မွန်ပြည်နယ် မော်လမြိုင်မြို့တွင် မေလ ၄ ရက်နေ့ နံနက်ပိုင်းက ပေါက်ကွဲမှု နှစ်ကြိမ်ဆက်တိုက်ဖြစ်ပွားခဲ့ပြီး တစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု မြို့ခံတို့က ပြောသည်။
ယနေ့နံနက် ၄ နာရီဝန်းကျင်ခန့်က မော်လမြိုင် ပညာရေးကောလိပ်ကျောင်းရှေ့ ဆိုင်းဘုတ်အနီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ကျောင်းညကင်းစောင့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
မော်လမြိုင်မြို့ခံတစ်ဦးကတော့ ဗုံးပေါက်ကွဲခြင်းဖြစ်သည်ဟု ပြောသည်။
“နံနက်ပိုင်းမှာ ပေါက်ကွဲသံတော့ ကြားလိုက်တယ် ဘာမှန်းတော့မသိဘူး မိုးလင်းလာတော့မှ ပညာရေးကောလိပ်ရှေ့မှာ ဗုံးပေါက်တယ်ဆိုတာ သိလိုက်တယ်၊ မော်လမြိုင်မှာ ပြီးခဲ့တဲ့လကလည်း ပေါက်ကွဲမှုဖြစ်တာ ဗုံးတွေ့တာတွေရှိခဲ့တယ် ဘာတွေလဲတော့ မသိဘူး” ဟု ၎င်းကပြောသည်။
ထို့အပြင် နံနက် ၅ နာရီဝန်းကျင်ခန့်မှာလည်း မီးလောင်သွားခဲ့သည့် ရွှေမြိုင်သီရိအုပ်ချုပ်ရေးမှူးရုံးအနီး အသစ်ဖွင့်လှစ်ထားသည့် ရုံးနေရာတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်း ရပ်ကွက်နေပြည်သူများက ပြောသည်။
ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်နေရာတွင် အာဏာသိမ်းစစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က လုံခြုံရေးတင်းကြပ်ထားပြီး ရှာဖွေစစ်ဆေးမှုများ လုပ်ဆောင်နေသည်ဟုလည်း ဒေသခံများက ပြောသည်။
ယနေ့နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုများကြောင့် မြို့ပေါ်ရပ်ကွက်အများစုတို့တွင်လည်း သွားလာနေသူတို့အား စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု မြို့ခံများက ပြောသည်။
“ဒီမနက်မှာ နေရာတော်တော်များများမှာ စစ်သားတွေ ရဲတွေက စောင့်နေကြပြီးတော့ သွားလာနေတဲ့လူတွေကို စစ်ဆေးနေတာ ဆိုင်ကယ် ကားအကုန်စစ်တယ်” ဟု အမည်မဖော်လိုသူ မော်လမြိုင်မြို့ခံ လူငယ်တစ်ဦးက ပြောသည်။
မော်လမြိုင်တွင် ဧပြီလကတည်းက ဗုံးဟုယူဆရသည့် ပေါက်ကွဲမှုဖြစ်စဉ်များ ဖြစ်ပွားခဲ့သည့်အပြင် ဗုံးတွေ့ရှိမှုများလည်း ဆက်တိုက်ဖြစ်ပေါ်ခဲ့သည်။
ထိုကဲ့သို့ ပေါက်ကွဲမှု ဗုံးတွေ့ရှိမှုများ ဖြစ်ပေါ်လာပြီးနောက်ပိုင်း မြို့ပေါ်နေရာအနှံ့နှင့် မြို့အဝင်အထွက် နေရာ များတွင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ဆေးမှုများ ပိုမိုတင်းကြပ်ထားသည်။
မြို့လုံခြုံရေးအတွက်ဟုဆိုကာ အာဏာသိမ်းစစ်ကောင်က မြို့တွင်းရှိ နေရာအနှံ့အား စစ်ဆေးမှုများ ပိုမိုတင်းကြပ်ထားသည့်အပြင် မြို့တစ်ခုလုံးကိုလည်း CCTV များတပ်ဆင်ရန် စစ်ကောင်စီက စီစဉ်နေသည်ဟု သိရသည်။







