တိုင်းနှင့်ပြည်နယ်များ ကိုယ်ပိုင် အခြေခံဥပဒေ ရေးဆွဲရန် သဘောတူ

တိုင်းနှင့်ပြည်နယ်များ ကိုယ်ပိုင် အခြေခံဥပဒေ ရေးဆွဲရန် သဘောတူ
by -
မဇ္ဈိမ
တိုင်းနှင့်ပြည်နယ်များတွင် ကိုယ်ပိုင်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရန် နေပြည်တော်တွင် ယနေ့ကျင်းပသည့် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ(UPDJC) အစည်းအဝေးတွင် သဘောတူလိုက်သည်။

တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိစေရေးအတွက် တိုင်းနှင့်ပြည်နယ်များတွင် ကိုယ်ပိုင် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲထားရှိရန် မေလ ၁၂ရက်က သင်္ဂဟဟိုတယ်တွင် ကျင်းပသည့် UPDJC အစည်းအဝေးတွင် သဘောတူလိုက်ခြင်း ဖြစ်သည်။

“တကယ်ကို တိုင်းပြည်မှာ တခါမှ မရှိဖူးတဲ့ သဘောတူညီချက်ပေါ့နော်။ ကိုယ်ပိုင်ပြဌာန်းခွင့်၊ နောက်တစ်ချက်က တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ကိုယ်ပိုင် Constitution ထားရှိဖို့ အကုန်လုံး သဘောတူတယ်။ တစ်ကယ်လည်း ဝမ်းမြောက်စရာ ကောင်းပါတယ်” ဟု UPDJC ၏ အတွင်းရေးမှူးအဖွဲ့ဝင်ဖြစ်သူ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ယနေ့အစည်းအဝေးအပြီးတွင် ပြောသည်။

ထိုသို့ သဘောတူနိုင်ခြင်းကြောင့် လာမည့် ၂၁ရာစုပင်လုံ ဒုတိယအကြိမ်အစည်းအဝေးသည် သမိုင်းမှတ်တိုင်တစ်ခု ဖြစ်လာမည်ကြောင်းလည်း ဦးဇော်ဌေးက ဆိုသည်။

အဆိုပါ သဘောတူညီချက်နှင့်ပတ်သက်၍ ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၏ နာယကဖြစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာက “ပြည်နယ်တွေမှာ ကိုယ်ပိုင် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဖို့ သဘောထား ကျသွားတယ်။ ဗမာပြည် သမိုင်းမှာ မရှိသေးဘူး။ ပြည်ထောင်စု အဖွဲ့ဝင် ပြည်နယ်တွေမှာ ပြည်နယ်တွင်းမှာ ကျင့်သုံးမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးခွင့်ကို မပေးဘူး။ ဘယ်ခေတ်မှာမှ မရှိခဲ့ဘူး။ အခု ဒီနေ့ ရခဲ့ပြီ” ဟု ပြောဆိုသည်။

ယနေ့ အစည်းအဝေးတွင် အချုပ်အခြာအာဏာ၊ တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ဖက်ဒရယ်ပြည်ထောင်စုမူ၊ ပါတီစုံဒီမိုကရေစီစနစ် စသည့် ခေါင်းစဉ်များကို သဘောတူ အတည်ပြုခဲ့သည်။

“လာမယ့် ငြိမ်းချမ်းရေးညီလာခံမှာ ဒါတွေကို ဆွေးနွေးပါ့မယ်။ ပြီးရင် အတည်ပြုပါ့မယ်။ အတည်ပြုပြီးသွားရင် လုပ်ငန်းစဉ်က ဘာလဲဆိုတော့ ပြည်ထောင်စု သဘောတူချက် နောက်ဆုံးချံု့မှာ ဖြစ်ပါတယ်။ ချုံ့တဲ့အခါကျရင် ထွက်လာတဲ့သဘောတူညီချက်ကို စုပါ့မယ်။ စုတဲ့အခါမှာ ပြည်ထောင်စုသဘောတူစာချုပ်ရဲ့အစိတ်အပိုင်း ဖြစ်သွားပါ့မယ်။ ပြီးတိုင်းပြီးတိုင်းမှာ သဘောတူညီချက်တွေကိုလက်မှတ်ရေးထိုးမှာဖြစ်ပါတယ်။ ခေါင်းဆောင် တွေလက်မှတ်ရေးထိုးမယ်။ ပြီးရင် ပြည်ထောင်စုသဘောစာချုပ်ရဲ့အစိတ်အပိုင်းတွေဖြစ်လာမယ်” ဟု ဦးဇော်ဌေးက ရှင်းပြသည်။

May 30, 2026
မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အိန္ဒိယနိုင်ငံ ခရီးစဉ်ကို ပယ်ဖျက်ပေးရန်...
May 29, 2026
ပါခွီး — မင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်အတွင်း နယ်စပ်ကိစ္စရပ်များအပါအဝင်...
May 28, 2026
မန္တလေးတိုင်း ညောင်ဦးမြို့နယ် ကူတောကျေးရွာကို စစ်အုပ်စုတပ်ဖွဲ့ က စီးနင်းပြီး နေအိမ်တွေကို...
May 27, 2026
ချင်းပြည်နယ်၊ မတူပီမြို့ပေါ်ကို စစ်အုပ်စုတပ်က ဂျက်တိုက်လေယာဉ်များအပါအဝင် Y-12 လေယာဉ်ဖြင့် မေလ ၂၆...