စစ်တွေ ရခိုင်အမျိုးသားနေ့တွင် ပျောက်ကွယ်လုနီးပါး ဖြစ်နေသည့် ရခိုင်ရိုးရာကစားနည်းများကို ထည့်သွင်းကျင်းပ

စစ်တွေ ရခိုင်အမျိုးသားနေ့တွင် ပျောက်ကွယ်လုနီးပါး ဖြစ်နေသည့် ရခိုင်ရိုးရာကစားနည်းများကို ထည့်သွင်းကျင်းပ
by -
နိရဥ္စရာ
စစ်တွေမြို့တွင် ကျင်းပနေသော (၄) ကြိမ်မြောက် ရခိုင်အမျိုးသားနေ့တွင် ပျောက်ကွယ်လုနီးပါး ဖြစ်နေသည့် ရခိုင်ရိုးရာ အားကစားနည်းများကို ထည့်သွင်းကျင်းပနေကြောင်း သတင်းရရှိသည်။

ရခိုင်အမျိုးသားနေ့တွင် ထည့်သွင်း ပြုလုပ်လျက်ရှိသော ရိုးရာ အားကစားနည်းများမှာ ဒေါင်းပြောက် ခုန်တန်း၊ ဒူထိုးတန်း၊ ကွမ်းသီးဝှက်တန်းနှင့် ကြက်ခြေထိုးတန် ကစားနည်းများဖြစ်ကြောင်း သိရသည်။

“ရခိုင်အမျိုးသားနေ့မှာ ချောတိုင်တက်ပွဲ၊ လွန်ဆွဲပွဲတွေကို ထည့်သွင်းမလားလို့ စဉ်းစားတဲ့အခါမှာ အဲ့ဒီဟာတွေကို မြန်မာပြည် ဘက်မှာလည်း လုပ်နေကြတဲ့အတွက်ကြောင့် ရခိုင်ပြည်နယ်မှာ သီးသန့် ကစားကြတဲ့ ရခိုင်ကစားနည်းတွေကို လုပ်ကြမယ်လို့ ဆုံးဖြတ်ခဲ့ကြပါတယ်”ဟု ပွဲကျင်းပရေးကော်မတီမှ ဒုဥက္ကဋ္ဌ (၁) ဦးသန်းထွန်းက ပြောသည်။

ဒေါင်းပြောက်ခုန်တန်း ကစားနည်းတွင် စစ်တွေမြို့ပေါ်မှ ရပ်ကွက် ၁၂ ခု မှလည်းကောင်း၊ ဒူထိုးတန်းတွင် ရပ်ကွက် ၁၀ ခု မှလည်းကောင်း၊ ကွမ်းသီးဝှက်တန်းတွင် ရပ်ကွက် ၁၆ ခုမှလည်းကောင်း၊ ကြက်ခြေထိုးတန်းတွင် ရပ်ကွက် ၁၂ ခုမှလည်းကောင်း ပါ၀င်ယှဉ်ပြိုင်ကစားလျက်ရှိသည်။

ရပ်ကွက်တစ်ခုစီမှ အားကစားနည်းတစ်မျိုးစီတွင် တစ်ဖွဲ့ကျစီ ပါ၀င်ယှဉ်ပြိုင်ခွင့် ရှိသည်ဟု ဆိုသည်။

“ဒီရခိုင်ရိုးရာ ကစားနည်းတွေ မပျောက်ကွယ်သွားရအောင် ပထမဆုံးအကြိမ်ဖြစ် ထည့်သွင်းယှဉ်ပြိုင် ကစားကြတာဖြစ်ပါတယ်။ ပါ၀င်ယှဉ်ပြိုင်တဲ့ ရပ်ကွက်တိုင်းကလည်း စည်းမျဉ်းစည်းကမ်းအတိုင်း ကစားနိုင်ကြတာကို တွေ့ရှိရပါတယ်”ဟု ရခိုင်ရိုးရာကစားနည်းကို တာဝန်ယူထားသူ ဦးမောင်လှကျော်က နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

ရခိုင်ရိုးရာ ကစားနည်းတစ်ခုစီအတွက် ပထမဆုကို ငွေကျပ် တစ်သိန်းနှင့် အလံဆုကို ချီးမြှင့်သွားမည်ဖြစ်ပြီး၊ ဒုတိယဆုကို ငွေကျပ် ၅ သောင်းနှင့် အလံဆုများကို ချီးမြှင့်သွားမည်ဟု သိရသည်။

စစ်တွေမြို့တွင် ကျင်းပနေသည့် ရခိုင်အမျိုးသားနေ့တွင် ရခိုင်ရိုးရာ ကစားနည်းများအပြင်၊ လူထုစည်းဝေးပွဲ၊ ကာလုံတတ်ပြိုင်ပွဲ၊ စာပေဟောပြောပွဲ၊ တိုင်းရင်းသားရိုးရာ အကများနှင့် စင်တင်ဂီတ ဖျော်ဖြေပွဲများလည်း ပါ၀င်သည်ဟု သိရသည်။

ရခိုင်အမျိုးသားနေ့ကို ၂၀၁၄ ခုနှစ် ဧပြီလ ၂၇ ရက်နေ့မှ မေလ ၁ ရက်နေ့ထိ ကျင်းပခဲ့သော ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ ရခိုင်အမျိုးသားညီလာခံမှ မဟာမုနိရုပ်ရှင်တော်မြတ်အား သွန်းလုပ်ခဲ့သော ကဆုန်လ ပြည့်ကျော် ၁ ရက်နေ့ကို အမျိုးသားနေ့ အဖြစ် သတ်မှတ်ခဲ့ကြသည်။

၄ နှစ်မြောက် ရခိုင် အမျိုးသားနေ့ကို ရခိုင်ပြည်နယ် စစ်တွေမြို့တွင် မေလ ၉ ရက်နေ့မှ ၁၁ ရက်နေ့ထိ ၃ ရက်တိုင်တိုင် ကျင်းပနေကြောင်း သိရသည်။

May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...