ဖက်ဒရယ် ဖွဲ့စည်းပုံအခြေခံဥပဒေလိုအပ်ကြောင်း ပညာရှင်အချို့ပြော

ဖက်ဒရယ် ဖွဲ့စည်းပုံအခြေခံဥပဒေလိုအပ်ကြောင်း ပညာရှင်အချို့ပြော

ဖက်ဒရယ်ပြည်ထောင်စုနှင့် ဖက်ဒရယ်တပ်မတော်ကို ဖွဲ့စည်းတည်ဆောက်ရန် ဖက်ဒရယ် ဖွဲ့စည်းပုံအခြေခံဥပဒေရှိရမည်ဟု တိုင်းရင်းသားခေါင်းဆောင်အချို့နှင့် ပညာရှင်အချို့က ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ကရင်အမျိုးသားအစည်းအရုံး KNU/KNLA တပ်မဟာ ၅ ပြောရေးဆိုခွင့်ရှိသူ ပဒိုမန်းမန်းက ယခုကဲ့သို့ပြောသည်။

“ဖက်ဒရယ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်လာပြီးဆိုရင် ကျနော်တို့ အဲဒီမှာတော့ ပြီးပြည့်စုံတဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီးကိုတော့ ကျနော်တို့ သွားလို့ရပြီထင်ပါတယ်။ ဖက်ဒရယ်တပ်မတော်နဲ့ ပတ်သက်ရင်တော့လည်း စောစောက ကျနော်ပြောတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ်မှာပဲ မူတည်တယ်။ ဖက်ဒရယ် ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်လာပြီဆို ဖက်ဒရယ်တပ်မတော် Institution က အဲဒီ ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ အညီ ဖွဲ့စည်းတည်ဆောက်သွားရမှာဖြစ်တယ်”

ထို့အပြင် လူ့အခွင့်အရေးရှေ့နေ ဦးအောင်ထူးကလည်း “အားလုံးသိတဲ့အတိုင်းပဲ CDM လှုပ်ရှားမှုကြီးက မြန်မာစစ်တပ်ရဲ့ စစ်ကောင်စီရဲ့ အကြမ်းဖက်ဖြိုခွင်းမှုကို တောက်လျှောက်ခံလာရပြီ ဥပမာဆိုကြပါစို့ စစ်ကိုင်းတိုင်း ကလေး ဂန့်ဂေါ အဲဒီ ပင်လယ်ဘူးမြို့ဖက်မှာဆိုရင် လက်နက်ကိုင် ခုခံတော်လှန်တဲ့အဆင့်ကို ရောက်နေကြပြီ အဲလိုဖြစ်တဲ့အခါကျတော့ ဒါတွေအားလုံးကို လွှမ်းခြုံနိုင်ဖို့ရန်အတွက်က လူထုကလည်း တောင်းဆို ထားတာရှိတယ်။ ခုခံစစ်ဆင်နွှဲနေကြတဲ့ အဖွဲ့တွေကလည်း အရင်က မျှော်မှန်းထားတာရှိတယ်။ ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်တစ်ရပ် ပေါ်လာရေးက အဓိကလမ်းကြောင်းဖြစ်တယ်” ဟု ပြောသည်။

လက်ရှိ မြန်မာနိုင်ငံ၏ အနေအထားများအရ ဖက်ဒရယ် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းနှင့် ကြားကာလ ဖွဲ့စည်းပုံအခြေခံမူကြမ်းရှိဖို့ အရေးတကြီးလိုအပ်နေပြီး အမြန်ဆုံးအတည်ပြုကြေညာဖို့လည်း ဦးအောင်ထူးက တိုက်တွန်းထားသည်။

“သို့သော် အဲလိုပေါ်လာနိုင်ဖို့ကျတော့ နောက်ခံက ဖွဲ့စည်းပုံအခြေခံဥပဒေရှိဖို့လိုတယ်။ အဲတော့ ဖက်ဒရယ် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို ယာယီအတည်ပြုနိုင်ဖို့ လိုတယ်။ နောက်ပြီးတော့ ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်တလောမှာ အတည်ပြုဖို့ ဒီနောက်ခံကနေပြီးတော့မှ ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်ကို ဖွဲ့စည်းနိုင်မှာဖြစ်ပါတယ်”

ဖက်ဒရယ် ဖွဲ့စည်းပုံအခြေခံဥပဒေကို အခြေခံ၍ ဖက်ဒရယ်ပြည်ထောင်စုနှင့် ဖက်ဒရယ်တပ်မတော်ကို ဖွဲ့စည်းတည်ဆောက်ရမည်ဖြစ်သည့်အတွက် ဖက်ဒရယ် ဖွဲ့စည်းပုံအခြေခံဥပဒေ အရင်ပေါ်ပေါက်အောင် လုပ်ဆောင်ရမည်ဟု ပဒိုမန်းမန်းက ပြောသည်။

ထို့ကြောင့် လက်ရှိဖွဲ့စည်းထားသည့် ကြားကာလ အမျိုးသားညီညွှတ်ရေးအစိုးရအနေဖြင့် ဖက်ဒရယ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲနိုင်အောင် ဦးစွာလုပ်ဆောင်ရမည်ဟု KNU/KNLA တပ်မဟာ ၅ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

ပဒိုမန်းမန်းက “လိုချင်တာက အမျိုးသားညီညွှတ်ရေးအစိုးရရော နောက် ကျနော်တို့ NUCC ကရောပေါ့နော်။ ဖက်ဒရယ် ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်လာဖို့အတွက်က ပထမဦးဆုံး လုပ်ရမှာဖြစ်တယ်။ ဒီဖက်ဒရယ် ဖွဲ့စည်းပုံအခြေခံဥပဒေ မပေါ်ခင်ကာလမှာကတော့ အမျိုးသားညီညွှတ်ရေး အစိုးရ NUG အနေနဲ့ကတော့ ကြားကာလအစိုးရအနေနဲ့ပဲ ပြောရမှာဖြစ်ပါတယ်။ အုပ်ချုပ်ရေးကို အဲလိုမျိုး ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ အဓိက, ကတော့ ဒီ ဖက်ဒရယ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်လာဖို့ပဲဖြစ်ပါတယ်” ဟု ပြောသည်။

ရွေးကောက်ပွဲတွင် အနိုင်ရထားသည့် NLD ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသော ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH က စစ်တပ်ကရေးဆွဲထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖျက်သိမ်းကြောင်း ပြီးခဲ့သည့် မတ်လ ၃၁ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။

ထို့အတူ ဖက်ဒရယ် ဒီမိုကရေစီပဋိညာဉ် ကြောညာစာတမ်းတစ်စောင်ကိုလည်း ထိုနေ့တွင်ပင် ထုတ်ပြန်ကြေညာခဲ့သည်။

ထိုကြေညာချက်များ ထုတ်ပြန်ပြီးနောက် CRPH မှ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်မည့်ရည်ရွယ်ချက်ဖြင့် ကြားကာလ အမျိုးသားညီညွှတ်ရေးအစိုးရ ဖွဲ့စည်းကြောင်း ဧပြီ ၁၆ ရက်နေ့တွင် ထပ်မံ ထုတ်ပြန်ကြေညာခဲ့သည်။

ထိုအစိုးရအဖွဲ့ထဲတွင် တိုင်းရင်းသားလူမျိုး အတော်များများပါဝင်လာသည်ကို တွေ့ရသည်။

ထို့ကြောင့် ဖက်ဒရယ်ပြည်ထောင်စုနှင့် ဖက်ဒရယ်တပ်မတော် ဖွဲ့စည်းတည်ဆောက်ရန်အတွက် လက်ရှိတွင် ဖက်ဒရယ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲရန်လိုအပ်နေပြီး သက်ဆိုင်ရာ အစုအဖွဲ့အားလုံးနှင့် ကြားကာလ အမျိုးသားညီညွှတ်ရေးအစိုးရ NUG တို့ ပူးပေါင်းလုပ်ဆောင်မည်ဆိုပါက အောင်မြင်နိုင်သည်ဟု ပဒိုမန်းမန်းက ပြောသည်။

“ဖက်ဒရယ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်လာနိုင်ဖို့အတွက်က စောစောက ကျနော်ပြောတဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေရော နောက် ကျနော်တို့ ဒီတိုင်းရင်းသား နိုင်ငံရေးပါတီတွေရော လက်ရှိဦးဆောင်နေတဲ့ NUG လို့ခေါ်တဲ့ အမျိုးသားညီညွှတ်ရေးအစိုးရတွေရော နောက် ကျနော်တို့ အဲဒါအပြင်မှာ ကျနော်တို့ NUCC လို့ခေါ်တဲ့ အစုအဖွဲ့တွေကနေပြီးတော့မှ ကျနော်တို့ ဝိုင်းပြီးတော့မှ ဖော်ဆောင် သွားမယ်ဆိုရင်တော့ ကျနော်တို့ ရောက်သွားနိုင်မှာဖြစ်ပါတယ်။ အောင်မြင်မှာဖြစ်ပါတယ်” ဟု ပဒိုမန်းမန်းက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်တပ်မှ မတရားအာဏာသိမ်းယူပြီးနောက် စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ပွဲများမှာ နိုင်ငံတဝန်းတွင် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားလာခဲ့သည့်နည်းတူ တိုင်းရင်းသားဒေသများတွင်လည်း စစ်ရေးတင်းမာမှုများနှင့် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလာခဲ့သည်။

လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံ၏ နိုင်ငံရေးအခြေအနေများအောက်တွင် ကြားကာလ အမျိုးသားညီညွှတ်ရေးအစိုးရအနေဖြင့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ၊ တိုင်းရင်းသားပါတီများ၊ တက်ကြွလှုပ်ရှားသူများ၊ လူ့အခွင့်အရေးလှုပ်ရှားသူများ၊ သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှ တတ်သိပညာရှင်များနှင့် ပူးပေါင်းကာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်အောင်နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်သည်အထိ ကြိုးစားလုပ်ဆောင်သွားမည်ဟု ပြောဆိုထားသည်။

May 4, 2026
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) နယ်မြေ၊ ဘုရားသုံးဆူမြို့အနီးရှိ မက္ကသာသတ္တုခဲမိုင်း...
May 1, 2026
တနင်္သာရီတွင် ရဟတ်ယာဉ်ကွင်းဆောက်ရန် ရွာသား ၁၅ ဦးပိုင် မြေနှင့်အိမ်များကို စစ်တပ်က...
April 30, 2026
စက်သုံးဆီရှားပါးမှုကြောင့် တနင်္သာရီတိုင်း အတွင်း ကမ်းနီး ငါးဖမ်းလုပ်ငန်းများ ရပ်နားရမည့်...
April 29, 2026
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည် အစပ်ရှိ မြို့နယ်များတွင် စစ်တပ်က စစ်ဆင်ရေးများ အတွက် လူအင်အား...