ရွှေဖီမြေ သတင်းအေဂျင်စီရုံး ဖောက်ထွင်းရှာဖွေခံရ

ရွှေဖီမြေ သတင်းအေဂျင်စီရုံး ဖောက်ထွင်းရှာဖွေခံရ

ရှမ်းမြောက်အခြေစိုက် သတင်းဌာနတစ်ခုဖြစ်သည့် ရွှေဖီမြေ သတင်းအေဂျင်စီရုံးကို ညအချိန် ဖောက်ထွင်းဝင်ရောက် ရှာဖွေခံရသည်ဟု သတင်းဌာနက တာဝန်ရှိသူများက ပြောသည်။

မေလ ၅ ရက်နေ့ ညပိုင်းက ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြိုရှိ ရွှေဖီမြေ သတင်းအေဂျင်စီရုံးကို သော့ဖျက်ကာ ဝင်ရောက်ရှာဖွေခဲ့သည်ဟု ပြောသည်။

ရွှေဖီမြေ သတင်းအေဂျင်စီက အယ်ဒီတာတစ်ဦးက “ဝင်းတံခါးသော့ကို သံဖြတ်စက်လိုဟာမျိုးနဲ့ပဲ သေချာသုံးပြီးတော့ ဖြတ်ပြီးတော့ ဝင်လိုက်တယ်။ နောက် အထဲက ရုံးခန်းကိုခတ်ထားတဲ့ သော့ကိုလည်း အဲ့အတိုင်းပဲ ဖြတ်ပြီးမှဝင်တယ်။ ပြီးရင် ရုံးခန်းထဲရယ် အိပ်ခန်းသုံးခန်းလုံးရယ်ကို အိပ်ယာခင်းတွေ၊ စောင်တွေ၊ အဝတ်အစားထည့်တဲ့ ပုံးတွေ၊ အဝတ်အစားအိတ်တွေ အကုန်လုံး မွှေနှောက်သွားတယ်။ ရုံးမှာ ကျနော်တို့ ရွာတွေဘက်သွားရင် လှူဖို့ရထားတဲ့ စောင်အသစ်တွေပေါ့နော် အဝတ်အစားတွေရယ်၊ Song Box တချို့တွေရယ် အဲ့ဒါတွေ အကုန်လုံးလည်း မွှေထားတယ်။ မွှေပြီးတော့ ဒီတိုင်းပဲ ပစ်ထားခဲ့တာပေါ့။ တွေ့မိသလောက်တော့ ပစ္စည်းယူတာမျိုးတော့ မတွေ့ရဘူး” ဟု ပြောသည်။

ရွှေဖီမြေ သတင်းအေဂျင်စီရုံး၏ ရုံးခြံဝင်းတံခါးနှင့် ရုံးခန်းတံခါးများတွင် သော့များခတ်ထားရာ အဆိုပါသော့များအား သံဖြတ်သည့်စက်ကဲ့သို့အရာဖြင့် ဖြတ်ကာ ဝင်ရောက်ရှာဖွေမွှေနှောက်ခဲ့ခြင်းဖြစ်နိုင်သည်ဟု အဆိုပါအယ်ဒီတာက ပြောသည်။

အနီးပတ်ဝန်းကျင်ကိုမေးမြန်းရာတွင် ယမန်နေ့ ည ၁၀ နာရီ ဝန်းကျင်အထိ ရုံးပတ်ဝန်းကျင်တွင် တစ်စုံတစ်မရာမတွေ့ရကြောင်း၊ ထို့ကြောင့် ယခုဖြစ်စဉ်မှာ ည ၁၀ နောက်ပိုင်းတွင် ဝင်ရောက်ရှာဖွေခံရခြင်းဖြစ်နိုင်သည်ဟု ဆိုသည်။

“ကျနော်တို့လည်း အစောပိုင်းထင်တာ သူခိုးလားပေါ့။ တကယ်လို့ သူခိုးဆိုရင်တော့ အထဲမှာ ရောင်းစားလို့ရတဲ့ စောင်အသစ်တွေရှိတယ်။ နောက် Song Box အသစ် အလုံး ၂၀ ရှိတယ်။ ပန်ကာတို့ တခြားမီးဖိုချောင်သုံးပစ္စည်းတွေ နောက် ဆန်တွေဘာတွေလည်း ရှိတယ်ဆိုတော့ အဲ့ဒါတွေ တစ်ခုမှ မယူသွားဘူးဆိုတော့ သူခိုးတော့ မဖြစ်နိုင်ဘူးလို့ မြင်မိတယ်ပေါ့နော်”

ယခုကဲ့သို့ ရုံးသော့များကိုဖျက်ကာ ဝင်ရောက်မွှေနှောက်ရှာဖွေသွားသည့် မည်သည့်အဖွဲ့အစည်း ပုဂ္ဂိုလ်ဖြစ်စေ ထိုသို့လုပ်ခြင်းအပေါ် ရွှေဖီမြေအနေဖြင့် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချသည်ဟု ပြောသည်။

“ပြီးခဲ့တဲ့ တရားဝင်အစိုးရလက်ထက်ကတည်းက ဒေသအခြေဆိုက် မီဒီယာတစ်ခုဖြစ်တယ်။ လူထုတွေ သိသင့်သိထိုက်တဲ့ သတင်းအချက်အလက်တွေကိုလည်း ဘက်မလိုက်ပဲနဲ့ တိတိကျကျရေးသားပေးနေတဲ့ သတင်းဌာနတစ်ခုဖြစ်တယ်။ ကျနော်တို့ ဘာမှ ရာဇဝတ်မှုကျူးလွန်နေတဲ့  ပြစ်မှုကျူးလွန်နေတဲ့လူတွေ မဟုတ်ဘူး။ အခုလိုမျိုး ကျနော်တို့နေရာကို ဝင်လုပ်တဲ့အပေါ်ကိုတော့ ကျနော်တို့အနေနဲ့ လုံးဝရှုတ်ချတယ်ပေါ့နော်။ ပြီးတော့ နောက်တစ်ခုက ကျနော်တို့က သော့လည်းသေချာခတ်ထားတယ်။ ဖျက်ပြီးတော့ ဝင်တယ်ဆိုတော့ ဒါက သေချာတယ် ကျနော်တို့နေရာမှန်း သိသိကြီးနဲ့ကို တမင်တကာ ကျနော်တို့ကို ဖိနှိပ်တဲ့ပုံစံမျိုး၊ မီဒီယာတွေကို ဖိနှိပ်တဲ့ပုံစံမျိုးလို့ပဲ ကျနော်တို့ မြင်မိတယ်” ဟု ရွှေဖီမြေ အယ်ဒီတာအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ရွှေဖီမြေ သတင်းအေဂျင်စီသည် တရားဝင်အစိုးရလက်ထက် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်က သတင်းမီဒီယာလုပ်ငန်းလုပ်ကိုင်ခွင့် တရားဝင်မှတ်ပုံတင်ရရှိထားသည့် ဒေသအခြေစိုက် သတင်းဌာနတစ်ခုဖြစ်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင်အခြေဆိုက်ပြီး ဒေသအတွင်းက နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးသတင်းများ၊ တိုင်းရင်းများ၏ လူနေမှုနှင့် ယဉ်ကျေးမှုအစီအစဉ်များနှင့် မြန်မာ-တရုတ်နယ်စပ်တစ်လျှောက်က သတင်းများကို ရေးသားတင်ဆက်နေသည့် သတင်းဌာနတစ်ခုဖြစ်သည်။

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...