းဖြစ်တဲ့အချိန်မှာကျတော့ ကျနော်တို့ကတော့ အဲဒါကို ဝိုင်းပြီးတော့ ဒီကူးစက်ရောဂါကို ထိန်းချုပ်နိုင်ဖို့အတွက်ဆိုရင် ကျနော်တို့ လိုအပ်တဲ့ ဒီ COVID နဲ့ပတ်သက်တဲ့ ကျနော်တို့လိုအပ်တဲ့ ဒီ တစ်ကိုယ်ရေ တစ်ကိုယ်ရပေါ့ ဒီ PPE ပေါ့နော ကျနော်တို့ပြောချင်တာက Personal Protected Equipment (တကိုယ်ရည်ကာကွယ်ရေးပစ္စည်းများ) တွေပေါ့။ နောက်ပြီးတော့ Testing Machine (စစ်ဆေးစက်) တွေ Testing Cage (စမ်းသပ်ရာတွင်သုံးသော ဆေးရည်) တွေ ပြီးတော့ ဖြစ်လာရင်တော့ COVID- 19 နဲ့ပတ်သက်တဲ့ ကာကွယ်ဆေးကိစ္စတွေပေါ့”
အိမ်နီးချင်းနိုင်ငံများဖြစ်ကြသည့် အိန္ဒိယနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံများမှ တိုင်းရင်းသားလက်နက်ကိုင် ကျန်းမာရေးအဖွဲ့အစည်းများ စီမံအုပ်ချုပ်ရာဒေသများတွင် အရေးပေါ်လိုအပ်နေသည့် COVID-19 ကာကွယ်ဆေးများကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဆောင်ရွက်ချက်အရသော်လည်းကောင်း၊ တိုင်းရင်းသားပြည်သူများ ကပ်ရောဂါကူးစက်မှုမှ ကာကွယ်နိုင်ရန်အတွက်သော်လည်းကောင်း သယ်ယူ ပို့ဆောင်ခွင့်ပြုရန် EHC က တောင်းဆိုထားသည်။
EHC ၏ ပြောပြချက်အရ ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA နယ်မြေထဲက ပြည်သူအချို့သာ COVID-19 ကာကွယ်ဆေးထိုးနိုင်သည့် အခြေအနေရှိနေပြီး ကျန်တိုင်းရင်းသားနယ်မြေများတွင် COVID-19 ကာကွယ်ဆေးအတွက်သာမက ကူးစက်ရောဂါကို ထိန်းချုပ်နိုင်ရန်အတွက် ကျန်းမာရေးဆိုင်ရာသုံးပစ္စည်းများပါ လိုအပ်နေသည်ဟု သိရသည်။
တိုင်းရင်းသားကျန်းမာရေးကော်မတီ (EHC) သည် ထိုင်း-မြန်မာ နယ်စပ်ဒေသတစ်လျှောက်ရှိ မွန်၊ ကရင်၊ ကရင်နီနှင့် ရှမ်းတိုင်းရင်းသား လက်နက်ကိုင်များ စီမံအုပ်ချုပ်သည့်ဒေသများ၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် အခြားနယ်စပ်ဒေသများတွင် ကျန်းမာရေးစောင့်ရှောက်မှုများ ပေးနေသည့် တိုင်းရင်းသားကျန်းမာရေးအဖွဲ့များ၏ အဓိက မိတ်ဖက်စုဖွဲ့မှုတစ်ခုဖြစ်သည်ဟု သိရသည်။







