တစ်လကျော်အတွင်း ကရင်တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၉၄ ဦးကျဆုံး

တစ်လကျော်အတွင်း ကရင်တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၉၄ ဦးကျဆုံး

တစ်လကျော်ကာလအတွင်း ကရင်အမျိုးသားအစည်းအရုံး KNU နှင့် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၉၄ ဦးသေဆုံးပြီး ၂၀၀ ကျော် ဒဏ်ရာရခဲ့သည်ဟု KNU က ထုတ်ပြန်ကြေညာသည်။

မေလ ၅ ရက်နေ့ KNU ပြန်ကြားရေး၏ သတင်းထုတ်ပြန်ချက်ထဲတွင် “၂၀၂၁ ခုနှစ် မတ်လ ၂၇ ရက်နေ့မှ မေလ ၅ ရက်နေ့အထိ KNLA ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နှင့် အကြမ်းဖက်စစ်အုပ်စုတို့အကြား စခန်းသိမ်းတိုက်ပွဲမှအပ ထိပ်တိုက်ရင်ဆိုင်ပစ်ခတ်မှုပေါင်း (၄၀၇) ကြိမ်ဖြစ်ပွားကာ အကြမ်းဖက်စစ်အုပ်စုဖက်မှ ဗိုလ်မှူးကြီး ၁ ဦး၊ ဒု-ဗိုလ်မှူးကြီး ၁ ဦး၊ ဗိုလ်ကြီး ၁ ဦး၊ ဒု-ဗိုလ်ကြီး ၁ ဦး၊ ဗိုလ် ၁ ဦးနှင့် အရာခံဗိုလ် ၁ ဦးအပါအဝင် (၁၉၄) ဦးကျဆုံးပြီး (၂၂၀) ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း သိရှိရပါသည်” ဟု ဖော်ပြထားသည်။

စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် ဒေသခံပြည်သူ ထိခိုက်သေဆုံးမှုများနှင့် ဒဏ်ရာရရှိသူများလည်းရှိသည်ဟု ဆိုသည်။

KNU က “ထိုသို့ အကြမ်းဖက်စစ်အုပ်စုမှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုနှင့် လက်နက်ကြီးများ ရမ်းသမ်းပစ်ချမှုကြောင့် အပြစ်မဲ့ပြည်သူလူထု (၁၄) ဦး ထိမှန်သေဆုံးခဲ့ရပြီး (၂၈) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ရပါသည်” ဟု ထုတ်ပြန်ချက်ထဲတွင် ရေးသားထားသည်။

KNU တပ်မဟာ (၅)၊ တပ်မဟာ (၁)၊ တပ်မဟာ (၃) တို့တွင် တိုက်ပွဲများ ပြင်းထန်စွာ ဆက်လက်ဖြစ်ပွားနေပြီး အခြားသော KNU တပ်မဟာများဖြစ်ကြသည့် တပ်မဟာ (၂)၊ တပ်မဟာ (၄)၊ တပ်မဟာ (၆) နှင့် တပ်မဟာ (၇) တို့တွင်လည်း စစ်ကောင်စီတပ်ဖွဲ့နှင့် တိုက်ပွဲများ ဖြစ်ပွားလျှက်ရှိသည်။

၁ လကျော် တိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်များက ပြည်သူလူထုများနေထိုင်ရာ ရွာအတွင်းသို့သော်လည်းကောင်း၊ အသက်မွေးဝမ်းကြောင်းပြုလုပ်ရာ လယ်ယာမြေများ၊ ဥယျာဉ်ခြံမြေများနှင့် တောင်ယာစိုက်ခင်းများအတွင်းသို့သော်လည်းကောင်း လက်နက်ကြီးများ (၅၇၅) လုံး ပစ်ခဲ့သည့်အပြင် KNU ထိန်းချုပ်ရာ နယ်မြေများအတွင်းသို့ တိုက်လေယာဉ်ဖြင့် (၂၇) ကြိမ် လာရောက်ပစ်ခတ်ခဲ့ပြီး ဗုံးသီး (၄၇) လုံး ကြဲခဲ့သည်ဟု KNU ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် စစ်ကောင်စီတပ်များက ဒေသခံပြည်သူများ၏ ဆန်၊ ဆီး၊ ဆား အစရှိသည့် စားသောက်ကုန်များကို ယူဆောင်သွားခဲ့သည့်အပြင် ပြည်သူများ၏ ငွေကြေးပမာဏ (၅၀၀၀၀၀၀) ငါးသန်းကျော်ကို စစ်ကောင်စီတပ်များက အဓမ္မယူဆောင်သွားသည်ဟု KNU ကဆိုသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်မှ အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်များနှင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များအကြား စစ်ရေးတင်းမာများနှင့်အတူ တိုက်ပွဲများ ဖြစ်ပွားလာခဲ့သည်။

လက်ရှိတွင် ကချင်၊ ကရင်၊ ရှမ်းမြောက်ဒေသများတွင် စစ်ကောင်စီတပ်များနှင့် ဒေသအခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများအကြား တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေသည်။

Most read this week

August 11, 2026
ဧရာဝတီတိုင်းအတွင်း ပြည်သူများ ရေဘေးဒဏ်ကို ဆိုးဝါးစွာ ရင်ဆိုင်နေရချိန်တွင် ရေကြည်နှင့် သာပေါင်း...
August 11, 2026
ကချင်ပြည်၊ တနိုင်းမြို့နယ်ရှိ မင်းဇေသန့် ပြည်သူ့စစ်သင်တန်းကွင်း တိုက်ခိုက်ခံရပြီးနောက်...
August 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့တွင်း၌ စစ်တပ်က ရေရှည်မြို့စောင့် ခံစစ်အတွက် ပြင်ဆင်လျက်ရှိပြီး...
August 10, 2026
မကွေးတိုင်း ငဖဲမြို့နယ် နတ်ရေကန်နှင့် ရခိုင်ပြည် နယ်စပ်တွင် တိုက်ပွဲများ ပြင်းထန်လျက်ရှိပြီး...