၈ နှစ်မြောက် ရခိုင်အမျိုးသားနေ့ကို ယခုနှစ်တွင် ကျင်းပနိုင်မည်မဟုတ်

၈ နှစ်မြောက် ရခိုင်အမျိုးသားနေ့ကို ယခုနှစ်တွင် ကျင်းပနိုင်မည်မဟုတ်
 ပုံစာ - ၂၀၁၇ ခုနှစ်က ကျင်းပခဲ့သည့် ရခိုင်အမျိုးသားနေ့မြင်ကွင်း
ပုံစာ - ၂၀၁၇ ခုနှစ်က ကျင်းပခဲ့သည့် ရခိုင်အမျိုးသားနေ့မြင်ကွင်း

လာမည့် မေလ ၂၆ ရက်နေ့တွင်ကျရောက်မည့် ၈ နှစ်မြောက် ရခိုင်အမျိုးသားနေ့ကို ယခုနှစ်တွင် ကျင်းပနိုင်မည်မဟုတ်ကြောင်း ပွဲကျင်းပရေးကော်မတီထံမှ သိရသည်။

ရခိုင်အမျိုးသားနေ့ကို လက်ရှိဖြစ်ပွားနေသည့် နိုင်ငံရေးအခင်းအကျင်းများ၊ နယ်မြေဒေသမတည်ငြိမ်ခြင်းများ၊ ကိုဗစ်ကပ်ရောဂါကြောင့် လူစုလူဝေးမဖြစ်စေရန်နှင့် ငွေကြေးအခက်အခဲများကြောင့် ယခုနှစ်တွင် ကျင်းပမည်မဟုတ်ကြောင်း စစ်တွေမြို့နယ် ရခိုင်အမျိုးသားနေ့ကျင်းပရေးကော်မတီ အတွင်းရေးမှူး ဦးစိုးနိုင်က ပြောသည်။

“စစ်တွေမြို့အနေနဲ့ ပွဲမကျင်းပဖြစ်တာပါ။ ကိုဗစ်နဲ့လည်း ပါတယ်ပေ့ါနော်။ နောက်တစ်ခုက အမှန်အတိုင်းပြောရရင် တိုင်းပြည်အခြေနေကလည်း ငြိမ်းချမ်းသာယာနေတာမဟုတ်ဘူး။ အမျိုးသားအောင်ပွဲဆိုတာဟာ အများနဲ့လည်း သက်ဆိုင်တဲ့ပွဲဖြစ်တယ်။ အများပြည်သူထည့်ဝင်ငွေနဲ့ လုပ်တဲ့ပွဲဆိုတော့ အများပြည်သူဆီက ငွေကြေးမေတ္တာရပ်ခံရတာဟာ သိပ်ခက်ခဲပါတယ်။ အခုချိန်ခါအကုန်လုံးက အခက်အခဲတွေနဲ့ဖြစ်နေကြတယ်။ ဒါကြောင့်မို့လို့ ပွဲမကျင်းပလိုက်တာပါ” ဟု ဉီးစိုးနိုင်ကဆိုသည်။

ရခိုင်အမျိုးသားနေ့ကို ၂၀၁၄ ခုနှစ်က ကျောက်ဖြူမြို့တွင် ကျင်းပခဲ့သည့် ရခိုင်အမျိုးသားညီလာခံ၌ မဟာမုနိဘုရားကြီး စတင်သွန်းလုပ်ခဲ့သော ကဆုန်လပြည့်ကျော် ၁ ရက်နေ့အား သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

ရခိုင်အမျိုးသားနေ့သည် ရခိုင်ပြည်သူများ၏ စည်းလုံးညီညွတ်ခြင်းကို ပြသသည့်နေ့တစ်နေ့ဖြစ်ပြီး လက်ရှိ အကြောင်းအမျိုးမျိုးကြောင့် ပွဲမကျင်းပနိုင်ခြင်းမှာ ရခိုင်လူထုအတွက် နစ်နာမှုရှိကြောင်း စစ်တွေမြို့ခံ ဦးထွန်းအောင်စိန် ကဆိုသည်။

“ရခိုင်လူထုဟာ ရခိုင်အမျိုးသားနေ့ မရှိခဲ့တဲ့အချိန်ကတည်းက နေလာခဲ့တာ။ အခု ရခိုင်အမျိုးသားနေ့ ပေါ်လာတဲ့အချိန်ကျတော့လည်း အကြောင်းအမျိုးမျိုးကြောင့် မကျင်းပနိုင်တာဟာ ရခိုင်တို့ရဲ့စိတ်ဒဏ်ရာကို ရစေတယ်။ အဲဒီနေ့ကို ကျင်းပခွင့်ရခဲ့တော့ ရခိုင်လူထုတွေအနေနဲ့လည်း တက်တက်ကြွကြွနဲ့ သူတို့မှာ အမျိုးသားနေ့ရှိတယ်ဆိုပြီးတော့ ဝမ်းသာကြမယ်။ မကျင်းပတာများလာရင် နောက်ဆိုရင် အဲဒီနေ့ရှိမှန်းကိုတောင် ရခိုင်လူထုတွေအနေနဲ့ သိကြတော့မှာမဟုတ်ဘူး။ ဒါကြောင့် ပွဲမကျင်းပနိုင်တာဟာ ရခိုင်လူထုအတွက် နစ်နာမှုတစ်ခုလို့ယူဆပါတယ်” ဟု ၎င်းကဆိုသည်။

ရခိုင်အမျိုးသားနေ့ကို ၂၀၁၄ ခုနှစ်မှစတင်ပြီး ၅ ကြိမ်ဆက်တိုက် ပွဲလမ်းသဘင်များဖြင့် ကျင်းပနိုင်ခဲ့သော်လည်း တိုက်ပွဲဖြစ်ပွားခဲ့သည့် ၂၀၁၉ ခုနှစ်မှစ၍ နယ်မြေဒေသ မတည်ငြိမ်သဖြင့် ရခိုင်အမျိုးသာနေ့အခမ်းအနားကို မကျင်းပနိုင်သည်မှာ ၃ နှစ်ရှိနေပြီဟုလည်း ဦးစိုးနိုင်ကပြောသည်။

ပုံစာ - ၂၀၁၇ ခုနှစ်က ကျင်းပခဲ့သည့် ရခိုင်အမျိုးသားနေ့မြင်ကွင်း

August 31, 2026
စစ်အုပ်စုတပ်သည် ရခိုင်ပြည်သို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ဧရာဝတီတိုင်းဘက်မှတစ်ဆင့် ရခိုင်ပြည်...
August 31, 2026
ရခိုင်ဒေသတွင် စစ်ရေးအခြေအနေသည် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ ပိုမိုပြင်းထန်လာခြင်းနှင့်...
ဓာတ်ပုံ - (DMG / ကျောက်တော်မြို့နယ်၊ ရထားဘူတာ စစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင် ကလေးငယ် အချို့။)
August 31, 2026
ရခိုင်ပြည်တွင် စစ်ဘေးရှောင် ကလေးသူငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များမှာ စားဝတ်နေရေး အခက်အခဲ...
ဓာတ်ပုံ - (မိုခါအလွန် နံ့သာကျွန်းအား ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် တွေ့ရစဉ် / DMG)
August 29, 2026
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်ရှိ “နံ့သာကျွန်း” အဏ္ဏဝါအမျိုးသားဥယျာဉ်ကို စစ်ရေးပဋိပက္ခများကြောင့်...