အာရက္ခအမျိုးသားစာစစ်အဖွဲ့၏ အထက်တန်းအဆင့်နှင့် ကျောင်းတွင်းစစ်စာမေးပွဲ အောင်စာရင်းထွက်ရှိ

အာရက္ခအမျိုးသားစာစစ်အဖွဲ့၏ အထက်တန်းအဆင့်နှင့် ကျောင်းတွင်းစစ်စာမေးပွဲ အောင်စာရင်းထွက်ရှိ
ရခိုင်ဒေသအတွင်း အထက်တန်းကျောင်းသူ၊ ကျောင်းသားအချို့ စာသင်နေကြစဉ်။
ရခိုင်ဒေသအတွင်း အထက်တန်းကျောင်းသူ၊ ကျောင်းသားအချို့ စာသင်နေကြစဉ်။

မောင်စာဂ၊ နိရဉ္စရာ  — အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ အာရက္ခအမျိုးသားပညာရေးဌာန(ဗဟို)လက်အောက်ရှိ အာရက္ခအမျိုးသားစာစစ်အဖွဲ့က ရခိုင်ပြည်အတွင်း ကြီးမှူးကျင်းပခဲ့သော အထက်တန်းအဆင့် Grade-12 နှင့် ကျောင်းတွင်းစစ်စာမေးပွဲ အောင်စာရင်းတို့သည် ထွက်ရှိလာပြီဟု သိရသည်။

၂ဝ၂၅-၂ဝ၂၆ ပညာသင်နှစ်အတွက် အထက်တန်းအဆင့် Grade-12 စာမေးပွဲအောင်စာရင်းသည် ယနေ့ ဇွန်လ ၅ ရက်တွင်ထွက်ရှိလာခြင်းဖြစ်ပြီး ကျောင်းတွင်းစစ်စာမေးပွဲအောင်စာရင်းသည် ပြီးခဲ့သည့်အပတ်က ထွက်ရှိခဲ့ခြင်းဖြစ်သည်ဟု ကျောင်းသူ၊ ကျောင်းသားများနှင့် ဆရာ၊ ဆရာမအသိုင်းအဝိုင်းမှ သိရသည်။

မြောက်ဦးမြို့နယ်မှ ကျောင်းဆရာတစ်ဦးက “ကလေးတွေကတော့ အောင်ကြတယ်။ ကျတဲ့သူတွေလည်း များတယ်။ တစ်မြို့နယ်လုံးအောင်ချက်၊ တစ်ပြည်လုံးအောင်ချက်ရာနှုန်းကိုတော့ ကျနော်လည်း မသိသေးဘူး”ဟု နိရဉ္စရာကို ပြောသည်။

ရခိုင်ပြည်အတွင်း အာရက္ခတပ်တော်(AA)ထိန်းချုပ်ဒေသများတွင် အထက်တန်းအဆင့် Grade – 12 စာမေးပွဲကို အာရက္ခအမျိုးသားပညာရေးဌာန(ဗဟို)က ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်း စစ်ဆေးခဲ့ခြင်းဖြစ်ပြီး KG မှ Grade – 11 အထိ ကျောင်းတွင်းစစ်စာမေးပွဲကို ပြီးခဲ့သည့် မတ်လနောက်ဆုံးပတ်တွင် စစ်ဆေးခဲ့ခြင်းဖြစ်သည်။

ပုဏ္ဏားကျွန်းမြို့နယ်မှ လင်းရောင်ခြည်ဖောင်ဒေးရှင်းဒါရိုက်တာ ကိုမောင်နှင်းအေးကလည်း ယနေ့တွင် အထက်တန်းအဆင့် Grade – 12 အောင်စာရင်းထွက်ရှိလာသည်မှာမှန်ကန်ပြီး လင်းရောင်ခြည်ဖောင်ဒေးရှင်းက အခမဲ့သင်ကြားပေးလိုက်သည့် Grade – 12 ကျောင်းသူငါးဦးအနက် နှစ်ဦးဂုဏ်ထူးထွက်ရှိပြီး နောက်တစ်ဦးက ရိုးရိုးအောင်မြင်ကာ ကျန်နှစ်ဦးမှာ အောင်မြင်မှုမရှိခဲ့ဟုလည်း နိရဉ္စရာကို ပြောသည်။

“ဖြေခဲ့ကြတဲ့ငါးယောက်စလုံးက မိန်းကလေးတွေပါ။ ဂုဏ်ထူးပါတာကလည်း တစ်ယောက်က ဘောဂပါ။ နောက်တစ်ယောက်ကတော့ ဘိုင်အိုပါ။ ဘောဂတစ်ယောက်နဲ့ ဘိုင်အိုတစ်ယောက်ပါ”ဟု ပြောသည်။

မြို့နယ်/ခရိုင်/ပြည်နယ်အလိုက် အောင်ချက်ရာခိုင်နှုန်းကိုလည်း လောလောဆယ်မသိရသေးဟု သူက ဆိုသည်။

တစ်ပြည်လုံးဖြေဆိုခဲ့သည့်ကျောင်းသူ၊ ကျောင်သားဦးရေ၊ အောင်မြင်သည့်ဦးရေ၊ ဂုဏ်ထူးရသည့်ဦးရေနှင့် အောင်ချက်ရာနှုန်းစသည်တို့ကို နိရဉ္စရာက ဆက်လက်စုံစမ်းလျက်ရှိသည်။

ရခိုင်တွင် ပြီးခဲ့သည့် ၂ဝ၂၃ ခုနှစ်မှစတင်ကာ မြို့သိမ်းတိုက်ပွဲများဖြစ်ပွားပြီးနောက် စစ်အုပ်စုက အခြေခံပညာစာသင်ကျောင်းများကို ပစ်မှတ်ထားကာ ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်လျက်ရှိသည့်အတွက် ကျောင်းသူ၊ ကျောင်းသားများသည် ကျောင်းအခြေပြုပညာသင်ကြားနိုင်ခြင်းမရှိတော့ဘဲ အဆင်ပြေသည့်ပုံစံဖြင့် သင်ကြားနေကြရသည်ဟု သိရသည်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ အာရက္ခအမျိုးသားပညာရေးဌာန(ဗဟို)ကလည်း AA ထိန်းချုပ်ဒေသများတွင် ၂ဝ၂၄-၂ဝ၂၅ ပညာသင်နှစ်မှစတင်ကာ ကျောင်းတွင်းစစ်စာမေးပွဲနှင့် အထက်တန်းအဆင့်စာမေးပွဲများကို ကြီးမှူးကျင်းပပေးနေရသည်။

Most read this week

September 17, 2026
ရခိုင်/အာရက္ခပြည်၊ ပေါက်တော (ဝီရဌာနီ) မြို့နယ်၊ အနောက်ဖရုံကာကျွန်း (ခ)...
September 17, 2026
ရန်ကုန်မြို့တွင် စစ်အုပ်စုတပ်၏ မတရား ဖမ်းဆီးပေါ်တာဆွဲမှုများ များပြားနေချိန်၌...
September 16, 2026
အာရက္ခတပ်တော် (AA) နှင့် စစ်အုပ်စုတပ်တို့အကြား တိုက်ပွဲများသည် ရွှေမင်းဂံ ရေတပ်စခန်းအနီး ချောင်း...
နတ်ရေကန်စခန်း - ပုံဟောင်း / Credit
September 15, 2026
မကွေးတိုင်း၊ ပဒါန်းအနီးရှိ နတ်ရေကန်သို့ စစ်ကြောင်းထိုးနေသည့် စစ်အုပ်စုတပ်၏ ဒရုန်းများကို...