မြန်မာအား လက်နက်ရောင်းချမှုပိတ်ပင်ရန် နိုင်ငံများကို ကုလသမဂ္ဂအထူးကိုယ်စားလှယ် တိုက်တွန်း

မြန်မာအား လက်နက်ရောင်းချမှုပိတ်ပင်ရန် နိုင်ငံများကို ကုလသမဂ္ဂအထူးကိုယ်စားလှယ် တိုက်တွန်း

မြန်မာစစ်ကောင်စီအား လက်နက်ရောင်းချမှုပိတ်ပင်ရန် လူမှုအဖွဲ့အစည်းများစွာက တောင်းဆိုချက်ကို မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေများဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် တွမ်အင်ဒရူးက မေ ၇ ရက်မှာ ထောက်ခံကြိုဆိုလိုက်သည်။

နိုင်ငံများအနေဖြင့်လည်း ကိုယ်ပိုင်အရေးယူမှုများကို ချက်ချင်းချမှတ်ရန် ၎င်းက တွန်းအားပေးတိုက်တွန်းသည်။

“မြန်မာစစ်အာဏာသိမ်းအုပ်စုလက်ထဲ လက်နက်နဲ့ နှစ်မျိုးသုံးလက်နက် နည်းပညာတွေရောက်ရှိမှာကို ရပ်တန့်ခြင်းဟာ တိုက်ရိုက်အားဖြင့် ရှင်သန်ခြင်းနဲ့သေဆုံးခြင်း အရေးကိစ္စဖြစ်နေတယ်၊ အသက်ခန္ဓာတွေ အဆုံးရှုံးမခံရသင့်ဘူး” ဟု အင်ဒရူးကဆိုသည်။

“မြန်မာကို လက်နက်ရောင်းချခွင့်ပိတ်ဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အာရုံစိုက်လာအောင် လုပ်ဆော်ခဲ့ကြတဲ့ အဖွဲ့အစည်း ၂၀၀ ကျော်ထက်မနည်းရဲ့ ကြိုးပမ်းမှုကို ကျွန်တော်ချီးကျူးဂုဏ်ပြုတယ်၊ ကိုယ့်ပြည်သူကို အစုပြုံလိုက် သတ်ဖြတ်နေသူတွေလက်ထဲ သေစေတဲ့လက်နက်တွေ မရောက်ရှိအောင် တားဆီးတဲ့လုပ်ရပ်ဟာ အခု လိုအပ်နေပြီဖြစ်တယ်” ဟု ၎င်းကပြောသည်။

“ကုလသမဂ္ဂလုံခြုံရေးကောင်စီက အရေးယူဆောင်ရွက်လာအောင် တွန်းအားပေးနေတဲ့ တစ်ပြိုင်တည်းမှာပဲ ရက်စက်ကြမ်းကြုတ်တဲ့ စစ်အုပ်စုဆီ လက်နက်တွေ မရောက်စေရေးကို ထောက်ခံတဲ့အစိုးရတွေအနေနဲ့ မြန်မာအပေါ် ကိုယ်ပိုင်လက်နက်ရောင်းချမှု ပိတ်ပင်ချက်ကို ချက်ချင်းချမှတ်ဖော်ဆောင်ဖို့ ကျွန်တော်တိုက်တွန်းပါတယ်” ဟု အထူးကိုယ်စားလှယ် အင်ဒရူးကပြောသည်။

“နှစ်ဦးနှစ်ဖက် လက်နက်ရောင်းချမှု ပိတ်ပင်မှုတွေမှာ ထောက်လှမ်းရေးပစ္စည်းတွေအပါအဝင် လက်နက်နဲ့ နှစ်မျိုးသုံးလက်နက်နည်းပညာတွေလည်း အကျုံးဝင်ပါရှိသင့်တယ်၊ ဒါဟာဆိုရင် အပြစ်မဲ့ အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးတွေကို သတ်ဖြတ်နေသူတွေလက်ထဲ လက်နက်ကို တိုက်ရိုက်ဖယ်ရှားပစ်ဖို့ အရေးကြီးတဲ့ စတင်မှုတစ်ရပ်ပဲဖြစ်တယ်” ဟု ၎င်းကဆိုသည်။

လက်ရှိတွင် မြန်မာအား လက်နက်ရောင်းချခွင့်ပိတ်ပင်ထားသည့် နိုင်ငံစာရင်းကို အသစ်ပြုစုနေကြောင်း အင်ဒရူးကပြောသည်။

၎င်း၏ လူ့အခွင့်အရေးကောင်စီထံ မတ်လက အစီရင်ခံစာ၌ မြန်မာအား လက်နက်ရောင်းချခွင့်ပိတ်ပင်ထားပြီးသည့် နိုင်ငံများစာရင်းကို ဖော်ပြထားသည်။

“မြန်မာစစ်အုပ်စုကို လက်နက်ရောင်းချမှု မပိတ်ပင်ရသေးတဲ့ နိုင်ငံတွေအနေနဲ့လည်း ကိုယ့်ပြည်သူတွေကို နေ့စဉ်နဲ့အမျှ မြန်မာစစ်တပ်ရဲ့ ဆက်လက်ဒုက္ခပေးနေတာကို ထိတ်လန့်တုန်လှုပ်မှုဖြစ်လာပြီး ပိတ်ပင်လာလိမ့်မယ်လို့ ကျွန်တော်မျှော်လင့်ထားတယ်၊ လာမယ့်လမှာ ဒီစာရင်းသစ်ကို ထုတ်ပြန်နိုင်ဖို့ ကျွန်တော်ရည်ရွယ်ထားပါတယ်” ဟု သူကဆိုသည်။

“ထပ်ပြီးတော့ ပြောလိုတာက လုံခြုံရေးကောင်စီကို တောင်းဆိုခဲ့ကြတဲ့ အဖွဲ့အစည်းတွေနဲ့ ကိုယ်စားလှယ်အဖွဲ့တွေအနေနဲ့လည်း အစိုးရတွေကို မြန်မာကို လက်နက်ရောင်းချမှု ကိုယ်ပိုင်ပိတ်ပင်ချက်ကို ဖော်ဆောင်ဖို့ တစ်ပြိုင်တည်း တိုက်တွန်းတောင်းဆိုကြဖို့ကို ကျွန်တော် တောင်းဆိုခြင်းပါ” ဟု အင်ဒရူးကပြောဆိုခဲ့သည်။

June 11, 2026
မကွေးတိုင်း ပခုက္ကူမြို့နယ် မြစ်ခြေရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)က ယနေ့ (ဇွန်လ ၁၀ ရက်...
June 10, 2026
ပါခွီး — စစ်ခေါင်းဆောင်၏ အိန္ဒိယခရီးစဉ်အတွင်း နယ်စပ်ရှိ လက်နက်ကိုင်များ ရှင်းလင်းရေးနှင့်...
June 9, 2026
ယမင်းဖူးပွင့်အောင် — ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာတွင်...
June 8, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် စစ်အုပ်စုက စစ်မှုထမ်းအတွက် ပေါ်တာဆွဲဖမ်းဆီးမှု အရှိန်မြှင့်လာပြီး...