ရေကြည်မြို့နယ် ကြောင်လျှာကျေးရွာအနီးရှိ စစ်တပ်စခန်းကုန်း ၂ ခုကို AA သိမ်းပိုက်

ရေကြည်မြို့နယ် ကြောင်လျှာကျေးရွာအနီးရှိ စစ်တပ်စခန်းကုန်း ၂ ခုကို AA သိမ်းပိုက်

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်နှင့် ရခိုင်ရိုးမအစပ်ရှိ ကြောင်လျှာရွာအနီးရှိ အာဏာသိမ်းစစ်တပ်၏ စခန်းကုန်း ၂ ခုကို အာရက္ခတပ်တော် (AA) နှင့်ပူးပေါင်းမဟာမိတ်တပ်များက ဇွန်လ ၁ ရက်နေ့နံနက်ပိုင်းတွင်သိမ်းပိုက်လိုက်သည်ဟု ရေကြည်မြို့နယ်စစ်ရေးသတင်း အရင်းအမြစ်များက နိရဉ္စရာ သတင်းဌာနကို အတည်ပြု ပြောဆိုသည်။

အဆိုပါ စခန်းကုန်း ၂ ခုမှ  စစ်မှုထမ်းတပ်သားသစ်များအပါအဝင် စစ်သား ၂၀ ကျော်ကိုလည်းဖမ်းမိထားကြောင်း ၎င်းစစ်ရေး ရင်းမြစ်များက ပြောဆိုသည်။

ရေကြည်မြို့နယ် စစ်ရေးသတင်းရင်းမြစ်တစ်ဦးက” ဇွန်လ ၁ ရက်နေ့ မနက်ပိုင်းက သိမ်းပိုက်လိုက်တယ်လို့သိရတယ်။ မေလနောက်ဆုံးအပတ်ထဲက ရေကြည်ရခိုင်ရိုးမအစပ်ကျေးရွာတချို့ကို စစ်တပ်ကအင်အားဖြည့်တာရပ်နေတာ၊ အနီအနားကပစ်ခတ်သံတွေကြားတော့ ဒေသခံတွေရိုးပေါ်ကိုမတက်တာနည်းနည်းကြာနေပြီ။ AA ကဖမ်းမိထားတာ ၂၀ ကျော်တယ်တဲ့။ ဧရာဝတီတိုင်းထဲက မြို့နယ်တွေက စစ်မှုထမ်းသစ်တွေလည်းပါတယ်။ သေဆုံးတာလည်းများတယ်လို့ကြားတယ်။ လက်နက်တွေလည်းမိတယ်။ အခုကရိုးမ အောက်ခြေရွာတွေကိုစစ်တပ်ကမစိုးမိုးနိုင်တော့ဘူး။ AA ကပေါ်တင်သွားလာနေတာပါ” ဟုပြောသည်။

အဆိုပါကြောင်လျှာရွာ စခန်းကုန်း ၂ ခု သည် ရေကြည်နှင့်သာပေါင်းမြို့နယ်ကြားတည်ရှိကာ အာဏာသိမ်းစစ်တပ်မှ ညောင်မှော်တောင်တန်း၊ ရွှေရင်မျှော်ကုန်း ၊ သရက်ကုန်းကျေးရွာအုပ်စု တို့ဘက်မှစစ်ကြောင်းထိုးကာ ၎င်းစခန်း ၂ ခုအင်အားဖြည့်ထားသော်လည်း ဇွန်လ ၁ ရက်နေ့က AA  က သိမ်းပိုက်သွားခဲ့သည်ဟု ဆိုသည်။

အဆိုပါကြောင်လျှာရွာစခန်းကုန်း ၂ ခုနှင့် ၁ မိုင်ခန့်အကွာတွင်တည်ရှိသော ညောင်မှော်တောင်တန်းအနီးရှိအာဏာသိမ်းစစ်တပ်၏ ရိုးမ တောင်ခြေစခန်းကုန်းသုံးခုနီးပါးကိုလည်း အေအေနှင့်ပူးပေါင်းတပ်များက ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

အာရက္ခတပ်တော်နှင့်ပူးပေါင်းမဟာမိတ်တပ်ဖွဲ့သည် ရခိုင်ရိုးမအနီးရေကြည်နှင့်သာပေါင်းမြို့နယ်ကြားရှိ ရွှေရင်မျှော်ကုန်း၊ သုံးတန်ဂူ၊ ကြောင်လျှာရွာ၊ ခုနစ်တန်ဂူ လမ်းကြောင်းအတိုင်း တိုက်ပွဲဖော်ဆောင်နေပြီး တော်လှန်ရေးတပ်ဖွဲ့များသည် ရခိုင်ရိုးမမြောက်ဘက်နှင့် အနောက်ဘက်ရှိရေကြည်အပိုင် သီတာကုန်းပြင်ဘက်သို့လည်း ရောက်ရှိနေကြောင်း ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်များက ပြောဆိုသည်။

“ အမြောက်တပ်ကိုအာရုံစိုက်နေရတာ လောလောဆယ်မှာစစ်တပ်က။ အဲဒီအချိန်မှာ မထင်မှတ်ထားပဲ ရေကြည်မြို့အစွန်က ရခိုင်ရိုးမအစပ်က စခန်းကုန်းတွေမှာ အင်အားလျော့တာ၊ ရိက္ခာပြတ်တာတွေရှိတော့ အေအေက ဝင်သိမ်းတာခဏပဲတိုက်ရတယ်လို့ သိရတယ်။ကြောင်လျှာက သာပေါင်းဖက်နဲ့ လည်းနီးတယ်။ အခုအဲဒီအနားက နောက်ထပ်စခန်းကုန်းနှစ်ခုကိုလည်း အေအေကထိုးစစ်ဆင်နေပြီ”ဟု ပြောသည်။  

၎င်းပြင် သာပေါင်းမြို့နယ်ထဲက ကျေးရွာအုပ်စု တချို့ကိုလည်း အာရက္ခတပ်တော်က စိုးမိုးထားပြီး ထောက်ပို့လမ်းကြောင်းတချို့ကိုလည်း AA ကပိတ်ဆို့ထားသည်ဟု ပြောသည်။

“ သာပေါင်းမြို့နယ်ထဲက သရက်ကုန်းကျေးရွာအုပ်စုက နေရာတွေကို အေအေစိုးမိုးထားပြီးနောက်ထပ် ရခိုင်အစပ်ကတောင်ကုန်းတွေသိမ်းဖို့လည်း လုပ်နေပြီ။ ဇွန်လထဲမှာ ရခိုင်ရိုးအစပ်ကျေးရွာတွေကိုတက်လာမယ်။ စစ်တပ်စစ်ကြောင်းတွေကို AA က လမ်းကနေရာယူပိတ်ဆို့ထားတော့ ထောက်ပို့နဲ့စစ်ကူတပ်တွေ တက်လို့မရဖြစ်နေတယ်” ဟု၎င်းစစ်ရေးရင်းမြစ်က ပြောသည်။

လက်ရှိတွင် ဧရာဝတီတိုင်းအတွင်းရှိ သာပေါင်း၊ ရေကြည် နှင့်လေးမျက်နှာမြို့နယ်များတွင် အာရက္ခတပ်တော် (AA)၊ပူးပေါင်းမဟာမိတ်တပ်များနှင့် အာဏာသိမ်းစစ်တပ်တို့အကြား တိုက်ပွဲများပြင်းထန်လျက်ရှိကာ အာဏာသိမ်းစစ်တပ်မှအင်အားများကိုဆက်တိုက် ဖြည့်တင်းမှုများရှိနေကြောင်း သိရသည်။

အာဏာသိမ်းစစ်တပ်သည် ဧရာဝတီတိုင်းအတွင်း စစ်မျက်နှာဖွင့်လာသည့်အာရက္ခတပ်တော်နှင့် မဟာမိတ်တပ်များကို ခုခံရန်အတွက် သာပေါင်းမြို့နယ်ရှိ မရမ်းချို၊ ညောင်မှော်သောင်တန်း၊ ရွှေရင်မျှော်ကုန်းနှင့် ဘုရားကြီးစသည့်နေရာများတွင် အင်အားဖြည့်တင်းကာ စစ်ပြင်ဆင်မှုများ ပြုလုပ်နေသော်လည်း စစ်မှုထမ်းတပ်သားသစ်တချို့ မှာ စစ်မတိုက်လိုဘဲ ထွက်ပြေးမှုများရှိနေသဖြင့် အခက်အခဲကြုံနေရသည်ဟု ရေကြည်မြို့နယ် စစ်ရေးရင်းမြစ်များက နိရဉ္စရာကို ဆက်လက် ပြောဆိုသည်။

ရခိုင်ပြည်နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ရခိုင်ရိုးမအစပ်ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်များတွင် တိုက်ပွဲများဆက်တိုက်ဖြစ်ပွားလာနေပြီး အာဏာသိမ်းစစ်တပ်၏မြေပြင်တပ်များကရိုးမတောင်ခြေအားစစ်ရေးမလွမ်းမိုးနိုင်သောကြောင့် လေကြောင်းပစ်ကူပစ်ကူများဖြင့်အပြင်းအထန် ခုခံတိုက်ခိုက်မှုများကို ပြုလုပ်နေရသည်ဟု သိရသည်။  

June 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ မာန်အောင်မြို့တွင် လျှပ်စစ်မီးသည် တစ်နေ့လျှင် ၁...
ဓာတ်ပုံ - လူမှုကွန်ရက်
June 3, 2026
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားသော ပလက်ဝခရိုင်အပါအဝင် ရခိုင်ပြည်အတွင်းရှိမြို့နယ်များတွင်...
June 2, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ရေသန့်စက်ရုံ ၄၆ ရုံရှိသည့်အနက် စံမီသည့်စက်ရုံ ရှစ်ရုံသာရှိသည်ဟု...
June 1, 2026
(အခုလို အောင်မြင်မှုတွေရရှိလာတာဟာ အာရက္ခစစ်သည်တော်တွေရဲ့ စွန့်လွှတ်အနစ်နာခံ ပေးဆပ်...