မြစ်ကြီးနားနှင့် မိုးမောက်မြို့များတွင် ပေါက်ကွဲမှုများဖြစ်

မြစ်ကြီးနားနှင့် မိုးမောက်မြို့များတွင် ပေါက်ကွဲမှုများဖြစ်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နှင့် မိုးမောက်မြို့တို့တွင် ပေါက်ကွဲမှုများဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများရှိသည်ဟု ဒေသခံများက ပြောသည်။

မေလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် မြို့တော်မြစ်ကြီးနားရှိ ကမ္ဘာဇဘဏ် (၁) တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး စစ်သားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မြို့ခံများက ပြောသည်။

အမည်မဖော်လိုသူ မြစ်ကြီးနားမြို့ခံတစ်ဦးက “KBZ က နှစ်ခုရှိတာလေနော်။ အခုဖြစ်တာက KBZ ဘဏ် ၁ မှာ ဖြစ်တာပါ။ ဗုံးကွဲတာက ဒီနေ့ မနက်အစောပိုင်းမှာ ကွဲတာပါ။ စစ်သားတစ်ယောက်တော့ ထိတယ်ပြောတယ်။ အဲ့ဘက်ကို သိပ်မသွားရဲကြဘူး။ တချို့ကလည်းပြောနေတာ ဘဏ်ဘက်မှာ စစ်ဆေးနေတယ် ဘာညာဆိုတော့လေ။ တကယ်ဆို ဒီနေ့ဖြစ်တဲ့အချိန်ဆို ဘယ်သူမှမရှိဘူး သူတို့ ဒီစစ်သားတွေပဲ အခုဘဏ်တိုင်းမှာ စစ်သားတွေ အစောင့်ထားတယ်မဟုတ်လား။ အဲ့ဒါ သူတို့ပဲရှိတာ။ အဲ့မှာ ပေါက်ကွဲမှုဖြစ်တာ ဟုတ်တယ် ဒီနေ့မနက်ပိုင်း ၆ နာ ရီလောက်မှာ ဖြစ်တာ” ဟု ပြောသည်။

ထို့အပြင် မေလ ၁၄ ရက်နေ့တွင် မိုးမောက်မြို့ရှိ အထွေထွေအုပ်ချုပ်ရေးမှူး ရုံးဝန်းအတွင်းတွင်လည်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ဝန်ထမ်း ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

မိုးမောက်ဒေသခံတစ်ဦးက “မြို့နယ်ထွေအုပ်ရုံးမှာ မြို့နယ်စစ်ကောင်စီနဲ့ ရပ်/ကျေးအုပ်ချုပ်ရေးရေးမှူးတွေရဲ့ အစည်းအဝေးလည်းရှိတယ်။ ပြီးတော့ မြို့နယ်မှူးရဲ့ နှုတ်ဆက်ပွဲလည်းရှိတယ်ပြောတယ်။ အဲ့မှာ အစည်းအဝေးလာတက်ကြတာ။ ပြီးပြီးချင်း အဲ့ဒါမှာ ဖြစ်တယ်။ ပေါက်ကွဲမှု ဖြစ်တယ်ပေါ့နော်။ ဒါပေမယ့် တချို့ကပြောတာလည်း လက်နက်ကြီးနဲ့ ပစ်ခံရတယ်တဲ့။ အထဲက သတင်းရတာတော့ ခေါင်မိုးတွေ ထိကုန်တယ်။ အဲ့မှာ ခန်းမမှာကျန်ခဲ့တဲ့ မင်းကျမ်းရွာ၊ မံပုံရယ်၊ ခုံဆင့်ရွာရယ်နဲ့ ဒီမြို့ပေါ်က ရပ်/ကျေးစာရေးလေးယောက် ထိသွားတယ်လို့ပြောတယ်။ သေတော့မသေးဘူး။ ခေါင်မိုးမှာပေါက်ကွဲတာဖြစ်တဲ့အတွက် ထိခိုက်ဒဏ်ရာရတယ်လို့ ပြောတယ်” ဟု ပြောသည်။

မိုးမောက်မြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံး ပေါက်ကွဲမှုအတွင်း အမျိုးသမီး ၃ ဦး၊ အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်က မြစ်ကြီးနား၊ ဝိုင်းမော်၊ မိုးမောက်၊ ရွှေကူနှင့် ဖားကန့် စသည့်မြို့နယ်များအတွင်း ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်နေသကဲသို့ ကချင်လက်နက်ကိုင်အဖွဲ့ KIA နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများလည်း ပြင်းထန်စွာ ဖြစ်ပွားလျှက်ရှိသည်။

ထို့အပြင် ရွှေကူ၊ မိုးမောက်၊ မံစီနှင့် ဒေါ့ဖုန်းယန်မြို့နယ်များအတွင်း နှစ်ဖက်ကြား တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီတပ်တွေက နေ့စဉ်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်နေသည်ဟု KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ထိုတိုက်ပွဲများကြောင့်လည်း မိုးမောက်မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၁၀ ရွာကျော်က စစ်ရှောင် ၆၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...