အာဏာသိမ်းစစ်တပ်က ဆန္ဒပြသူများကို အသက်သေစေသည်အထိ နှိမ်နင်းရာတွင် တရုတ်ထုတ်ဒရုန်းများကို အသုံးပြုထားခဲ့

အာဏာသိမ်းစစ်တပ်က ဆန္ဒပြသူများကို အသက်သေစေသည်အထိ နှိမ်နင်းရာတွင် တရုတ်ထုတ်ဒရုန်းများကို အသုံးပြုထားခဲ့

အာဏာသိမ်းအကြမ်းဖက်စစ်တပ်သည် ဒီမိုကရေစီလိုလားသော ဆန္ဒပြသူများကို အသက်သေစေသည်အထိ လူမဆန်စွာ နှိမ်နင်းဖြိုခွင်းရာတွင် အထောက်အကူဖြစ်စေရန်နှင့် အခြေအနေကို ထောက်လှမ်းရန်အတွက် တရုတ်နိုင်ငံလုပ် ဒရုန်းယာဉ်များကို အသုံးပြုထားခဲ့သည်။

CDM လှုပ်ရှားမှု ဆန္ဒပြသူအများအပြား စစ်တပ်စနိုက်ပါသမားများ၏လက်ချက်ကြောင့် သေဆုံးခဲ့ရသည့် မန္တလေးမြို့၏ မြို့လယ်ဆန္ဒပြပွဲများပေါ်တွင် ဒရုန်းများပျံဝဲနေခဲ့သည်ကို မြင်တွေ့ခဲ့ရသည်။

စနိုက်ပါသမားများ တိတိကျကျတိုက်ခိုက်နိုင်ရန်အတွက် ဒရုန်းများအသုံးပြုလျက် ကင်းထောက်၊ အချက်အလက်ရယူမှုများကို လုပ်ဆောင်ထားခဲ့ဖွယ်ရှိကြောင်း လေ့လာစောင့်ကြည်သူများက သုံးသပ်ယူဆထားသည်ဟု Asia Times က ဖော်ပြသည်။

ဒီမိုကရေစီလိုလားသော ဆန္ဒပြပွဲများနှင့် အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စု၏ လူမဆန်သည့် ဖြိုခွင်းမှုများရှိနေခဲ့သည့် မြန်မာ့နိုင်ငံရေး အခြေအနေအောက်တွင် အာဏာသိမ်းစစ်အုပ်စု လက်အောက်ခံတပ်ဖွဲ့၀င်များ၏ ပစ်ခတ်ဖြိုခွင်းမှုများကြောင့် လူ့အသက်ပေါင်း ၇၅၀ ကျော် ဆုံးရှုံးထားခဲ့ရပြီးဖြစ်သလို ထိခိုက်ဒဏ်ရာရသူများလည်း အများအပြားရှိခဲ့သည်။

မြန်မာ အာဏာသိမ်းစစ်အုပ်စုသည် ဆန္ဒပြသူများအပေါ် နှိမ်နင်းမှုကို ထောက်ကူရန် တရုတ်လုပ်ဒရုန်းများ သုံးနေသည်ဆိုသည့်အချက်ကလည်း ဖေဖေါ်ဝါရီ ၁ ရက် အာဏာသိမ်းမှုကို တရုတ်က ထောက်ခံပေးခဲ့သည်ဆိုသည့် ပြောဆိုချက်များကို သေချာပေါက် ပိုမိုအားကောင်းစေရန် ရှိနေသည်။

ယူကေအခြေစိုက် Janes International Defense Review နှင့် ဝါရှင်တန်အခြေစိုက် မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာမှုစင်တာ CSIS တို့ကလည်း မြန်မာစစ်တပ်သုံးသည့် အဆိုပါဒရုန်းများသည် တရုတ်လုပ် CH-3A ဒရုန်းများဖြစ်ကြောင်း မကြာသေးခင်က ထုတ်ဖော်ထားခဲ့ကြသည်။

မိတ္ထီလာ ရှမ်းတဲလေတပ်စခန်းတွင် ထို CH-3A ဒရုန်းများရှိနေသည်ကို ဂြိုဟ်တုပုံရိပ်များဖြင့် CSIS အစီရင်ခံစာတစ်ရပ်တွင် အတည်ပြုထားခဲ့သည်။

CH-3A ဒရုန်းများကို တရုတ်နိုင်ငံပိုင် တရုတ်လေကြောင်း အာကာသသိပ္ပံနှင့် နည်းပညာကော်ပိုရေးရှင်း (CASC) ၏ ဌာနခွဲဖြစ်သည့် China Aerospace Long-March International က တည်ဆောက်ထားခြင်းဖြစ်သည်။

တရုတ်သည် ၂၀၁၄ နှင့် ၂၀၁၅ အတွင်း ရှမ်းတဲလေတပ်စခန်းသို့ CH-3A ဒရုန်း ဒါဇင်နှင့်ချီပေးပို့ခဲ့ကြောင်း စတော့ဟုမ်း နိုင်ငံတကာငြိမ်းချမ်းရေးအင်စတီကျူ့ (SIPRI) ကပြုစုသော အချက်အလက်များအရ သိရသည်။

ထို၀ယ်ယူမှုသည် ထိုစဥ်က မြန်မာနယ်စပ်ဒေသများရှိ တိုင်းရင်းသားသူပုန်များအပေါ် စစ်ဆင်‌ရေးများတွင် အသုံးပြုရန်ဖြစ်သည်ဟု နားလည်ထားခဲ့ရသည်။

၂၀၁၀ နှင့် ၂၀၁၉ အကြား မြန်မာနိုင်ငံ၏ စစ်လက်နက်တင်သွင်းမှုများ၏ ၅၆ ရာခိုင်နှုန်းသည် တရုတ်ကနေလာခြင်းဖြစ်ပြီး ၃၁ ဒသမ ၆ ရာခိုင်နှုန်းသည် ရုရှားကနေလာရောက်ကာ ကျန် ၁၂ ရာခိုင်နှုန်းသည် ယူကရိန်း၊ မြောက်ကိုရီးယားနှင့် အစ္စရေးတို့အပါအ၀င် အခြားနိုင်ငံများမှ တင်ပို့ခြင်းဖြစ်ကြောင်း SIPRI ၏ အစီရင်ခံစာကိုကိုးကားပြီး Asia Times က ဖော်ပြသည်။

၂၀၁၀ နှင့် ၂၀၁၉ အကြား လက်နက်၀ယ်ယူမှု တန်ဖိုးစုစုပေါင်းသည် ကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံကျော်ဖြစ်ကြောင်း အလားတူသုတေသနက ပြသနေသည်။

Most read this week

August 6, 2026
မလေးရှားအစိုးရသည် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရန် စီစဉ်နေသည့် ဒုက္ခသည် ၅,၀၀၀ ခန့်အနက် အသက်...
August 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်ရှိ ပန်ဆောင်မြို့နှင့်...
August 3, 2026
ချင်းပြည်၊ ဟားခါးမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်အုပ်စု တပ်ဖွဲ့ဝင်များ၏...
August 3, 2026
ငဝန်မြစ်ရေကာတာ တာဘောင်ကျိုးကျမှုကြောင့် တစ်မြို့နယ်လုံးနီးပါး ရေကြီးရေလျှံမှု ဖြစ်ပွားနေသည့်...